• Today is: Friday, March 29, 2024

အတူယှဉ်တွဲနေထိုင်ခြင်း (Accommodation)

အတူယှဉ်တွဲနေထိုင်ခြင်း (Accommodation)

သူငယ်ချင်းတွေစုံစုံလင်လင်နဲ့ လေ့လာရေးခရီးထွက်ရတဲ့ အရသာက သိပ်ပျော်ဖို့ကောင်းတယ်မဟုတ်လား။ ဒီနေ့ကတော့ ဉာဏ်ကျယ်လေးဖော်တို့အတန်းက ဘားအံ-မော်လမြိုင် လေ့လာရေးခရီးထွက်ကြတယ်။ နေရာဒေသအသစ်ကို သွားလည်ပြီးလေ့လာရမှာဆိုတော့ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြတာပေါ့။

ခရီးတစ်လျှောက်လမ်း ဘေးဝဲယာလျှောက်ကြည့်ကြရင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်တွေ ရောက်လာတော့ နော်နော်က ဆိုင်းဘုတ်တွေဖတ်ရင်း တစ်ခုထူးခြားတာတွေ့တယ်။ သူတို့လာခဲ့တဲ့မြို့မှာလို ဆိုင်းဘုတ်တွေက အင်္ဂလိပ်-မြန်မာနှစ်ဘာသာတို့၊  မြန်မာလို တစ်ဘာသာတည်းတို့ မဟုတ်တော့ဘဲ ဒေသတိုင်းရင်းသားဘာသာစကားတွေပါ ထည့်ရေးထားတာကို တွေ့သွားတယ်။

အဲ့ဒီမှာ ဒေသန္တရဗဟုသုတကြွယ်ဝတဲ့ ရှန်က ဒီဒေသတွေဟာ တိုင်းရင်းသား ဘာသာစကားပြောတဲ့သူတွေ နေကြတာမို့ အဲ့ဒီဘာသာစကားတွေကို လေးစားထိန်းသိမ်းတဲ့အနေနဲ့ အခုလို ဘာသာစကားအမျိုးမျိုးနဲ့ ရေးထားတာဖြစ်တဲ့အကြောင်း ကျန်တဲ့သူတွေကို ပြောပြတယ်။

ရှန်ပြောပြလိုက်တော့မှ နော်နော်တို့လည်း စုံလင်ကွဲပြားမှုကို လေးစားအသိအမှတ်ပြုပြီး အကာအကွယ်ပေးတဲ့ နည်းတစ်နည်းဖြစ်တဲ့ “အတူယှဉ်တွဲနေထိုင်ခြင်း” အကြောင်းကို သိသွားတော့တယ်။ 

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဧပြီ ၁၊ ၂၀၂၂