• Today is: Tuesday, April 16, 2024

အပြန်အလှန် စစ်မျက်နှာဖွင့်လာရ၍ ထိခိုက်ကျရှုံးမှုအရေအတွက် တိုးလာရတယ်သလို၊ NUG အနေနဲ့ လက်တွေ့ကျတဲ့ စစ်ရေးမဟာဗျူဟာတွေ အမြန်ချဖို့လိုတယ်လို့ ကရင်နီလူငယ် တော်လှန်ရေး ခေါင်းဆောင် များပြော

ဓါတ်ပုံ – KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်

ဧပြီ ၁၆၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

ဧပြီလဒုတိယအပတ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်တို့တွင်  စစ်ကောင်စီ တပ်ဘက်က  အရှိန်မြင့်ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KNDF ဘက်က သတင်းထုတ်ပြန်ထားသည်။

မြို့နယ်အသီးသီးမှ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့သလို ကရင်နီပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် (၁၀) ဦးကျဆုံးခဲ့ကာ ထိခိုက်မှုများရှိခဲ့တယ်လို့ KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်က ဖက်ဒရယ်ဂျာသို့ပြောသည်။

၎င်းက “တကယ်တမ်းတော့ ဧပြီလရဲ့ ပထမ တိုက်ပွဲစဖြစ်ကတည်းက ကရင်နီပူးပေါင်းတပ်တွေဘက်က ၈ ဦးလောက်ကျသာပေါ့၊ နောက် ဒုတိယ၊ တတိယရက်လောက်မှာမှ စစ်ကောင်စီတပ်ဖွဲ့တွေ တရက်ကို ၁၀ ဦး၊ ၂၀ ဦး အဲလိုကျသာကြောင့် ၅၀ ဝန်းကျင်ရောက်လာသာပေါ့ ကရင်နီပူးပေါင်းတပ်တွေဘက်က ကျသွားတာက စစ်ကောင်စီ ခံတပ်ဘက်ကို သွားပြီး အပြန်အလှန် တိုက်စစ်ဆင် စစ်မျက်နှာဖွင့် တိုက်ခိုက်လာရသာကြောင့် ဖြစ်တယ်။ အဲဒီ စစ်ဆင်ရေးမှာ မှာ ၈၀ ရာခိုင်နှုန်းလောက်ကတော့ လက်နက်ကြီး ၈၀ မမ တို့ထိသွားတယ်လို့ ပြောလို့ရတယ်၊ ၂၀ ရာခိုင်နှုန်းကတော့ လက်နက်ငယ်ပေါ့ လေကြောင်းတိုက်ခိုက်မှုဆက်ရှိနေပေမယ့် ကျရှုံးမှုတော့ မရှိတော့ဘူးပေါ့” ဟု ပြောသည်။

ကရင်နီပြည် ဒေသများသို့ စစ်ကောင်စီတပ်၏ အင်အားကြီးမားသော ထိုးစစ်များဖြစ် တိုက်ခိုက်လာမှုက အရှိန်မြှင့်နေဆဲဖြစ်သည်။ ယင်းသို့ ကြီးမားသည့် ထိုးစစ်ဆင် တိုက်ခိုက်မှု များလာသာကြောင့် အရပ်သား ပြည်သူများ ထိခိုက်မှု ကလည်း ပို၍တိုးလာနေသည်။ NUG အနေဖြင့်လည်း ကရင်နီဒေသတွင် စစ်ကောင်စီ၏ ကြီးမားသည့် ထိုးစစ်များ လျော့ချနိုင်ရန် တခြားဒေသများတွင် စစ်မျက်နှာဖွင့် ပေးဖို့ လိုအပ်ကြောင်း KNDF တပ်ဖွဲ့ဝင်များ အပါအဝင် ကရင်နီလူများက လိုလားနေကြသည်။

“NUG အနေနဲ့ နိုင်ငံရေးအရသာ ဦးဆောင်မှုသာလုပ်နိုင်ပြီး စစ်ရေးအရမှာတော့ စကစကိုထိရောက်တဲ့ ဖိအားပေးမှုတွေမရှိဘူးလို့မြင်တယ်။ ဒီတော်လှန်ရေးက တနိုင်ငံလုံး အသွင်သဏ္ဍာန်ဆောင်တဲ့ တိုက်ပွဲဖြစ်တဲ့ အတွက် NUGအနေနဲ့ စစ်ရေးမှာ လက်တွေ့ကျတဲ့ စစ်ရေးမဟာဗျူဟာတွေ၊ နည်းပရိယာယ်တွေ၊ ညီညွတ်မှု တွေကို တနိုင်ငံလုံးဟန်ချက်ညီညီ လုပ်နိုင်ဖို့လိုအပ်ပါတယ်။ အဲလိုမှမဟုတ်ရင် တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာဘဲ စစ်ပွဲတွေကကြာနေရင် ရေရှည်စစ်အတွက် ဒီတော်လှန်ရေးအတွက် ပြသာနာတခုဖြစ်လာနိုင်ပါတယ်။ တနိုင်ငံလုံး စစ်ရေးဟန်ချက်မညီရင် တော်လှန်ရေးက အကွဲအပြဲတွေ များလာနိုင်ပါတယ်။ NUG အနေနဲ့ စစ်ရေးအရ တနိုင်ငံလုံးဦးဆောင်​ပြီး ပီပြင်တဲ့ စစ်ရေးတပ်ဦးတခု ဖြစ်လာဖို့အမြန်လှုပ်ရှားဖို့လိုပါတယ်” ဟု PKPF ဦးဆောင်ကော်မတီဝင် တဦးကလည်း ဖက်ဒရယ်ဂျာနယ်သို့ အခုလို ပြောသည်။

ဧပြီလ ရက်သတ္တပတ်အတွင်း ကရင်နီပြည်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုအတွင်း အရပ်သားပြည်သူများကိုသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ ဖျက်ဆီး ခြင်းနှင့် လက်နက် ကြီးများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကျေးရွာ များအတွင်း မြေမြုပ်မိုင်း များ ထောင်ခြင်း များပြုလုပ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားသည်။

ဧပြီလ (၁၂) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၀) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဧပြီလာ ဒုတိယပတ် တိုက်ပွဲအတွင်း ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီ၏ရိက္ခာပို့ယာဥ်တန်း အားတိုက်ခိုက်မှု အတွင်း၊ စစ်သုံးယာဥ်(၁)စင်းနှင့် ထိုးစစ်ဆင်လမ်းကြောင်းဖောက်ရန်အတွက် အသုံးပြုသော မြေတူးစက် (၁)တစ်စင်း မီးလောင်ပျက်စီးခဲ့သလို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်း ရကြောင်း ထုတ်ပြန်ထားသည်။