• Today is: Monday, May 20, 2024

မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန်

▄ မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန်

▄ (The Rise and Fall of Tatmadaw)

မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ် ဖြစ်ရပ်တွေကို ကျနော် မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော် လုပ်ခဲ့ပါ တယ်။ အောက်ခြေက အဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကို မပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်း မပြတ်ကြည့်နေဆဲဖြစ်ပါ တယ်။

▄ ဗမာအမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒကို ဗဟိုပြုပြီး ဆွဲစုထားတဲ့ မြန်မာစစ်တပ်အတွင်းမှာ တကယ် စစ်မှန်တဲ့ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒ ခိုင်မာကျစ်လစ်သလားဆိုတာကိုလည်း စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်လောက်ကတည်းက ကျနော် စဉ်ဆက်မပြတ် လေ့လာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်တော့လည်း၊ တပ်အင်စတီကျူးရှင်းရဲ့ သဘော အနက်ကို ဖော့မတွေးခဲ့သူတစ်ယောက်အနေနဲ့၊ “တို့တတွေ တော်ရုံနဲ့တော့ မရဘူးနော်” ဆိုတဲ့ သတိပေးမှုမျိုးနဲ့ နိုင်ငံရေးဆောင်းပါးတွေမှာ တွန်းတွန်းတိုက်တိုက် သတိပေးရေးသားခဲ့ပါတယ်။ တခါတရံ အားလုံး လျော့တွက်မိ မစိုးလို့… စိုးရိမ်ချက်နဲ့ ရေးသားတာကြောင့်လည်း၊ လူတချို့က အထင်အမြင် လွဲတာတွေ ကြုံခဲ့ရပါတယ်။ ဒါက ကိစ္စ မရှိပါ။ နားလည်ပြီးသား ကိစ္စဖြစ်သလို၊ ကြုံတွေ့နေကျ ဖြစ်လို့ မမှုခဲ့ပါ။

▄ တဖြည်းဖြည်း လက်ဝါးကြီးအုပ်

လူမျိုးစုအသီးသီးနဲ့ စတင်စုဖွဲ့ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပါလီမန်ဒီမိုကရေစီခေတ်ဦးကာလမှာတင် တတိတိနဲ့ သင်းကွဲသလို ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေရဲ့ ကေဒါမွေးတဲ့ လုပ်ရပ်တွေကြောင့်၊ တပ်ရင်း အလိုက် တောခိုတာတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာစစ်တပ်ဟာ သမိုင်းသင်ခန်းစာကို ကောင်းကောင်း ယူပြီး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် တွေမှာ၊ တပ်တွင်း မှာ ဘာသာခြားတွေကို တဖြည်းဖြည်း ကန့်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ကနေ စတင်ပြီးတော့ လူမျိုးစုတွေကို တဖြည်းဖြည်း ဖယ်လာတာတွေ့ရပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပြီး အညာဗမာတောသားတွေချည်းပဲ…. အုပ်စီးမိတဲ့ မြန်မာစစ်တပ်ဖြစ်လာပါတယ်။

ဗိုလ်ချုပ်မှူး ကြီးသန်းရွှေခေတ်မှာ၊ ထိပ်ပိုင်းစစ်ဗိုလ်အုပ်စုက တစ်ဦးတည်း လက်ဝါးကြီးအုပ်တာမျိုး မလုပ်ဘဲ၊ “ဝေစားမျှစား” လုပ်ခဲ့လို့ စစ်အစိုးရဟာ အာဏာသက်ကို ဆန့်နိုင်ခဲ့တယ် လို့ ပြောရမယ်။ အချင်းချင်း မျှဝေစားပြီး ဝိုင်းကြီးချုပ်နဲ့ တုပ်နှောင်ထားတဲ့ ပုံစံက၊ တပ်တွင်းပြိုကွဲမှုကိုလည်း ထိန်း ထားနိုင်သလို၊ ပြင်ပအုပ်စုကိုလည်း စုစုစည်းစည်း ခုခံနိုင်တယ်ဆိုတဲ့ ရလဒ်ကို ပေးပါတယ်။ တစ်ဖက်မှာလည်း တပ်အသိုင်းအဝိုင်းထဲ ဝင်လာသူကို နေပျော်အောင် လုပ်ပေးသလို ဖြစ်တော့၊ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကို တဖြည်းဖြည်း ချဲ့ထွင်လာနိုင်တဲ့ သဘောရှိတာကို လည်း တွေ့ရတယ်။ ထားတော့။

▄ စစ်တပ်အတွက် ဂယ်ပေါက်

ဒီလိုနဲ့ တစ်ဖက်မှာလည်း အသက်ရှုပေါက်ချောင်အောင် နိုင်ငံရေးအရ ဖြေလျော့ရေးလုပ်ပြီး မြန်မာစစ်တပ်က သူရဲ့ ဂယ်ပေါက်ကို ဖန်တီးနိုင်ခဲ့တယ်။ ခေတ်မီတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ စကားဟာ ပြည်မက ဗမာ/မြန်မာ လူထုကို တစ်စုံတစ်ရာအထိတော့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယုတ်စွအဆုံး စစ် အာဏာရှင်ဆန့်ကျင်ရေးကို နှစ်ပေါင်းများစွာ ထောင်ကျတန်းကျခံပြီး လုပ်လာခဲ့တဲ့ ဒီမိုကရေစီအတိုက်အခံအုပ်စု ကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း “စစ်အာဏာသိမ်းရင် ငါတို့ ထိန်းနိုင်ပါတယ်” လို့ ခပ်ပေါ့ပေါ့ စဉ်းစားပြီး မျက်ကန်းတစ္ဆေမကြောက်၊ ဆင်ကန်းတောတိုး လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အမှားပေါ် အမှား ဆင့်ပြီး မြန်မာစစ်တပ်အတွက် တဖြည်းဖြည်း ဘေးထွက်ဆိုးကျိုးများလာပါတယ်။

▄ အရှုံးပေါ် အရှုံးဆင့်လာခဲ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအရ စပြီး အရှုံးပြလာတယ်။ နောက် ဖိနှိပ်ဖြိုခွင်းမှု တွေကို အကန့်အသတ်နဲ့ ချင့်ချင့်ချိန်ချိန် မလုပ်ဘဲ ဇွတ်တိုးတော့ လက်နက်ကိုင်လမ်းစဉ် ထိပ်တက်လာတယ်။ ဗမာပြည်မက အုံလိုက်ကျင်းလိုင်း လက်နက်ကိုင်တော်လှန်ရေးကို စတင်လာတဲ့အခါမှာ၊ မြန်မာစစ်တပ်ဟာ အုပ်ချုပ်ရေးအရ ထပ်ပြီး အရှုံးပေါ်ပြန်တယ်။ လူထုတိုက်ပွဲတွေမှာ အကြမ်းမဖက်တဲ့ သပိတ်တိုက်ပွဲတွေ၊ သပိတ် မှောက်တာတွေ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ကြီးကြီးမားမား ပေါ်လာတော့လည်း၊ မြန်မာစစ်တပ်ဟာ စီးပွားရေးအရ ထပ်ရှုံးပြန်တယ်။ ဒီတော့ အရှုံးပေါ် အရှုံးဆင့်လာတယ်။

နိုင်ငံတကာရေးရာမှာလည်း စစ်ရေးအရ ရုရှားနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ တရုတ်သာ ထောက်ခံရင် မြန်မာစစ်တပ်ဟာ ဘယ်တော့မှ မပြိုလဲနိုင်ဘူးလို့ နလပိန်းတုံး အတွေးအခေါ်နဲ့ နိုင်ငံတကာနိုင်ငံရေးကို တိုးဝင်တဲ့အခါမှာလည်း ထပ်ပြီး အရှုံးပြပြန်တယ်။ နိုင်ငံ တကာနိုင်ငံရေးမှာ ဘယ်သူမှ သစ္စာ မရှိဘူး၊ အားလုံးဟာ အကျိုးစီးပွားနဲ့ကစားနေကြတယ်ဆိုတာကို မြန်မာစစ် ခေါင်းဆောင်တွေ သိကောင်း သိပေမယ့်၊ တကယ်နားမလည်ဘူး။

▄ လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကြုံ

စစ်အာဏာသိမ်းပြီး လက်နက်ကိုင်လမ်းစဉ် နိဒါန်းပိုင်းရောက်လာတဲ့အခါမှာ၊ လူမျိုးစုနယ်ပယ်အသီးသီးကလည်း သူတို့ အမျိုးသားရေးလွတ်မြောက်မှုအတွက် အသီးသီး စစ်ပူပေးတာတွေ ရှိလာတယ်။ တဖြည်းဖြည်းနဲ့ ဗမာ တော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အစေးကပ်လာတယ်။ ဒါဟာ မြန်မာစစ်တပ် အတွက် ကြီးကျယ်သော ရိုက်ခတ်ချက်ပဲ ဖြစ်တယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ဗမာတော်လှန်ရေးအင်အား စုတွေအကြား ပူးကပ်မှုတွေ ထဲထဲဝင်ဝင် မဖြစ်အောင် မြန်မာစစ်တပ်က ကြိုးစားပေမယ့် မအောင်မြင်ဘူး။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာကို စစ်ဗျူဟာတစ်ခုလို ကစားတတ်တဲ့ မြန်မာစစ်တပ်ရဲ့ စောက်ကျင့်ကို လူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးက သိတယ်။ သို့သော်လည်း မြန်မာစစ်တပ်နဲ့ ပလဲပနံသင့်ပြီး ပေါင်းစားတဲ့ ပြည်သူ့စစ်အုပ်စုနဲ့ BGF အုပ်စုကတော့ အကျိုးစီးပွားအထိုင်ပေါ်မှာပဲ ဆက်ကစားတယ်။

လူမျိုးစုလက်နက်ကိုင် အဖွဲ့ အားလုံးလိုလိုဟာ ဗမာတော်လှန်ရေးအင်အားစုတွေရဲ့ နွေဦးတော်လှန်ရေးဆိုတာကို ကာယကံမြောက် မကူညီစေအုံးတော့…. မူအားဖြင့် ထောက်ခံတယ်ဆိုတာကို ပြသလာကြတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်ပြီး ကာလနောက်ပိုင်းမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ဗမာတော်လှန်ရေးတပ်သားတွေ တဖြည်း ဖြည်း ပေါင်းစည်းမှု အားကြီးလာတာကို တွေ့ရတယ်။

▄ လှေကြီးထိုးရိုးရိုး

မြန်မာစစ်တပ်ဟာ ခေတ်တွေ ပြောင်းလာပေမယ့် သူ့ရဲ့ ရှေးနည်းဟောင်းဖြစ်တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကိုပဲ ဆက်လက်သုံးစွဲတယ်။ မြန်မာစစ်တပ်ရဲ့ အစဉ်အလာအတိုင်းလုပ်ခဲ့တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကပဲ၊ မြန်မာစစ်တပ် ကို ရန်သူတွေ ပွားသထက် ပွားအောင်၊ တိုးသထက် တိုးအောင် လုပ်နေသလို ဖြစ်ခဲ့တယ်။ အထူးသဖြင့် သတင်း အချက်အလက် နည်းပညာ အပြန့်ကျယ်တဲ့ခေတ်မှာ၊ မြန်မာစစ်တပ် လုပ်တဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်တဲ့ ဗျူဟာဟာ – မြန်မာစစ်တပ်အဖို့ ရန်သူတွေ မွေးနေသလိုသာ ဖြစ်ခဲ့တယ်။

မြန်မာစစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကြည့်ရင် – အကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ အကြောက် တရားသွင်းပေးတာ၊ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မီးရှို့တာ၊ ချိပ်ပိတ်တာ၊ ဖမ်းဆီးတာ…. စတဲ့နည်းက လွဲလို့ သီးခြားနည်းနာတွေ သုံးစွဲတာ မတွေ့ရဘူး။ ဒီလိုတွေ လုပ်ရင် ကြောက်ပြီး ငြိမ်မယ်လို့ ထင်ထားတဲ့ အစွဲကို အခုထိ မြန်မာစစ်တပ်ဟာ မဖျောက်နိုင်တာကို တွေ့ရတယ်။ သတ်ပြလိုက်မယ်၊ ညှင်းဆဲပြလိုက်မယ် ဒါဆိုရင် ငြိမ်မယ် လို့ ထင်နေတယ်။ ဆွေမျိုးနီးစပ်တွေကို အသိုင်းအဝိုင်းနဲ့ ဖိအားပေးရင် ဖြစ်မယ်လို့ ထင်ပြီး ဒါကို ဆက်လုပ်တယ်။

▄ သိမ်ငယ်စိတ်ဝင်လာတဲ့ စစ်ဗိုလ်တွေ

လူထုဟာ မြန်မာစစ်တပ်ကို ရန်သူလို့ မြင်လာတယ်။ နောက်ဆုံး ရန်သူလို့ မြင်တဲ့အဆင့်ကနေ ပိုဆိုးလာတယ်။ ရွံလာတယ်။ မုန်းလာတယ်။ ကိုယ့်တူကိုယ့်သားက စစ်တပ်ထဲမှာ ရှိနေရင်တောင် လူကြားထဲ ထုတ်မပြောဝံ့ လောက်အောင် စစ်သားဂုဏ်သိက္ခာပျက်ယွင်းလာတယ်။ “ငါ့အဖေက စစ်သားကြီးကွ” “ငါ့တူ ငါ့သား ငါ့အစ်ကို ငါ့မောင်က စစ်သားကွ၊ စစ်ဗိုလ်ကွ…” ဆိုတာကို ထုတ်ဖော် မပြောရဲတော့ဘူး။ နောက်ဆုံး တပ်ထဲမှာ တာဝန်ထမ်း ဆောင်နေတဲ့ စစ်ဗိုလ်တွေတောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ စစ်ယူနီဖောင်းဝတ်ပြီး သူတို့ ဓာတ်ပုံကို မတင်ရဲတော့ဘူး။ အခုအချိန်ထိ အဲသည်လို တင်ရဲသေးတယ်ဆိုရင်တော့ အဲသည့်ကောင် တကယ့် အကောင်ပဲ။ ဘာအကောင်လဲတော့ မသိဘူး။ သေနာကောင် ဖြစ်မယ် ထင်တယ်။

▄ အာရုံတွေ များ / အင်အားတွေ ပြယ်

မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ရပ်မှားကြောင်း ဝန်မခံလိုဘူး။ အမှားကို ဖာထေးဖို့လည်း မကြိုးစားဘူး။ ငါတို့လုပ်ရင် ဖြစ်ရမပေါ့လို့ ထင်မြင်တဲ့အထင်ဟာ တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးလာနေတယ်။ ဒီလို အထင် အမြင် ကြီးလာလေလေ၊ အမှားတွေကို ပိုလုပ်မိလာလေလေ ဖြစ်လာတယ်။ တပ်တွင်းမှာ ပြောရေးဆိုခွင့် ဝေဖန် ထောက်ပြခွင့်ကို ပိတ်ပင်ထားတော့၊ တဖြည်းဖြည်းနဲ့ အထက်နဲ့ အောက်ခြေစစ်သားတွေအကြား ဖြစ်ရပ်မှန်သိရှိမှု ကင်းပျောက်လာတယ်။ ဒါက တဖြည်းဖြည်းနဲ့ အမှားတွေကို ကြီးထွားလာစေတဲ့ အကြောင်းတရားဖြစ်လာတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကာလနောက်ပိုင်းကတည်းက တစ်ရက်မှ မနားရသေးဘူး။ အနေချောင်တဲ့ ကောင်တွေကတော့ နားရသပေါ့။ သို့သော်လည်း စစ်ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်သားတွေက နေ့တိုင်းလိုလို အပူတွေနဲ့ ဖြတ်သန်းနေရတယ်။
မြန်မာစစ်တပ်ဟာ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းကို အာရုံစိုက်နေရလို့ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းမှာ အားနည်းနေတယ်။ ဘာကိုမှ ဖိဖိစီးစီး မလုပ်နိုင်သေးဘူး။ ဘယ်နေရာမှ ဖိဖိ စီးစီးနဲ့ အာရုံမစိုက်နိုင်ခြင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အားနည်းမှုကို ထပ်အားနည်းအောင်၊ တတိတိ ပွန်း ပြတ်ပြတ်အောင် လုပ်ပေးသလို ဖြစ်နေတယ်။

ဒါကိုလည်း အထက်အမိန့်အရပဲ လုပ်ခွင့်ရတဲ့ တပ်အင်စတီကျူးရှင်း မှာ မပြောင်းနိုင်ဘူး မပြင်နိုင်ဘူး။ ပြောခွင့်ဆိုခွင့် အကြံပြုခွင့်လည်း မရှိဘူး။ လက်ရှိ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နံဘေးမှာ – ဗောင်းတော်ငြိမ့် စိတ်တော်သိတွေပဲ ရှိတယ်။ အားလုံး က မှန်ပါ့ဘုရား…နဲ့ စခန်းသွားနေတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ နံဘေးမှာ ဝေဖန်ထောက်ပြမယ့်သူ မရှိခြင်း ဟာ အဲသည့်ခေါင်းဆောင်ရဲ့ ကျရှုံးခန်းအစပဲ။ အခုတော့ ကျရှုံးခန်းဟာ တဖြည်းဖြည်းနဲ့ နီးလာပြီ။

▄ တအိအိနဲ့ ပြိုဆင်းလာ

မြန်မာစစ်တပ် ဟာ ချက်ချင်း ဝုန်းဒိုင်းကြီး ပြိုကွဲဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း ယခု တွေ့နေရတာကတော့ တဖြည်းဖြည်း ပွန်းပြတ် ပြတ်လာတယ်။ တအိအိ ပဲ့ယွင်းပြီး ကျဆင်းလာတာတွေ့ရတယ်။ အတွင်းလှိုက် ယိုယွင်းမှုတွေကလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာတယ်။ ဒါကို တပ်တွင်းအသိုင်းအဝိုင်းက စစ်ဗိုလ်အများစု သိတယ်။ သို့သော်လည်း ချွန် မထွက်အောင် နေနေကြတယ်။ မြန်မာစစ်တပ်ထဲမှာလည်း အုပ်စုအားသိပ်ကြီးတယ်။ ဒီတော့ တစ်ယောက် ယောက်က ချွန်ထွက်လာရင်၊ ချက်ချင်း ဆွဲစေ့ခံရလို့ ဘယ်သူမှ မပြောဝံ့ဘူး။ ဒါပေမယ့် အချင်းချင်း ကြိတ်ဝိုင်းတွေ တော့ ရှိတတ်တယ်။ အတော်များများတော့ အတွင်းကြိတ်ပုန်းပဲ ဖြစ်ကြတယ်။ ပေါ်ပေါ်ထင်ထင် ထွက်မလာဘူး။

သို့သော်လည်း သူတို့ အချင်းချင်းတော့ သိနေတယ်။ “ငါတို့တော့ သွားပြီ” ဆိုတာမျိုး။ ဒါပေမယ့် စစ်ဗိုလ်ဆိုတာ လည်း မာန်နဲ့ပါ။ အရှုံးဆိုရင်တောင် ဝန်ခံမှာ မဟုတ်ပါဘူး။ မတတ်သာလို့ တပ်ဆုတ်ရင်တောင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီ… ဆိုတဲ့ ဖြေတွေးနဲ့ ကိုယ့်ကိုယ်ကို လီဆယ်တတ်ပါတယ်။

မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း တအိအိနဲ့ အဆင်းလမ်းကို ပြိုဆင်းလာတာတွေ့နေရတယ်။ နောက်ဆုံး ဇာတ်သိမ်းတော့ မကြုံသေးပါ။ ဘယ်တော့ ကြုံမလဲတော့ မသိပါ။

ယခု မြန်မာစစ်တပ်ကိုယ်တိုင် အရေးပေါ် အခြေအနေ ဖြစ်ကြောင်း တပ်လှန့်တယ်ဆိုတာကတော့ – ကိုယ့်တပ်ရင်းမှာ ကိုယ့်အားကိုယ်ကိုးသာ လုပ်ကြတော့ လို့ အချက်ပေးသလို ဖြစ်တာ တွေ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့ နိဂုံးပိုင်းဟာ မကြာခင် ရောက်လာတော့မှာပါ။ ဒါဆိုရင်တော့ “The Rise and Fall of Tatmadaw” ဆိုတဲ့ စာအုပ်ကို မြန်မာလူထုက မိန့်မိန့်ကြီး ဖတ်ခွင့်ရတော့ မပေါ့။

မင်းသေ့ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
ဧပြီ ၂၂၊ ၂၀၂၂