• Today is: Friday, March 29, 2024

အနာဂတ်နိုင်ငံသစ်

▄ အနာဂတ်နိုင်ငံသစ်

• သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်၏။ (ဓမ္မပဒ၊ အခန်း ၅ အပိုဒ် ၆၀၊ အရှင်သေဌိလ)

အနာဂတ်နိုင်ငံတော်သစ်အတွက် မျှော်လင့်ချက်တွေ ထားရုံနဲ့ မပြီးဘူးလို့ ထင်ပါတယ်။ ပြင်စရာရှိတာ ကြိုပြင် ထားဖို့ လိုတယ်လို့ ယူဆပါတယ်။ ဒါကို တချို့ကတော့ အငေါ်တူးလိမ့်မယ်။ “မုန့်ဆီကြော်က ဘယ်နေမှန်းမသိ သေးဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” လို့ ပြောချင် ပြောလိမ့်မယ်။ မသေချာ မရေရာတဲ့ အနာဂတ်ကို မမျှော်လင့် ဖို့၊ ရိုက်ချလိုက်တဲ့ ဗမာ့လူမှုဓလေ့ထဲက စကားတစ်ခုလို့ ယူဆပါတယ်။ ဒီနေ့ကာလဟာ ကျနော်တို့ ကြမ္မာကို ကျနော်တို့ ဖန်တီးနေတဲ့ ကာလဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်နေတာ ဖြစ်လို့ အလျှော်အစားကြီးတယ်။ ပေးဆပ်မှုလည်း ကြီးတယ်။ ရင်းနှီးမြှုပ်နှံမှုလည်း ကြီးမားတယ်။ ဆုံးရှုံးသွားတဲ့ လူထုရဲ့ ဥစ္စာဓနကို “မြေအုတ်တို့ ပြိုတဲ့အခါ ကျောက်အုတ်တွေနဲ့ အစားထိုးလို့ ရပေမယ့်” လူထုထဲမှာ ဆုံးရှုံးသွားတဲ့ အသက်နဲ့ ဂုဏ်သိက္ခာတွေကိုတော့ တော်ရုံနဲ့ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အားလုံးဟာ အဆုံးထိ သွားဖို့ ဆုံးဖြတ်ပြီးတာ ဖြစ်တယ်။

လက်ရှိမှာတော့ ပစ္စုပ္ပန်တည့်တည့်ကိုလည်း ကြည့်ရမယ်။ ပစ္စုပ္ပန်တည့်တည့်ကို ကြည့်တဲ့အခါ၊ အရှိ ပကတိကို လည်း မြင်အောင် ကြည့်ဖို့ လိုတယ်။ မျှော်လင့်ချက်လည်း မပျက်ဖို့လိုတယ်။ မျှော်လင့်ချက်တွေဟာ အင်အားတွေ ကို စုစည်းပေးပါတယ်။ သို့သော်လည်း မျှော်လင့်ချက်ဟာ ကာယကံမြောက် ဝီရိယနဲ့ ပေါင်းဖက်မှသာ လက်တွေ့ ဖြစ်နိုင်တာ ဖြစ်ပါတယ်။ အိပ်မက်ဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ အိပ်မက်တွေဟာ အတွေးချည်းသက် သက်ဆိုရင် စိတ်ကူးယဉ် စိတ်အာသာဖြေတာသာဖြစ်ပါလိမ့်မယ်။ ဒီတော့ ကာယကံမြောက် အားထုတ်မှုဟာ ကျနော်တို့ရဲ့ အနာဂတ်ကံကြမ္မာကို ပြဋ္ဌာန်းနေတယ်လို့ ယူဆလက်ခံထားပါတယ်။

▄ ရှေ့ကြည့် မျှော်ကြည့် ဆင်ခြင်ကြည့်

အနာဂတ်အတွက် ဆိုရင်တော့ အပိုင်း (၂) ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ လတ်တလောနဲ့ ရေရှည်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ ဖြစ်ထွန်းမယ့် နိုင်ငံရေးဇာတ်လမ်းတချို့ ရှိပါလိမ့်မယ်။ ၂၀၂၃ ခုနှစ်ထဲမှာ ဖြစ်ထွန်းမယ့် နိုင်ငံရေး ဝန်းကျင်တချို့ ရှိပါလိမ့်မယ်။ ဒါဟာ လတ်တလော ပြင်ရမယ့် အပိုင်းဖြစ်ပါတယ်။ သို့သော် “တော်လှန်ရေးလွန် ကာလ ရောက်ခဲ့သည်ရှိသော်” လုပ်စရာတွေ တစ်ပုံတစ်ပင် ထပ်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် အဲသည့်အချိန်မှာတော့ နာနာကျင်ကျင် နဲ့ ရှေ့ဆက်လှမ်းရတာမျိုး မဟုတ်ဘဲနဲ့၊ ရိုင်းပင်းမှုနဲ့ အမြော်အမြင်နဲ့ သတိရှိရှိနဲ့ တိုင်တိုင်ပင်ပင်နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ လက်တွေ့ကျကျ ရှေ့ဆက်လှမ်းရပါလိမ့်မယ်။ ဒီနေရာမှာ ဖြစ်တန်ချေရှိတဲ့ နိုင်ငံရေးမိုင်းဗုံးတွေကို အထူးသတိထား တွက်ချက်ထားကြဖို့ ဖြစ်ပါတယ်။ လူမျိုးစုတွေ ကိုယ်၌က သီးခြားအာဂျင်ဒါတွေ ရှိနေတတ်တာ ဖြစ်တာမို့၊ ဒါကို သတိထားပြီး ဂရုတစိုက်ရှိကြဖို့ ဖြစ်ပါတယ်။

သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ နိုင်ငံရေးအမြော်အမြင်ဟာ အနာဂတ်တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းစီရင် ပါလိမ့်မယ်။ ဒါ့ကြောင့် လက်ရှိတော်လှန်ရေးကာလ ဖြစ်နေသည့်တိုင် ဉာဏ်အမြော်အမြင်အတွက် သက်လုံအား ကောင်းအောင် ဖြည့်ကျင့်ဖို့နဲ့ ကျယ်ပြန့်သော သဘောထား ရှိကြဖို့ လိုပါလိမ့်မယ်။

▄ နိုင်ငံရေးနဲ့ ထိုက်တန်တဲ့ နှုတ်အမူအရာ ရှိဖို့

လက်တွေ့နိုင်ငံရေးမှာ “ချင်းစိမ်းနဲ့ မိတ်သလင် ၊ သူ ကြင်မှ ကိုယ်ကြင်မယ်” ဆိုတဲ့ အယူအဆတွေလည်း ရှိတတ်ပါ ပါတယ်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ အမြင်တွေလည်း ရှိနေတတ်တယ်။ ဒါကို သတိထားပြီးတော့ ချင့်ချင့်ချိန်ချိန် လုပ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ညီညွတ်ရေးအတွက် ရှေးရှုနေတဲ့အချိန်မှာ၊ ဘေးထွက်ဆိုးကျိုး နည်းတဲ့ စကားတွေကို ကျနော်တို့ အချင်းချင်းကြားမှာ ပြောဆိုကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ ပါးနပ်ရမှာ ဖြစ်ပေမယ့် “စကားကို ဗလောင်းဗလဲ ပြောလို့ မရပါ”။ ဒါဆိုရင် နိုင်ငံရေးသမားပါးစပ် မဟုတ်ဘဲနဲ့ ဖာပါးစပ်ဖြစ် သွားပါလိမ့်မယ်။ လူထုအကျိုး၊ တိုင်းပြည်အကျိုး၊ အများအကျိုးကို လုပ်ဆောင်နေတဲ့ ဦးစီးဦးဆောင် ပုဂ္ဂိုလ်တွေ ဟာ ကိုယ့်ရဲ့ နိုင်ငံရေးတည်ကြည်မှုကို ကိုယ်ထိန်းသိမ်းကြဖို့နဲ့ နိုင်ငံရေးသီလ ဆောက်တည်ကြဖို့ လိုပါတယ်။

▄ ငါဘာကောင်လဲ…လို့ မပြပါနဲ့

အကဲဆတ်တဲ့ နိုင်ငံရေးအာဂျင်ဒါတွေကို ဆွေးနွေးညှိနှိုင်းတဲ့အခါ “ဆိုခဲစေ မြဲစေ” ပြုကျင့်ကြဖို့ ဖြစ်ပါတယ်။ အထူး သဖြင့် ဆိုင်ရာ အသီးသီးက ဆုပ်ကိုင်ထားတဲ့ အမျိုးသားရေးအာဂျင်ဒါတွေကို စဉ်းစားလုပ်ဆောင်ကြတဲ့အခါမှာ၊ ရေရှည်ကို ကြည့်မြင်ကြဖို့နဲ့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကန့်လန့်ကာကြီးကို ခပ်ကျယ်ကျယ် လှပ်ကြည့်ကြဖို့ ဖြစ်ပါ တယ်။ နိုင်ငံရေးဟာ အကျိုးစီးပွားတွေနဲ့ ကစားကြတဲ့ ပွဲဖြစ်တာမို့၊ အကျိုးစီးပွားတွေကို မြေပုံချကြည့်တဲ့အခါမှာ “နိုင့်ထက်စီးနင်း” လုပ်ချင်တဲ့ စိတ်အခံကို ပါးနိုင်သမျှ ပါးလျအောင် လုပ်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အကျင့်က “ငါ ဘာကောင်လဲဆိုတာ ပြရသေးတာပေါ့” ဆိုတဲ့ မာန်ကလေး ရှိတတ်ပါတယ်။ ဒီလို နိုင်ငံရေးသူငယ်နာ မစင်တဲ့ အပြုအမူတွေကြောင့်ပဲ မြန်မာပြည်ဟာ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို စစ်စစ်မှန်မှန် မလုပ်နိုင်ခဲ့ဘူး။ အခုလည်း နိုင်ငံရေးသမားတွေ ရင့်ကျက်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

▄ နိုင်ငံပြုသုခမိန်တွေ အလိုရှိတယ်

မျက်နှာသစ်နိုင်ငံရေးသမားတွေက လည်း တော်လှန်ရေးမြေပြင်ထဲကနေ မွေးဖွားသန့်စင်လာတာ ရှိပါတယ်။ ဖြစ်လာလတ္တံ့သော မျက်နှာသစ် နိုင်ငံရေး သမားတွေကိုလည်း “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ကျင့်ထုံးကို ဆုပ်ကိုင်ပြီး နိုင်ငံရေးသမားအဆင့်နဲ့တင် ရပ်တန့်မနေ ဘဲ၊ နိုင်ငံတည်ဆောက်ရေးသမား တစ်ယောက်၊ နိုင်ငံပြုသုခမိန် တစ်ယောက် ဖြစ်ဖို့ လူထုက မျှော်လင့်နေပါ ကြောင်း…. လက်တို့ တင်ပြလိုက်ပါတယ် ခင်ဗျား….။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၂၁၊ ၂၀၂၂