• Today is: Friday, March 29, 2024

ဖက်ဆစ်သန္ဓေ

▄ ဖက်ဆစ်သန္ဓေ

ဖက်ဆစ်ဆိုတဲ့ စကားလုံးနဲ့ မြန်မာစစ်တပ်ဆိုတဲ့ စကားလုံးကို တွဲပြီး ကြားလိုက်ရတိုင်း၊ သခင်စိုး ပြောခဲ့ဖူး တဲ့ စကားကို အမြဲတမ်းလိုလို ပြန်သတိရနေမိတယ်။ သခင်စိုးက မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး အခုလို မှတ် ချက်ပေးခဲ့ဖူးတယ်။

• “မြန်မာ့စစ်တပ်ဟာ သန္ဓေမမှန်ဘူး၊ ဖက်ဆစ်သန္ဓေပါလာတယ်။ တစ်နေ့ တိုင်းပြည်ကို ဒုက္ခပေး လိမ့်မယ်…” တဲ့။

သခင်စိုးပေးခဲ့ဖူးတဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး၊ ကျနော်တို့ သံသယရှိခဲ့ဖူးပါတယ်။ သို့သော်လည်း အခုတော့ ယုံပြီ။ ကျေကျေနပ်နပ်ကို ယုံပါပြီ။ သခင်စိုးဟာ မြန်မာပြည်လွတ်လပ်ရေးရဖို့၊ ကြိုးစားနေတဲ့ ကာလမှာ ကတည်းက လက်နက်ကိုင် တောခိုပုန်ကန်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အလံနီကွန်မြူနစ်ပါတီ ဟာ၊ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းမှာ အစောဆုံး တောခိုပုန်ကန်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

• ယခင်တုန်းက “သခင်စိုးဟာ သိပ်နီရဲနေလို့၊ အင်္ဂလိပ်အရင်းရှင်က ပေးမယ့် လွတ်လပ်ရေးကို အယုံအကြည် မရှိလို့ အစွန်းရောက်အတွေးအခေါ်နဲ့ ပထမဆုံး လက်နက်ကိုင်ပုန်ကန် တောခိုတယ်” လို့ ကျနော် ထင်ခဲ့ဖူးတယ်။

• လွတ်လပ်ရေးနဲ့ အတူ မွေးဖွားလာတဲ့ မြန်မာစစ်တပ်ကို သူ ဘယ်အမြင်ကြည်ပါ့မလဲလို့လဲ၊ ဒီတော့ မြန်မာစစ်တပ်က သူ မကောင်းပြောမှာ၊ မကောင်းမြင်မှာပေါ့၊ ဒီတော့ မြန်မာစစ်တပ်ကို မြန်မာတွေ မုန်းတဲ့ ဖက်ဆစ်နဲ့ ပေးစားမှာပေါ့လို့… ကျနော့် စိတ်ထဲက မှတ်ချက် ပေးဖူးတယ်။

အခုတော့ ကျနော့် အထင်အမြင်မှားယွင်းကြောင်းကို မြန်မာစစ်တပ်က လက်တွေ့သက်သေပြလိုက်ပါပြီ။ မြန်မာစစ်တပ်ဟာ ဖက်ဆစ်သန္ဓေပါတယ်ဆိုတာ လက်တွေ့မှာ အမှန်တကယ်ပါပဲ။ ဗီဇဆိုတာ ဖျောက်ခဲတယ်လို့ မြန်မာတွေက ပြောလေ့ ပြောထရှိတယ်။

▄ သခင်စိုးကို မှားစေချင်ခဲ့သည်၊ သို့သော်…

ကျနော်သဘောကတော့၊ သခင်စိုး ပြောတာကို မှားစေချင်တာပါ။ တိုင်းပြည်တစ်ခုမှာ အားကိုးအားထား ရတဲ့ တပ်မတော်လို အဖွဲ့အစည်းမျိုးကို၊ ဘာ့ကြောင့် ဖက်ဆစ်နဲ့ ပေးစားရသတုန်း…လို့ စိတ်ထဲက အငေါ် တူးချင်ခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်နဲ့ ပူးပေါင်းတာကို နိုင်ငံရေးအရ အမြင်ကျယ်ကျယ် မကြည့် ဘဲ၊ ဘေးထိုင်ဘုပြောဖို့ပဲ လုပ်ရသလားလို့ ထင်ခဲ့ပြီး၊ နိုင်ငံရေးသမားစရိုက်ကို အော့အန်ချင်ဖြစ်မိတယ်။ ရေနစ်နေသူဟာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိဆွဲရာ ဆွဲမှာပဲ၊ ဒီတော့ ဖက်ဆစ်ဂျပန်နဲ့ ပေါင်းမိတာ အဆန်းလား…လို့ ဖော့တွေးခဲ့ဖူးပါတယ်။ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ၊ ဆန့်ကျင်တာ၊ လူထုမုန်းသူနဲ့ ပေးစားတာမျိုးပဲ တတ်သလားလို့ ထပ်မြင်မိခဲ့ဖူးတယ်။ အခုတော့၊ သခင်စိုးကြီး မှန်ပါပြီ။ ကျနော့် အထင် အမြင် မှားပါပြီ။ ကျနော် မှားကြောင်းကို သခင်စိုးက သက်သေပြစရာ မလို။ ကျနော်တို့ တချိန်က ယုံကြည်ခဲ့တဲ့ မြန်မာတပ်မတော် (အခု) မြန်မာစစ်တပ်လို့ပဲ သုံးနှုန်းရမယ့် အဖွဲ့အစည်းက သက်သေပြလိုက်ပါပြီ။

▄ ပုံဖျက်ခဲ့သည်

မြန်မာစစ်တပ်ဟာ ဖက်ဆစ်သန္ဓေပါတယ်ဆိုတာက လက်တွေ့ မျက်မြင်တွေ့ခဲ့ရပါပြီ။ မတ်လ (၂၇) ရက် နေ့ဟာ ဖက်ဆစ်ကိုတော်လှန်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သို့သော်လည်း ၆၂ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ သူ အုပ်စိုးရဲ့ စစ်အစိုးရလက်ထက်မှာ၊ တော်လှန်ရေးနေ့ အမည် ကို ဖျောက်ပြီးတော့ တပ်မတော်နေ့လို့၊ ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။

တကယ်တော့ ဖက်ဆစ်သန္ဓေကို အမြစ်မဖျက်နိုင်ဘဲ၊ တိုင်းပြည်ရဲ့ တပ်မတော်လို့ မခံယူသင့်ပါဘူး။ မြန်မာစစ်တပ်ဟာ ဖက်ဆစ်သန္ဓေပါ လာတာ ဘယ်လို ဖြစ်သလဲဆိုတာ လေ့လာတဲ့အခါ၊ ရဲဘော်သုံးကျိပ်ကို ဟိုင်နန်ကျွန်းမှာ ဖက်ဆစ်ဂျပန် တွေ စစ်ပညာသင်ပေးမှုက စတင်တယ်လို့ ပြောနိုင်ပါတယ်။ သို့သော် ဖက်ဆစ်အမွေကို ရဲဘော်သုံးကျိပ် အားလုံးရတယ်ဆိုတာထက်၊ တချိန်မှာ စစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်နေဝင်းက ဖက်ဆစ်အမွေ လက်ဆင့်ကမ်းခဲ့တယ်လို့ ပြောရင် လွန်ရာကျမလား။

▄ ဖက်ဆစ်အမွေ ဘယ်သူ ဆက်ခံသလဲ

ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ခဲ့ဖူးတဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ပြောခဲ့ဖူးတဲ့ အချက် တချို့ကို ကောက်နုတ်ချင်ပါတယ်။

• ကျွန်တော်တို့ ဗမာပြည်အတွက်တော့ ဂျပန်နဲ့ ပေါင်းလို့ ဘီအိုင်အေဆိုတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် ရလိုက်တာဟာ အမြတ်ပါပဲ။ ကျွန်တော်တို့အပေါ် ဂျပန်တွေဟာ ပထမပိုင်းမှာ အတော် လေးလေးစားစား ဆက်ဆံပါတယ်။ ဧည့်သည်တွေလို ကောင်းကောင်းပြုစုပါတယ်။ … ဒါပေမယ့် ကျွန်တော်တို့ ဟိုင်နန်ကျွန်းပေါ်ရောက်ပြီး စစ်ပညာသင်ကြရတဲ့အခါမှာတော့ ဂျပန် ဆရာတွေ၊ တပ်ကြပ်တွေဟာ တဖြည်းဖြည်း တင်းမာကြမ်းတမ်းလာပါတယ်။ ကိုယ့် လက်အောက်ခံ ကိုလိုနီနိုင်ငံသားတွေလို သဘောထားလာကြတယ်။ စစ်ပညာသင်ကြားပေးတဲ့ နေရာမှာလည်း ဖက်ဆစ်အတွေးအခေါ်တွေ သွင်းပါတယ်။ …တစ်ခါကလည်း သူတို့ဂျပန်တွေ မိလာတဲ့ တရုတ်ပြောက်ကျား တစ်ယောက်ကို တိုင်မှာချည်ပြီး ကျွန်တော်တို့အားလုံးကို လှံစွပ်ထိုး လေ့ကျင့်ခန်းဆိုပြီး လှံစွပ်ဝိုင်းထိုးခိုင်းပါတယ်။ ဒါတွေကတော့ ဖက်ဆစ်တွေရဲ့ လုပ်နည်းတွေ ပေါ့ဗျာ…. (ဗိုလ်မှူးချုပ်ကျော်ဇော၊ ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူး၊ ၂၀၀၅)

စစ်ပညာသင်ရာမှာ၊ ဖက်ဆစ်က သင်ပေးတဲ့ စစ်ပညာမို့၊ ဖက်ဆစ်စရိုက်ပါလာတာ၊ ဖက်ဆစ်သန္ဓေပါလာ တာကို စောဒက တက်ချင်ရင် တက်လို့ ရပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ၊ ဂျပန်လူမျိုးတွေနဲ့ ဂျပန် ဖက်ဆစ်စစ်ဝါဒီတွေကို ခွဲခြားမြင်ခဲ့ပါတယ်။ သူ့အပြောကို ကြည့်ပါ။

• ဟိုင်နန်မှာ စစ်ပညာသင်ရာမှာတော့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဆက်ဆံမှုတွေကို တွေ့ရပါတယ်။ ဒါ သူတို့ အမျိုးသားယဉ်ကျေးမှု မဟုတ်ပါဘူး။ ဂျပန်စစ်ဝါဒီတွေက ဖက်ဆစ်ဝါဒ စိတ်ဓာတ်သွင်း ထားလို့ ဒီလို ဖြစ်သွားရတာပါ။ ကိုယ့်လူမျိုးသား မြင့်မြတ်တယ်။ ကျန်တဲ့လူတွေဟာ ယုတ်ညံ့ တယ်။ သူတို့ကို ငါတို့က လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဝါဒ၊ ဖက်ဆစ်ဝါဒ သွင်းထားခံလို့ ဒီလို စိတ်ဓာတ် တွေ ဝင်သွားရတာပါ။ (ဗိုလ်မှူးချုပ်ကျော်ဇော၊ ၂၀၀၅)

တကယ်တော့ ရဲဘော်သုံးကျိပ်နဲ့ ဖက်ဆစ်သန္ဓေဆက်ခံမှုကိုလည်း ခွဲခြားကြည့်မြင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ဖက်ဆစ်သန္ဓေကို လက်ခံမွေးမြူထားတဲ့ ဗိုလ်နေဝင်းဟာ လွတ်လပ်ပြီးခေတ်မြန်မာပြည်မှာ စစ်ခေါင်းဆောင်ဖြစ်လာပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ၊ တော်လှန်ရေးကောင်စီ ဖွဲ့စည်းပြီး စစ်အာဏာသိမ်းမှုကို လုပ်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ဂုဏ်သိက္ခာအရ အကောင်းဘက်မှာ ရောက်ခဲ့ ပေမယ့်၊ စစ်အာဏာသိမ်းမှု ကျူးလွန်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အကျင့်ပျက်လာတယ်၊ ယိုယွင်း လာခဲ့ပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်နေဝင်းရဲ့ အာဏာမက်မောမှုကို အသုံးတော်ခံရတဲ့ အဆင့်ကို ရောက်လာတယ်။ ဒီလိုနဲ့ တချိန်မှာ ငုပ်လျှိုးဗီဇအဖြစ် တည်ရှိနေတဲ့ ဖက်ဆစ်သန္ဓေဟာ ငေါငေါ ကြီး ပေါ်လာတယ်။

▄ ဖက်ဆစ်လားမြောက်လာခဲ့သည်

ဗိုလ်နေဝင်းလက်အောက်က မြန်မာစစ်တပ်ဟာ ဖက်ဆစ်သန္ဓေသားလောင်း အဆင့် ကနေ ခက်မငါးဖြာ ဖွံ့ဖြိုးလာပြီး တဖြည်းဖြည်း ကြီးထွားလာခဲ့တယ်။ ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗိုလ်သန်းရွှေ ကြီးမှူးတဲ့ မြန်မာစစ်တပ်ဟာ ကြီးပြင်းတဲ့အဆင့်ကို ရောက်လာတယ်။ အခု ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းလည်း ရောက်ရော၊ မြန်မာစစ်တပ်မှာ တစ်ချိန်က ငုပ်လျှိုးဗီဇအဖြစ် ကိန်း အောင်းခဲ့တဲ့ ဖက်ဆစ်သန္ဓေဟာ ရင့်မှည့်သီးပွင့်ရုံတင် မကဘူး၊ ပြန်လည်း မျိုးစေ့ ဖြန့်တဲ့အဆင့်ကို ရောက်လာတယ်။

▄ သွေးသစ်တွေနဲ့ အချိန်မှီ လဲလှယ်လိုက်ပါ

ငယ်စဉ်ကတည်းက မနှုတ်ပယ်ခဲ့တဲ့ အဆိပ်ပင်ဟာ အခုတော့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို အဆိပ် နဲ့ လောင်တိုက် သွင်းနေပြီ။ ဗီဇဆိုတာ ဖျောက်နိုင်ခဲ့တယ်လို့ ပြောလေ့ရှိတဲ့လူကြီးသူမတွေရဲ့ စကားဟာ သိပ်မှန်တာပဲ။ မြန်မာပြည်ဟာ ဖက်ဆစ်ဂျပန်ရဲ့လက်အောက်ကို နှစ်ကာလအပိုင်းအခြားအားဖြင့် သုံးလေးငါးနှစ်လောက်သာ ရခဲ့ပေမယ့်၊ ကိုယ့်နိုင်ငံတွင်းက ဖက်ဆစ်ကိုတော့ အခုထိ အဆုံးသတ် အပြုတ်တိုက် မတော်လှန်နိုင်သေးပါ။ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးမည်းတွေကို ဖောက်ထုတ်ပစ်သလို ဖောက်ထုတ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ကိုယ်လုံးက သွေးတွေကို အားလုံး ဖောက်ထုတ် လဲလှယ်မှ ကောင်းရော့မယ်။ ကိုယ့်ခန္ဓာတစ်ခုလုံးက သွေးတွေကို လဲလှယ်ပစ်ရတော့မယ်။ သွေးသစ်တွေ နဲ့ လဲလှယ်ပြီး ဖက်ဆစ်သန္ဓေအားလုံးကို သင်းသတ်ပစ်ဖို့ လိုနေပြီ။ မြန်မာစစ်တပ်ထဲမှာ၊ ဘယ်တော့များ မှ သွေးသစ်တွေ လဲလှယ်နိုင်ပါတော့မလဲ။ သွေးသစ်မလဲနိုင်ရင်တော့ တစ်ကိုယ်လုံးကို ပစ်လိုက်ရတော့ မယ်။ အခုတော့ သွေးသစ်နဲ့ အစားထိုးဖို့ အချိန်မှီကောင်း မှီနိုင်ပါသေးရဲ့။ ဘယ်သူတွေက စပြီး သွေးဟောင်းတွေကို ဖောက်ထုတ်၊ ဖက်ဆစ်သွေးကို ဖောက်ထုတ်ပြီး သွေးသစ်နဲ့ အစားထိုးမယ်ဆိုတာ မသိနိုင်၊ (သို့မဟုတ်) သိပ်များများစားစား မမျှော်လင့်နိုင်။

မင်းသေ့ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
ဧပြီ ၂၀၊ ၂၀၂၂