• Today is: Friday, March 29, 2024

ပြည်တွင်းငြိမ်းချမ်ရေးရချင်တယ်ဆိုရင် အားလုံးပါဝင်စေတဲ့မူကို ချမှတ်ဖို့လိုတယ်

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၈

ပြည်တွင်းငြိမ်းချမ်ရေးရချင်တယ်ဆိုရင် အားလုံးပါဝင်စေတဲ့မူကို ချမှတ်ဖို့လိုတယ်လို့ SNLD ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်သူလွင်က ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

 “တကယ်ငြိမ်းချမ်ရေးရချင်တယ်ဆိုရင် အားလုံးပါဝင်စေတဲ့မူကို ချမှတ်ဖို့လိုတယ်။ အားလုံး ပါဝင်နိုင်အောင်လည်း လမ်းစဖွင့်ပေးဖို့လိုတယ်။ ဒါမှပဲ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားလို့ရမယ်။ တစ်ခုရှိတာက တချို့အစုအဖွဲ့တွေက သူ့တစ်ဖွဲ့ချင်းစီရပ်တည်ချက်နဲ့ သွားပြီး တွေ့တာက ကျနော်တို့က မှတ်ချက်ပေးစရာမရှိဘူး။ တကယ်ငြိမ်းချမ်းရေးအစစ်အမှန်ဖြစ်ဖို့က သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံး ပါဖို့လိုတယ်။ တခါးဖွင့် ထားဖို့လိုတယ်။ သက်ဆိုင်တဲ့ အစုအဖွဲ့ တွေကလည်း သူတို့ရဲ့ပါဝင်မှု အပေါ်မှာ တကယ်ကိုယ်စားပြုမှုနဲ့ အားလုံးသဘောတူတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မှပဲ အောင်မြင် နိုင်မယ်။ ဒါမှမဟုတ်ဘူးဆိုရင် ငြိမ်းချမ်းရေးက လေလှိုင်းထဲမှာပဲ ပျောက်သွားပြီးတော့ လက်ရှိပဋိပက္ခကနေ ကျနော်တို့ လည်း ရုန်းထွက်နိုင်မှာ မဟုတ်ဘူး” ဟုပြောသည်။  

ပြည်တွင်းငြိမ်းချမ်းရေးအား အားလုံးပါဝင်ရေးမူဖြင့် ဆောင်ရွက်ရန် ဟူသည့်အချက်သည် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီးတွင် ချမှတ်နိုင်ခဲ့သည့် ရှေ့လုပ်ငန်း စဉ်အချက်များထဲမှ တချက်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးအရ သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင် အောင်မြင်နိုင်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က ယုံကြည်ထားသည်။

“လက်ရှိကာလအခြေအနေနဲ့ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အားလုံးပါဝင်နိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်ကျနော်တို့ယုံကြည်တာကတော့ နိုင်ငံရေးအရဆိုရင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အားလုံး ပါဝင်မှပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကအောင်မြင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ပြီးတော့တစ်ဖွဲ့ကို ချန်ခဲ့တာမျိူး၊ပြီးတော့ ပါဝင်မယ့်အဖွဲ့တွေကို ကန့်သတ်ထားတာမျိုး ကျတော့ ပြီးခဲ့တဲ့အတွေ့အကြုံအရ ဒါကလက်တွေ့ကျတဲ့ ကိစ္စရပ်တစ်ခု မဟုတ်ဘူးပေါ့။ ဆိုတော့ သက်ဆိုင်တဲ့အစုအဖွဲ့တွေအကုန်လုံးက အားလုံးဆုံညီပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထူထောင် နိုင်တော့မှပဲ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာပေါ့။ တစ်ဖွဲ့ချင်းစီတွေ့တာတို့ ကန့်သတ်တာတွေ ရှိနေရင်တော့ ဘယ်တော့မှငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ဘူး” ဟု ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး အချက် (၈) ချက်ပါသည့် ရှေ့လုပ်ငန်းစဉ်များကိုသည်။

ယင်းညီလာခံကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂ ရက်တာ ပြုလုပ်ကျင်းပခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် (၃၁)ဦး အပါအဝင် ဗဟိုကော်မတီဝင် (၁၁၇) ဦးကိုလည်း ပါတီဖွဲ့စည်းပုံ စည်မျဉ်းနှင့်အညီ ပြန်လည် ရွေးကော်တင်မြှောက်နိုင်ခဲ့သည်။