• Today is: Thursday, April 25, 2024

အားလုံးပါဝင်ပြီးတော့ သဘောတူညီထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေကပဲ အုတ်မြစ် ဖြစ်နိုင်မယ်

ဖက်ဒရယ်ဂျာနယ်၊ မေ ၃၁

အားလုံးပါဝင်ပြီးတော့ သဘောတူညီထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုအခြေခံဥပဒေကပဲ အုတ်မြစ် ဖြစ်နိုင်မယ်ဟု SNLD ပြောရေး ဆိုခွင့် ရှိသူ စိုင်းကျော်သူလွင်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

“အခုလက်ရှိရှိနေတဲ့ ဖွဲ့စည်းပုံက ဖက်ဒရယ်ပြည်ထောင်စုကို အာမမခံနိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလားတဲ့ဖက်ဒရယ်ပြည် ထောင်စုစနစ်ကလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီဖွဲ့စည်းပုံနဲ့ အလုပ်မဖြစ်ဘူး။ ကျနော်တို့မျှော်မှန်းတာက ဖွဲ့စည်းပုံအသစ် ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ အားလုံးပါဝင်ပြီးတော့ သဘောတူညီထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုအခြေခံဥပဒေကပဲ အုတ်မြစ်ဖြစ်နိုင်မယ်။ ဒါကကျနော်တို့ယုံကြည်တဲ့ဟာ တစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်သော်လည်းကောင်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တစ်ဦးတစ်ဖွဲ့တည်း လုပ်လို့မရဘူး။ အားလုံးပါဝင်နိုင်ဖို့လိုတယ်” ဟုပြောပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြားစဉ်းစားလျင် ကွဲလွဲမှုများရှိနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြန့်ကြာမှု ဖြစ်နိုင်ကြောင်း SNLD က ရှုမြင်ထားပါတယ်။

“နောက်တစ်ခု ကိုယ့်သက်ဆိုင်ရာ ပြည်နယ်အခြေခံဥပဒေရှိဖို့လည်းလိုတယ်၊ တစ်ပြိုင်နက်တည်းမှာပဲ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်မလဲဆိုတာကိုလည်း တွဲပြီးစဉ်းစားဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို သီးခြားစဉ်းစားတယ်၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ သီးခြားစဉ်းစား တယ်ဆိုရင် ကျနော်တို့က ကွဲလွဲမှုတွေ ကြန့်ကြာမှုတွေဖြစ်မှာပဲ။ ဒီတော့ ၂ခုစလုံးက အရေးကြီးတယ်၊ တစ်ပြိုင်နက်ထဲလုပ်ဆောင်ရမယ့်အရာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အားလုံးပါဝင်တဲ့ ဖက်ဒရယ်အင်အားစုတွေ စုပေါင်းပြီးတော့ အကောင်ထည် ဖော်ရေးဆွဲခြင်းကို ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်” ဟုပြောပါတယ်။

ပြီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီးတွင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အား မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲသွားရန် ဟူသည့်အချက်တချက်ကိုလည်း ရှေ့လုပ်ငန်းစဉ်တခုအနေဖြင့် သဘောတူ ချမှတ်နိုင်ခဲ့သာ ဖြစ်ပါတယ်။