• Today is: Saturday, April 20, 2024

KNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်နဲ့ သီးသန့် ဆက်သွယ် မေးမြန်းချက်

“KNDF မူလတည်ထောင်ကတည်းက ပြည်နယ်အတွင်းမှာရှိတဲ့ မိခင်တပ်ဖွဲ့တွေကို ယှဉ်ပြိုင်ပြီးတော့ ယှဉ်မှာ မဟုတ်ဘူးဆိုတာ နဂိုကတည်းကပြောထားပြီးသားဖြစ်ပါတယ်။ အဓိကတော့ KNDF က စစ်ကောင်စီကို တိုက်မယ်။ နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ် ခိုင်ခိုင်မာမာရပ်တည်မယ်။ ဒီလောက်ပါပဲ။ KNDF အင်အားကြီးလာတယ်ဆိုတာက ပြည်သူလူထုကြောင့်မို့သာ အင်အားကြီးလာတာဖြစ်ပါတယ်။ ပြည်သူလူထု မထောက်ခံတဲ့တနေ့ KNDF ကလည်း အလိုလိုပျက်ပယ်သွားမယ့်နေ့ပါပဲ။ နောက်တခုက KNDF အပေါ် စိုးရိမ်မလွန်ဖို့၊ အရမ်းကြီးစိုးရိမ်တာမျိုးမဖြစ်ပါနဲ့လို့ပြောလိုပါတယ်။ KNDF ဟာ အာဏာလုမဲ့အဖွဲ့လည်း မဟုတ်ဘူး။ အာဏာတက်သိမ်းမဲ့အဖွဲ့လည်းမဟုတ်ဘူး။ မိခင်တပ်ဖွဲ့တွေကို ကျော်လွန်ပြီးတော့ ဆန့်ကျင်မဲ့ အဖွဲ့လည်းမဟုတ်ဘူး။ ဒီနေ့အထိ မိခင်တပ်ဖွဲ့တွေအားလုံးရဲ့ အင်အားမပါပဲနဲ့လည်း KNDF ဒီအခြေနေထိရောက် လာမှာမဟုတ်ပါဘူး။ နောက်နောင်မှာလည်းထိုနည်းတူပဲဆက်ဖြစ်ပါလိမ့်မယ်”

“KNDF ရဲ့ မူဝါဒကြေညာစာတမ်း” ပတ်သက်ပြီး KNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်နဲ့ သီးသန့် ဆက်သွယ်မေးမြန်း တင်ဆက်ချက်ကို ပြန်လည်ဖတ်ရှုနိုင်ပြီ။

——————————

မေး။ ။ မင်္ဂလာပါ – ဆရာတို့ ထုတ်ပြန်ထားတဲ့ ကြေညာစာတမ်းက တော်လှန်ရေးအင်အားစုတွေကြားမှာ အားရစရာ အင်အားတခု ဖြစ်တယ်လို့ မြင်တယ်၊ ကြေညာစာတမ်းရဲ့ အဓိကပြောချင်တဲ့ သဘောထားကို အကျဉ်း ချုပ် အရင် ပြောပေးပါခင်ဗျ။

KNDF ရဲ့ ကြေညာစာတမ်းကတော့ (KNDF) လက်နက်ကိုင်အဖွဲ့အစည်းရဲ့ နိုင်ငံရေးနဲ့ စပ်လျဉ်းပြီးတော့ နိုင်ငံရေး အစိပ်အပိုင်းမှာပါတဲ့ အခြေခံလူ့အခွင့်အရေးတွေ (KNDF)တခုလုံးထားရှိတဲ့ စံတန်ဖိုးတွေကို ပြည်သူလူထုထံ အကျယ်တဝင့်ချပြတာလည်းဖြစ်တယ်။ နောက်တခုကတော့ အခြားသော တော်လှန်ရေးအင်အားစုတွေကြားမှာ ကျနော်တို့ရဲ့ နိုင်ငံရေးရပ်တည်ချက် တာပါ။ ကျနော်တို့ တော်လှန်ရေးက ဘာကြောင့်လုပ်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိသွားအောင်ဆိုပြီး အခုလို အကျယ်တဝင့်ချပြလိုက်တဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။

မေး။ ။ ဆိုတော့ ကရင်နီပြည် ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းသွားမယ်လို့ဆိုထားတာ တွေ့ရ တယ်။ အဲဒီအပေါ် သဘောထားမှတ်ချက်ကိုပြောပေးပါဦး။

ကရင်နီပြည်ပြန်လည်ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိ တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်ပါတယ်။ ကျနော်တို့ ဒီတော်လှန်ရေးကို ဆင်နွဲတဲ့အချိန်မှာ အမျိုးသားလွတ်မြောက်ရေးတပါးတည်း ကျနော်တို့ ပြည်နယ် သမိုင်းကြောင်းအမှန်တွေ ပြန်လည်ရရှိဖို့ ပူးပေါင်းဆောင်ရွက်တဲ့ဟာက အရေးကြီးတဲ့ အစိပ်အပိုင်းဖြစ်တဲ့အတွက် ဒါကလည်း ကျနော်တို့အနေနဲ့ ထည့်ပြောရချင်းပဲဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို ဆင်နွဲတာနဲ့ တစ်ပြိုင်တည်း ကျနော်တို့ရဲ့ အမျိုးသားတန်းတူရေးကိစ္စတွေကို တစ်ပါးတည်း အခြားသော သူတွေကို သိရှိနားလည်သွားအောင် ဖော်ထုတ်ပြီး၊ ရအောင်တည်ဆောက်ကြမယ်ဆိုတဲ့ အခြေနေမျိုးနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းတာအထိ ဖြစ်နိုင်ခြေရှိသလားလို့ပြောရင်တော့ ရာနှုန်းပြည့်ကတော့ ကျနော်တို့ မပြောနိုင် သေးပါဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုထိ အခြေအနေတိုးတက်မှုတွေရှိတယ်။ ဒီတော်လှန်ရေးကြောင့်ပဲ ကရင်နီပြည်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိရှိနားလည်သွားတဲ့ လူတွေအများကြီး ရှိသွားတာပေါ့။ ဒါကို သယ်သွားပြီးတော့ ကျနော်တို့ ပြည်နယ် ပြန်လည်ပေါင်းစည်းရေးအတွက် အများကြီးအထောက်အကူဖြစ်စေ လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားတဲ့အတွက် ဒီလမ်းကြောင်းကို ဆက်ပြီးတော့ ဖော်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ကျနော်တို့ ယုံကြည်ချက်နဲ့ ခိုင်ခိုင်မာမာလုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး။ ။ ကရင်နီပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းက စတုတ္ထအဆင့်ထိ ရောက်ရှိနေပြီလို့သိရတယ်။ ဒီထုတ်ပြန်ချက်အရမကြာခင်မှာ ဒီဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုကျင့်သုံးလာနိုင်တော့ မယ်လို့ ဆိုနိုင်မလား။

ဒီဖွဲ့စည်းပုံမူကြမ်းကတော့ အခုမှရေးတာ၊ ဒီတော်လှန်ရေးစမှ ရေးကြတာလည်းမဟုတ်ပါဘူး။ ကရင်နီပြည်ရဲ့ ဖွဲ့စည်းပုံမူကြမ်းက ရေးထားတာ အတော်ကြာနေပြီပေါ့။ အခုက ( Updated) လုပ်ကြတာပဲဖြစ်ပါတယ်။ ဆိုတော့ မကြာခင်မှာ ဒီဟာကို ချပြလာနိုင်မလားဆိုတာကတော့ တော်လှန်ရေးရဲ့ အတက်အကျ၊ ကျနော်တို့ နယ်မြေထိန်းချုပ်မှုပေါ်မှာမူတည်ပြီးတော့ အခြားသော ဒီပြည်နယ်မှာ အခြေစိုက်တဲ့ တပ်ပေါင်းစုတွေရဲ့ သဘေားထားမှတ်ချက်တွေပေါ်မူတည်ပြီးတော့မှ အကောင်ထည်ဖော်နိုင်ခြင်းမဖော်ခြင်း၊ အရေးကြီးဆုံးကတော့ လူထုပေါ့ လူထုတွေရဲ့ သဘောထားအမှန်ကဘာဖြစ်မလဲပေါ့။ လူထုတွေရဲ့ အသံကသာ အရေးကြီးဆုံးအရာ ဖြစ်ပါလိမ့်မယ်။ အကယ်လို့ ဒီတော်လှန်ရေးအတက်အကျ၊ နယ်မြေထိန်းချုပ်မှု၊ လူထုသဘေားထားတာတွေရပြီ ဆိုရင် မကြာခင်မှာ ကျနော်တို့ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

မေး။ ။ နောက်တခုကတော့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ကရင်နီပြည်နယ်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်တယ်လို့ ဆိုထားတာတွေ့ရတယ်။ ကြားကာလ ကရင်နီပြည်အစိုးရ ပေါ်ပေါက် ရေးက ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ရပြီလို့ ပြောလို့ရမလဲ။

ကျနော် မှတ်ချက်ပေးချင်တာက (KSCC) ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ဖွဲ့စည်းပုံတွေက အတိုင်းတာတစ်ခုထိ အောင်မြင်နေပြီဖြစ်ပြီပေါ့။ ဆိုတော့ ကြားကာလ အစိုးရဖွဲ့စည်းနိုင်ရေးကိစ္စမှာကတော့ (KSCC)မှာ ပါဝင်နေတဲ့ သူတွေတိုင်းကတော့ ဝိုင်းဝန်းကြိုးစားနေကြတယ်လို့ ကျနော်ကတော့မြင်တယ်။ အတိုင်းအတာနဲ့ ပြောရင်တော့ အများကြီးရှုပ်ယုတ်လာတာမဟုတ်ဘဲနဲ့ တနေ့တခြား တိုးတက်လာနေတယ်ဆိုတော့ မကြာခင်မှာ ကရင်နီပြည်ရဲ့ ကြားကာလ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို တွေ့မြင်ရတော့မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ KNDF ရဲ့ ကြေညာစာတမ်းထဲမှာ ဖက်ဒရယ်နဲ့ ပက်သက်ပြီး ပင်လုံစာချုပ်၊ မာနယ်ပလောစာချုပ်၊ ၁၉၆၁ ခုနှစ် တောင်းကြီးညီလာခံ သဘောတူညီချက်များ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်း (FCDCC) တို့မှာပါတဲ့ အခြေခံမူများကို အခြေခံသွားမယ်လို့ ဆိုထားတယ်။ ဆိုတော့ –

တဘက်မှာ လွန်ခဲ့တဲ့အပတ်လောက်က ပေါက်ကြားလာတဲ့ NLD ရဲ့ ဗဟိုသုတေသနအဖွဲ့ အကြံပြုအစီရင် ခံစာထဲမှာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်အခင်းအကျင်းနဲ့ ဆန့်ကျင်တဲ့ ( စု၊ ရွေး၊ လွှတ် ) ပေါ်လစီ ကို ကိုင်ဆွဲထားမယ့် သဘောထားရေး ထားတယ်။

ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ စိတ်ဆန္ဒ စိတ်ရင်းမှန် ရှိကြပေမယ့် NLD နဲ့ ဗမာတိုင်းရင်းသားတွေမှာ အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ စိတ်ဆန္ဒရှိတယ်လို့ မြင်ရပါသလား။ ဒီအပေါ်မှာ ဆရာ့ အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

KNDF ရဲ့ မူဝါဒကို သေခြာဖတ်ကြည့်လို့ရှိပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျနော်တို့ KNDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ သိမ်းယိမ်း သိမ်းဆောင်းပြီး ရေးထားတာလဲ တခုမှ မရှိဘူး။ အစဉ်အဆက်က တိုင်းရင်းသားတွေ ဆွေးနွေးထားတဲ့ အချက်အလက်တွေပေါ်မှာ KNDF ကရပ်တည်တယ်။ ကျနော်တို့ကလည်း မကားသေးခင်က တွေ့ခဲ့ရတာပေါ့။ အပိုင်း နှစ်ခုနဲ့ ကျနော်ပြောလိုတယ်။ အပိုင်းတစ်က ဒီကိစ္စက ရန်သူရဲ့ အားဖြစ်စေတယ်။ ကျနော်တို့ကြားမှာ  အကြီးအကျယ်ရိုက်ခတ်လိမ့်မယ်လို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ တဘက်မှာ လည်း ကျနော်တို့နဲ့အတူ ရန်သူကိုတိုက်နေတဲ့ အင်အားကြီးတချို့တွေက အခုလိုအခြေနေမျိုးမှာ တာမျိုးကို ထွက်ပေါ်လာတော့ ကျနော်တို့ သဘောထားတွေ ထပ်ကွဲနေမယ်ဆိုရင်တော့ ရန်သူအတွက် အများကြီး အားဖြစ်စေလိမ့်ပါမယ်။ နောက်တခုက ကျနော်တို့ KNDF အပါအဝင် အချို့သော ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တည်ဆောက်လိုတဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြီးတော့ ဗမာတွေမှာလည်း ကျနော်တို့ရဲ့ ညီနောင်ဖြစ်တဲ့ (BPLA)တို့ကလည်း ဖက်ဒရယ်ကိုတည်ဆောက်မဲ့သူတွေကိုအားပေးခဲ့သလို သူတို့ကိုယ်တိုင်ကလည်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးစားနေတယ်ပေါ။ ကျနော်တို့ လူတွေကြားမှာကတော့ အားလုံး ညှိညှိနှိုင်းနှိုင်းပြောစရာမလိုဘဲနဲ့ အတူတူဝိုင်းလုပ်လို့ရတဲ့ ကိစ္စပေါ့လေ။ ဒါပေမဲ့ အခုန စု၊ ရွေး၊ လွတ် ဟာမျိုးတွေက ဒီချိန်မှာ ပေါက်ကြားလာတယ်ဆိုတာက ဒီကိစ္စက အရိုးသားတဲ့ဟာလည်း တချို့ပါပါလိမ့်မယ်။ ရန်သူရဲ့ အလှည့်အပြောင်းလဲဖြစ်နိုင်တယ်။ သို့မဟုတ်ရင် ဒီနိုင်ငံရေးပေါ်မှာ သဘောထား မပြည့်ဝမှုလည်းပါမယ်။ တော်လှန်ရေးပေါ်မှာ အားတွန်ခွန်စိုက်မလုပ်လိုတဲ့ လူတွေလို့ပဲ ကျနော်တို့က ယူဆတယ်။ ကျနော်တို့ KNDF အနေနဲ့ ဘယ်လိုပြောလိုလဲဆိုတော့ ကျနော်တို့တည်ဆောက်မဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ အခြားသော လူမျိုးစုတွေကို နှင်းချေပြီးတော့ သွားမှာမဟုတ်တဲ့အတွက် အသတ်နိုင်ဆုံး အခုလိုပေါ်လစီမျိုးတွေ ပေါက်ကြားလာတဲ့အပေါ် သေခြာညှိနှိုင်းကြပါလို့ အကြံပြုချင်တယ်။ ထပ်ပြီးပြောလိုတာတခုက အခုလို အရေးကြီး တဲ့ အခြေနေမျိုးမှာ ကျနော်တို့ တူနေတဲ့လူတွေအားလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ လူထုတွေအပေါ်မှာ ဝေဝါး မဖြစ်အေင် အထူးခရုစိုက်ဖို့လိုမယ်လို့ အကြံပေး မှတ်ချက်ပြုပြောလိုပါတယ်။

မေး။ ။ KNDF ရဲ့ ကြေညာချက်ထဲမှာ ယခု ကြားကာလ က ဖက်ဒရယ်အုတ်မြစ်ချရမယ့် အချိန်ကောင်း ဖြစ်တယ်လို့ ဆိုထားသလို ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြန်ဌာန်းကျင့်သုံးဖို့ တိုက်တွန်းထား သာလည်း တွေ့ရတယ်။ ဆိုတော့ လက်တွေ့မှာ ဖက်ဒရယ်အုတ်မြစ်ချနိုင်ဖို့ အခင်း အကျင်းကို မြင်နေရပြီလား။

ကျနော့အမြင်ကတော့ လှဲကျရာကနေပြန်ပြီးတော့ နလှန်ထူတဲ့ အခြေနေမျိုးရောက်ပြီလို့ ယူဆထားတယ်။ KNDF ကိုယ်တိုင်အနေဲ့လည်း ပွင့်ပွင့်လင်းလင်း တိုက်တွန်းထားတာကို အားလုံးအသိပဲဖြစ်ပါတယ်။ မြင်နေရပြီလား ဆိုတော့ ကျနော့်အတွက်တော့ ဖြေစရာမရှိဘူးဆိုပေမဲ့လည်း ဒီလမ်းကြောင်းပေါ်ကို တဖြည်းဖြည်းနဲ့ ချီတက် လာနေပြီဆိုတာကတော့ ကျနော်ပြောလို့ရတယ်။ တဖက်မှာ ဒီကာလက ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အကောင်းဆုံး အချိန်အခါလည်းဖြစ်တယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဒီခြေနေကတော့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ယူဆပါတယ်။ အဲ့လို သွားနိုင်ဖို့ကတော့ ရန်သူမှအပ ညှိရနှိုင်းရမဲ့ မိတ်ဆွေတွေ အနေနဲ့လည်း ဒီပေါ်မှာ အများကြီး သဘောထား ပြည့်ဝဖို့ အရေးကြီးပါတယ်။

မေး။ ။ ပြည်နယ်သစ် ရရှိရေးအတွက် တောင်းဆို ကြိုးစားနေတဲ့ လူမျိုးစုတွေလည်း ရှိကြတယ်။ ဥပမာ- တအာင်းပလောင်၊ ပအိုဝ်း၊ ၀ တို့စတဲ့လူမျိုးစုတွေပေါ့ ဆိုတော့ KNDF ရဲ့ ပြည်နယ်သစ် ဖွဲ့စည်းရေးမူနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲ။

ကျနော်တို့ သဘောဆန္ဒကို ပြောရရင်တော့ ပြည်နယ်သစ်တောင်းဆိုရေးကိစ္စမှာကတော့ အတုအယောင် ရတာ မျိုးကို မလိုစေချင်ဘူး။ သမိုင်းမှာလည်း ရှိခဲ့ဖူးပြီလေ။ စစ်ကောင်စီနဲ့ အပေးအယူလုပ်တာက အတုအပတာဖြစ်ပါ လိမ့်မယ်။ ပြည်နယ်သစ်ပဲဖြစ်ဖြစ် ဘာပဲတောင်းတောင်း သဘောထားမမှန်တဲ့သူနဲ့ စကားပြောနေသေးသ၍ ကတော့ ပြည်နယ်သစ်ရရှိလာရင်တောင်မှ အတုအယောင် ပြည်နယ်သစ်ပဲ ဖြစ်ပါလိမ့်မယ်လို့ ယူဆပါတယ်။ နောက်တချက်က ဒီဟာကို မသွားခင်မှာ ကျနော်တို့အားလုံး ရန်သူကို ဝိုင်းဝန်းတိုက်ခိုက်ကြတာမျိုးက ပိုပြီးတော့ ဖြစ်သင့်တာပေါ့လေ။ ဒါက ကျနော်တောင်းဆိုတဲ့အပိုင်းပါ။ အခြားသော ကျနော်တို့ ညီနောင်တွေရဲ့ သဘေားထားကိုတော့ ကျနော်တို့အနေနဲ့ လွန်ဆန်လို့ရနိုင်မှာလည်း မဟုတ်ဘူးလေ။ ဖြစ်သင့်တာကတော့ စုပေါင်းတိုက်ခိုက်ပြီးတော့ အားလုံးအောင်ပွဲနိုင်သွားလို့ရှိရင် စနစ်တကျနဲ့ ခွဲဝေတာကတော့ အသင့်တော်ဆုံးလို့ပဲ ယူဆပါတယ်။ ဒါပေမဲ့ အခုလို တည်ဆောက်မဲ့သူတွေကိုလည်း KNDF အနေနဲ့ ဘာမှ အပြစ်ပြော ဝေဖန်စရာ မရှိပါဘူး။ အားလုံးက ကောင်းမယ်လို့ထင်တဲ့ဟာကို ကိုယ့်အမျိုးသားလွတ်မြောက်ရေးအတွက် လုပ်ကြတဲ့သူတွေပဲ လေ။ ဒါပေမဲ့ ကျနော်တို့လိုလားတာကတော့ ရန်သူကို အားလုံးဝိုင်းဝန်းတိုက်ခိုက်တာမျိုးလုပ်ဖို့က ပိုပြီးလိုအပ် တယ်လို့ပဲ ပြောလိုပါတယ်။

မေး။ ။ အခုဆိုရင် KNDF ရဲဘော်တွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာကနေ မလွှဲမရှောင်သာ လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ခဲ့ပြီးတိုက်ပွဲဝင်ခဲ့တာ တနှစ်တောင်ပြည့်ခဲ့ပြီပေါ့ ဆိုတော့ မေးခွန်းတခုပေါ့ အမြင်သဘော ထားမေးချင်တာပါ။ လွန်ခဲ့တဲ့ လက NUG ရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အမေရိကန် ခရီးစဉ်အတွင်း RFA နဲ့ အင်္ဂလိပ်လို အင်တာဗျူးပေးတဲ့ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး (NUG အနေနဲ့ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး ဆိုင်ရာ ဖိအားပေးမှုများမှာ အဓိကလုပ်ဆောင်နေပြီး၊ PDF စုဖွဲ့မှု PDF လှုပ်ရှားမှုဟာ Additional Force အပိုဆောင်းအင်အား (အပိုဆောင်းလုပ်ရပ်)သာ ဖြစ်ကြောင်း ဖြေသွားတာ ကိုတွေ့ရတယ်) တဘက်မှာလည်း ဒါက အတော်ကို လွဲနေတယ်လို့ မြင်ကြတယ်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့မှာ ဦးဆောင်နေသူတဦးအနေနဲ့ ဒီဖြေကြားချက်အပေါ် ဘယ်လိုအမြင် သဘောထားရှိပါသလဲ။

ဒါကတော့ NUG တခုလုံးရဲ့ ပေါ့ရော့မှုပေါ်မှာလည်း မူတည်တယ်လို့မြင်တယ်။ ဒီဖြေကြားမှုနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ များများစားစားပြောစရာမရှိပါဘူး။ အရေးကြီးနေတာက စစ်ကောင်စီကို ကျနော်တို့ နေ့စဉ်နေ့မျှ ဖိအားပေးနိုင်ဖို့လိုတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ့။ NUG ကလည်း နိုင်ငံရေး၊ သံတမံရေးကတော့ သူပြောသင့်ပြောထိုက်တာတွေကို ပြောမှာပေါ့လေ။ တချို့ အောက်ခြေမှာ အသက်သွေးချွေးတွေ ပေးဆပ်နေသူ အဖို့ကတော့ တာက စိတ်မကောင်းစရာဖြစ်ပေမဲ့လည်း တချို့ ပြန်ပြီးတော့ အကောင်းဘက်ကို စဉ်းစားကြည့်တဲ့ အခါမှာ တနည်းတဖုံအားဖြင့် ပြန်ပြီးတော့ ဖြေသာတယ်လို့ပြောရမှာပေါ့လေ။ ရှင်းရှင်းပြောရရင်တော့ NUG မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ဒီအခင်းအကျဉ်းကို ဘယ်လောက်ထိ နားလည်ထားလဲ၊ ဘယ်လောက် အတိုင်းအတာထိ တွက်ဆထားလည်းဆိုတာ ကျနော်တို့ မသိပေမဲ့ အောက်ခြေမှာ လက်နက်ကိုင်ပြီးတော့ တော်လှန်နေတဲ့ သူတွေကတော့ မသေမချင်း ဒီတော်လှန်ရေးကို ဆက်လုပ်နေမယ်ဆိုတဲ့ သူတွေကြီးပဲ။ ဆိုတော့ ပြောရင်တော့ အပြစ်ပြောစရာအများကြီးရှိပါတယ်။ ကျနော်တို့ အစိုးရကိုယ်တိုင်ကလည်း ခနခဏလွဲမှားမှု တွေလုပ်နေတာပေါ့။ ကာကွယ်ရေးဝန်ကြီးဌာကလည်း မြေပြင်အနေအထားနဲ့ ပြောတဲ့အနေထားနဲ့ အများကြီး ကွာဟတာကို တွေ့နေရတယ်။ လက်နက်ခဲယမ်းကိစ္စက အစပေါ့။ ဒါပေမဲ့ ဒါတွေအားလုံး ဘာကြောင့်ဖြစ်လဲ ဆိုတဲ့ဟာကို ပြန်ပြီးအဖြေရှာရမယ်။ နောက်တခု အထူးသတိထားရမှာက တကယ် အစိုးရတရပ်အနေနဲ့ ကိုယ်စားပြုပြောတဲ့ချိန်မှာ အတတ်နိုင်ဆုံး လွဲမှားမှုမရှိအောင် ပြောဆိုဖို့တော့ လိုမယ်ပေါ့လေ။ ဒီဖြေကြားမှုအပေါ် ကျနော်တစ်ယောက်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး။ တကယ်ပေးဆပ်နေတဲ့ မြေပြင်ကရဲဘော်တွေ အတွက် အားနာမိတာတော့အမှန်ပဲ။ ဒါပေမဲ့ ကျနော်တို့ NUG ကိုတော့ ဆက်လက်ပြီး ဝန်းရံရမဲ့ အစိုးရ တရပ်ဆို တာကတော့ ဘာမှညှင်းစရာမရှိပါဘူး။

မေး။ ။ KNDF က အခုဆိုရင် အချိန်တိုအတွင်းမှာ အင်အားတောင်းတင်းတဲ့ လက်နက်ကိုင်အစုအဖွဲ့တခုအနေအနဲ့ ရပ်တည်လာနိုင်သလို မြှောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ကလည်း အသိအမှတ်ပြုပြီး တက်စွမ်းသမျှ ကူညီ ပေးသွားမယ်လို့ သဝဏ်လွှာပို့ထားသာ တွေ့ရတယ်။ ဆိုတော့ ကရင်နီပြည်မှာ လူထုအများစုက ထောက်ခံမှု ရထားတဲ့ KNPP တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း ရှိခဲ့ပြီးသားဆိုတော့ လက်ရှိတော်လှန်ရေး အောင်မြင် ခဲ့ပြီးအလွန်မှာ KNDF နဲ့ KNPP တို့ကြား အာဏာခွဲဝေမှုကို လုပ်ဖို့ လိုအပ်လာမလား။ အဲဒီအပေါ် ဘယ်လို စဉ်းစားချက်များရှိမလဲ။

ကျနော်တို့ပြောလို့ရနိုင်သလောက်ပြောရရင်တော့ ဒီအခြေနေဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ စိုရိမ်စရာမရှိဘူး။ KNDF မူလတည်ထောင်ကတည်းက ပြည်နယ်အတွင်းမှာရှိတဲ့ မိခင်တပ်ဖွဲ့တွေကို ယှဉ်ပြိုင်ပြီးတော့ ယှဉ်မှာ မဟုတ်ဘူးဆိုတာ နဂိုကတည်းကပြောထားပြီးသားဖြစ်ပါတယ်။ အဓိကတော့ KNDF က စစ်ကောင်စီကို တိုက်မယ်။ နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ် ခိုင်ခိုင်မာမာရပ်တည်မယ်။ ဒီလောက်ပါပဲ။ ကျနော်တို့နဲ့ သဘောထားချင်းတူညီတဲ့သူတွေနဲ့ အတူလက်တွဲပြီးတော့ ဖော်ဆောင်သွားဖို့အသင့်ရှိတယ်။ KNDF အင်အားကြီးလာတယ်ဆိုတာက ပြည်သူလူထုကြောင့်မို့သာ အင်အားကြီးလာတာဖြစ်ပါတယ်။ ပြည်သူလူထု မထောက်ခံတဲ့တနေ့က KNDF ကလည်း အလိုလိုပျက်ပယ်သွားမယ့်နေ့ပါပဲ။ နောက်တခုက KNDF အပေါ် စိုးရိမ်မလွန်ဖို့၊ အရမ်းကြီးစိုးရိမ်တာမျိုးမဖြစ်ပါနဲ့လို့ပြောလိုပါတယ်။ KNDF ဟာ အာဏာလုမဲ့အဖွဲ့လည်း မဟုတ်ဘူး။ အာဏာတက်သိမ်းမဲ့အဖွဲ့လည်းမဟုတ်ဘူး။ မိခင်တပ်ဖွဲ့တွေကို ကျော်လွန်ပြီးတော့ ဆန့်ကျင်မဲ့ အဖွဲ့လည်းမဟုတ်ဘူး။ ဒီနေ့အထိ မိခင်တပ်ဖွဲ့တွေအားလုံးရဲ့ အင်အားမပါပဲနဲ့လည်း KNDF ဒီအခြေနေထိရောက် လာမှာမဟုတ်ပါဘူး။ နောက်နောင်မှာလည်းထိုနည်းတူပဲဆက်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘာမှစိုးရိမ်စရာမရှိဘူး။ အတိုင်းအတာတခုထိတော့ ထုတ်ဖော်ပြောဆိုလို့မရတဲ့ ညှိနှိုင်းမှုတွေ၊ အပေးအယူတွေလည်း ရှိထားပြီဆိုတဲ့ အကြောင်း ကျနော် တပါးတည်းပြောလိုပါတယ်။

မေး။     ။ လက်ရှိကရင်နီပြည်နယ်အတွင်းမှ ဆရာတို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်။ လက်ရှိအခြေနေ စစ်ရေးအရ ဘယ်လိုအခြေနေရှိလဲ..? မဟာမိတ်ဖွဲ့နဲ့ KNDF အဖွဲ့ရဲ့ နယ်မြေထိန်းချိုပ်နိုင်မှုနှုန်းက ဘယ်အတိုင်းအတာထိရှိခဲ့ပြီလဲ။

ကရင်နီပြည်နယ်ထဲမှာ စစ်ရေးကတော့ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်။ အခုဆိုရင် ကျနော်တို့ ဖရူဆိုမြို့နယ် ဘက်မှာဆိုရင် တိုက်ပွဲက နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာကိုတွေ့ရတယ်။ တခြားသော မဟာမိတ်တွေ နဲ့ကတော့ ကျနော်တို့ ဘာပဋိပက္ခမှမရှိအောင် ယနေ့အချိန်ထိ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေခဲ့ကြပါတယ်။ စစ်ကောင်စီ ဘက်က နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်မှုတွေ အလုံးအရင်းနဲ့ဝင်လာနေတယ်။ နယ်မြေထိန်းချုပ်မှုအခြေနေမှာတော့ KNDF အနေနဲ့ မူလအတိုင်းပဲ ဆက်ရှိနေတယ်လို့ ဆိုရမှာပါ။ ကရင်နီပြည် နေရာတိုင်းမှာ ကျနော်တို့ KNDF ရဲဘော် တွေ ရှိနေပါတယ်။

မေး။ ။ နောက်ဆုံး ဆရာ့အနေနဲ့ ပြည်သူတွေကို ဘယ်လို သတင်းစကားမျိုးပါးချင်ပါသလဲ။

KNDF တစ်နှစ်ပြည့်အချိန်ထိ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် အခုလို KNDF အနေနဲ့ ဘယ်လိုအင်အားမှ ရှိလာမှာမဟုတ်ပါဘူးဆိုတာကို ပြည်သူလူထုတွေကို ပြောပြလိုပါတယ်။ KNDF အင်အား ကြီးသွားပြီ၊ အောင်မြင်သွားပြီ၊ လွတ်လို့ရပြီဆိုပြီး လူထုတွေအနေနဲ့ မစဉ်းစားဘဲနဲ့ ဆက်လက်ပြီးတော့ ပံ့ပူး၊ ထိန်းကျောင်းရပါမယ်။ လူထုရဲ့ လမ်းညွှန်မှုနဲ့ပဲ KNDF ဟာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် လူထုတွေ အနေနဲ့ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ပေးကြပါ။ နောက် ကျနော်တို့ မဟာမိတ်ရဲဘော်တွေကို ပြောချင်တာက ကျနော်တို့ KNDF ဟာ မဟာမိတ်တပ်ဖွဲ့တွေမရှိဘဲနဲ့တော့ ဒီလိုအခြေအနေမျိုးထိ ရှိလာမှာ မဟုတ်ပါဘူး။ အားပေးကူညီတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ ကျနော်တို့ KNDF ကို တနေ့တခြား အလှူငွေတွေ တတ်နိုင်သမျှ ချွေးနည်းစာနဲ့ လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုလည်း တစ်နှစ်ပြည့် အခန်းအနားမှာ တော့ပြောပြီးဖြစ်ပေမဲ့၊ ဒီအင်တာဗျူးကနေလည်း အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး တော့လည်း လှူဒါန်းကူညီပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်ဆိုတဲ့အကြောင်း ကျနော်ထပ်ပြီးပြော ချင်ပါတယ်။ ကျနော်တို့ KNDF ရဲ့ အခြေနေကတော့ ဘာဖြစ်မလဲဆိုရင်တော့ စစ်ကောင်စီနဲ့ ဆက်တိုက်ဖို့ပဲရှိတယ်။ တိုက်လည်း တိုက်နေ တုန်းပဲ။ ကျန်တဲ့သူတွေနဲ့ တိုက်မှာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရန်သူဟာ စစ်ကောင်စီဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တိုင်းမှာတော့ အပျက်အစီးတွေ ရှိခဲ့တာကိုတော့ လူထုတွေတစ်ပတ်လုံး လုံးခံစားပြီးပြီ။ ကျနော်တို့လည်း ပေးဆပ်မှုတွေအများကြီးကြုံခဲ့ရပြီးပြီ။ ဆိုတော့ သိပ်မကြာတော့တဲ့အချိန်မှာ ကျနော်တို့ အောင်မြင်မှုတွေရရှိလာလိမ့်မယ်။ အဲ့အထိ သီးခံပြီးတော့ ကျနော်တို့တွေ အောင်ပွဲကို အတူတူ ဆင်နွဲကြဖို့ လူထု တရပ်လုံးကို သတင်းစကားပါးချင်ပါတယ်။

ဖက်ဒရယ်ဂျာနယ်ကို မေးမြန်းခွင့်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။