• Today is: Friday, March 29, 2024

စစ်ကောင်စီ(လေးကေ)စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်

ဖက်ဒရယ်ဂျာနယ်၊ ဇွန်၂၂

အာဏာသိမ်း စစ်ကောင်စီ (လေးကေ)စခန်းမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအတွင်းသို့ ယနေ့ ဇွန်လ (၂၂)ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရ၍ အိမ် (၂)လုံးထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို ဘက်က သတင်းထုတ် ပြန်ထားသည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းစောကျေးရွာတွင် နေ ထိုင်သူ အသက် (၂၈) နှစ်အရွယ်ရှိ နော်မာသက်၏ ညာဖက်ခြေခုံအား လက် နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်း၏နေအိမ်နှင့် နော်ကော်၏နေအိမ်မှာလည်း လက်နက်ကြီးစထိမှန်ခဲ့သည်။ ထိခိုက် ဒဏ်ရာရရှိခဲ့သောအမျိုးသမီးသည် (၂)လသား အရွယ် ကလေးမိခင်ဖြစ်ကြောင်းလည်း ဆိုသည်။

ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားသော လေးကေစစ်ကောင်စီစခန်းအား ဇွန်လ (၂၂) ရက်နေ့ (၁၁)နာရီ ဝန်းကျင်က နယ်မြေခံ KNDO/KNLA နှင့် ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့၍ စစ်ကောင်စီဖက်မှ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ(လေးကေ)စခန်းမှ မင်းစော ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ရွာထဲမှာ (၃)လုံး ကျရောက်ပေါက်ကွဲကာ အရပ်သား နေအိမ် (၂)လုံးထိခိုက်ပျက်စီးပြီး ထိခိုက်မှု တချို့လည်း ဖြစ်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လေးကေ စစ်ကောင်စီစခန်းမှ လက်နက်ကြီး ပစ်ခတ်သည့်အချိန်သည် နံနက်ပိုင်း ကျောင်းသားများ စာသင်ကျောင်းတက်ချိန် ဖြစ်၍ စာသင် ကျောင်းအားခေတ္တပိတ်ထားရသည်ဟုလည်း သိရသည်။