• Today is: Friday, April 19, 2024

မိခင်ဘာသာ စကားအခြေပြု ပညာရေး (MTB-MLE) စနစ် စတင်ကျင့်သုံးမယ်လို့ KNPP ပြော

ဓါတ်ပုံ-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၂

မိခင်ဘာသာ စကားအခြေပြု ဘာသာစကားသုံး ပညာရေး (MTB-MLE) စနစ် စတင်ကျင့်သုံးမယ်လို့ KNPP အဖွဲ့ ရဲ့ ပညာရေးဌာနဘက်က ယနေ့ ထုတ်ပြန်လာပါတယ်။  

ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးအတွက် ပညာသင်နှစ် တစ်နှစ်၌ Two Semester ဖြင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်မှာ စတင်ကျင့်သုံးမယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးကာလမှာ ကိုယ်ထူကိုယ်ထ ရပ်ရွာအခြေပြုကျောင်းတွေဆောင်ပေါ်လာကြတာပေါ့လေ။ အဲ့မှာ တချို့ ဒေသခံကျေးရွာတွေက ဆရာ/မ တွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ကိုယ့်တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုလည်း ထည့် တွင်းထားပြီး သားဖြစ်တယ်။ နောက်ပြီး အပြော စကား (speaking language) နဲ့စစခြင်း လေ့လာတဲ့ အခါမှာ ပိုပြီးတော့ထိ ရောက်တယ်ဆိုတဲ့ဟာကို တွေ့ရတယ်။ ဥပမာ (MTB-MLE) စနစ်နဲ့သွားပါလို့ ကျနော် တို့က ပြောတာပေါ့” ဟု  ကရင်နီပညာရေးဝန်ကြီး ဆရာပလူရယ်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

ဒါ့အပြင် (MTB-MLE) ဆိုတာလည်း အခုမှလုပ်တာတော့မဟုတ်ပါဘူး။ အရင်အစိုးရတွေကလည်း ကြိုးစား လုပ်ခဲ့ ကြပါတယ်။ ကျောင်းပြင်ပ အချိန်တွေမှာ သင်ခွင့်ပြုတယ်။ အခုကတော့ ကိုယ့်ကိုယ်ကို ပညာရေး လုပ်ငန်း တွေလည်း လုပ်ခွင့်ရပြီဆိုတော့ ဒါတွေကို စတင်ဖို့အတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း လည်း တဆင့်ပြီးဆင့် အတန်းတွေကို လုပ်နိုင်အောင်တော့ ကျနော်တို့အားလုံးဝိုင်းပြီးတော့ ပြင်ဆင်သွား ကြဖို့ရှိပါတယ်။ လက်ရှိမှာတော့ ရှိနင့်ပြီးသားနဲ့စသွားမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။  

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း စစ်အာဏာရှင်တွေကို သက်ဆိုးရှည်အောင် မလုပ်မိဖို့ KNPP ဘက်က လိုလားပါတယ်။

“အခုကတော့ ကျနော်တို့ စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ တော်လှန်ရေးလုပ်နေကြတာ အားလုံး အသိပဲလေး။ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်အောင်လုပ်နေတာကိုတော့ မလိုလားတာတော့ အမှန်ပဲလေ။ ဒါပေမဲ့ မိဘပြည်သူတွေက ကိုယ့်ရဲ့သားသမီး ပညာဆက်လက်သင်ကြားစေချင်ကြမှာပေါ့လေ။ ဒါပေမဲ့ အခုချိန်မှာ စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းကိုတော့ အားမပေးသင့်ဘူးပေါ့။ ဒါကြောင့် တချို့တွေက CDM လုပ်နေကြတာပေါ့။ အလားတူ ကျောင်းသား မိဘပြည်သူတချို့ကလည်း ပူးပေါင်းကြတာကိုတွေ့ရတယ်” ဟု ကရင်နီပညာရေးဝန်ကြီး ဆရာပလူရယ်က ပြောပါတယ်။

ဒါ့အပြင် “စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ တော်လှန်နေတဲ့အချိန်မှာ မိဘပြည်သူတွေကလည်း အဲ့ဒါကို နားလည် သည်းခံပြီးတော့ အားလုံးပူးပေါင်းစေချင်တယ်။ ကျနော်တို့ အခုလောလောဆယ်မှာ ရပ်ရွာ အခြေပြု ကျောင်းတွေ ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေမှာ သွားထား မှာတော့ မဟုတ်ပါဘူး။ ကိုယ်ထူကိုယ်ထ ကျောင်းတွေလုပ်နေပြီမိုလို့ လေ့လာပြီးတော့ တက်စေ ချင်ပါ တယ်။ တချိန်ချိန် ကျရင်တော့ ကျနော်တို့ ကျောင်းသားတွေရဲ့ တတ်စွမ်းမှုပေါ် အခြေခံပြီးတော့ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းတွေလည်း ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်” ဟု သူက ဆက်ပြောပါတယ်။

လက်ရှိ ကြားကာလ ပညာရေးတွင် ကျောင်းသားလူငယ်များ၏ စိတ်ကူး၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် စွမ်းရည်မြင့်မားစေမှုတို့ကို ဦးစားပေးပြီး လေ့လာသင့်ယူနိုင်ရန် ရည်ရွယ်ထားကြောင်း KNPP အဖွဲ့ ရဲ့ ပညာရေးဌာနဘက်က ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီနှင့် လိုက်လျောညီထွေမှု မရှိသော သင်ရိုးသင်ခန်းစာများကို ချန်လှပ် ထား မည်ဖြစ်ပြီး သမိုင်းနှင့် လူမှုရေး ဘာသာရပ်များကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ကာ ပြင်ဆင် ဖြည့်စွက်သွားမည် ဟုလည်း ဆိုထားပါတယ်။

ပုံမှန်ကျောင်းပညာရေး ပြန်လည် တက်ရောက်နိုင်ချိန်တွင်  ကျောင်းသားလူငယ်များအတွက် လွယ်ကူ ရိုးရှင်းသော အတန်းတင်ခြင်းစနစ်ကို ဆက်လက် အသိပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားပါတယ်။