• Today is: Thursday, March 28, 2024

ကျေးရွာများသို့ စစ်ကောင်စီတပ် လေကြောင်း ဗုံးကျဲပြီး လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်သူဉီးရေတိုးလာဟု KNU ပြော

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၄
 
ကေအဲန်ယူ-မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၅)ခုကို တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူပြီးနောက် ဇူလိုင်လ(၂)ရက်နေ့မှစ၍ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းဖြစ်ဗုံးကျဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် စခန်းသိမ်းတိုက်ပွဲနှင့် နီးစပ်သည့်ကျေးရွာများမှာ ဒေသခံများ ဘေးလွတ်ရာသိုထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူ-ဗဟိုဘက်က သတင်းထုတ် ပြန်သည်။
 
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကျဲမှုနဲ့ လက်နက်ကြီးများ ပစ်ခတ်ခံရမှုကြောင့် မနေ့က ဇူလိုင်(၃)ရက်နေ့က စပြီး ကျေးရွာပေါင်း(၂၆)ရွာမှ ထွက်ပြေးတိမ်းရှောင် လူဉီးရေ စုစုပေါင်း(၃၉၄၂၈)ဉီးထိ တိုးလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
 
ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်မှ သိမ်းယူထားသည် တပ်စခန်းများကို ပြန်လည် ရယူရန်အတွက် စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းပြုလုပ်နေကြောင်း ကေအဲန်ယူဘက်က ဆိုထားသည်။
 
ဇူလိုင်လ(၃)ရက်နေ့ မနက်ပိုင်း မှစ၍ စစ်ကောင်စီတပ် ခမရ(၅၉၀) ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၉)လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ကော့ပြင်းကျေးရွာနှင့် အနီးတစ်ဝိုက်နေရာများတွင် ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
 
အလားတူ စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက် ပေါက်ကွဲပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရသည်။
 
ဒါ့အပြင် စစ်ကောင်စီက အဲဒီနေရာဘက် တပ်အင်အားတိုးချဲ့လာကာ၊ လေယာဉ်ဖြင့် ထောက်လှမ်းခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသန်းပစ်ခတ်ခြင်း ပို၍ပြုလုပ်လာသည်ဟုကေအဲန်ယူ ဘက်က ဖော်ပြထားသည်။
 
ထို့ပြင် စစ်ကောင်စီတပ်များမှ အောင်းလောင်းစိန်ရွားသား(၂)ဉီးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့သေးသည်ဟု ဆိုထားသည်။
 
ယခု ဆက်လက်တိမ်းရှောင်နေသည့် ပြည်သူများတွင် အစားအသောက်နှင့် ကျန်းမာရေး ပြဿနာ အခက်အခဲများ ကြုံတွေ့နေကြပြီး အဲဒီ ထွက်ပြေးတိမ်းရှောင်နေရသူအများစုက အမျိုးသမီးနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ဖြစ်ကြတယ်လို့ ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။