• Today is: Friday, April 19, 2024

ခေါ်ယူထိန်းသိမ်းခဲ့သည့် ကျောင်း ဆရာ/ဆရာမ (၆)ဦးကို KSP ခံဝန်ဖြင့် ပြန်လွတ်ပေး

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၄

ကရင်နီပြည်ရဲ(KSP)က  ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့သည့် ကျောင်း ဆရာ/ ဆရာမ (၆)ဦးတို့အား ခံဝန်ဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း KSP ဘက်က ယနေ့ အသိပေး ထုတ်ပြန်ထားသည်။

“ဒီပြည်နယ်ရှိတဲ့ ပညာရေးကို အလေးထားတယ်၊ ဒီပြည်နယ်မှာရှိတဲ့ ကလေးတွေပညာရေး သင်ကြားနိုင်ဖို့ အတွက်  ဆရာ/ဆရာမတွေအများကြီး လိုအပ်နေတဲ့အတွက် စစ်ကောင်စီလက်အောက်ခံမလုပ်ဖို့ တောင်းဆိုပြီး ခံဝန်ကတိဖြင့် ပြန်လည်လွတ်ပေးခဲ့သာဖြစ်တယ်” ဟု KSP သတင်းနှင့်ပြန်ကြားရေး ဘိုဘိုက ဖက်ဒရယ်ဂျာနယ် သို့ ပြောသည်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ကျောင်း ဆရာ/ဆရာမများကို လွတ်လပ်စွာ ထားရှိပြီး လူ့အခွင့်အရေးအပြည့်အ၀ ပေးခဲ့ကြောင်းဆိုသည်။

“လူထုဗဟိုပြုနဲ့ ဒီမိုကရေစီ စံနှုံန်းကိုကိုင်စွဲပြီး သွားချင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ကျောင်း ဆရာ/ဆရာမများကို လွတ်လပ်စွာ ထားရှိပြီး မိသားစုနှင့်လည်း ဆက်သွယ်ခွင့်ပေးခဲ့သလို ကျန်းမာရေး ကိစ္စ လိုအပ်လာရင်လည်း အပြည့်အ၀ ဝန်ဆောင်မှုပေးတယ် သူတို့ရသင့်ရထိုက်သည့် လူ့အခွင့်အရေး အပြည့်အ၀ ကို တက်နိုင်သလောက် ပေးခဲ့တယ်ဟု” KSP သတင်းနှင့်ပြန်ကြားရေး ဘိုဘိုက ဆက်ပြောသည်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းခြင်းမလုပ်ဖို့ စစ်ကောင်စီ ယန္တရားများကို လည်ပတ်နိုင်အောင် မပါဝင်ဖို့ KSP ဘက်က လိုလားနေသည်။

“ကျနော်ပြောချင်တာကတော့ အာဏာရှင် သက်ဆိုး ရှည်နေမယ်ဆိုရင် ဖြစ်လာမည့် ဒုက္ခများက ဒီထက် ဆယ်ဆမက ပိုဆိုးမှာ ဖြစ်တယ်၊ ဒါကြောင့် ခဏတာ ကြုံတွေ့ရမည့် ဒုက္ခများကို ဂရုမမူပဲ စစ်အာဏာရှင် စစ်ကောက်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်မလုပ်နိုင်အောင် စစ်ကောင်စီ ယန္တရားကို မလည်ပတ်နိုင်အောင် အာဏာရှင်ကို မလိုးလားတဲ့ ပြည်သူလူထုနှင့် အတူရပ်တည်ပြီး CDM လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု KSP သတင်းနှင့်ပြန်ကြားရေး ဘိုဘိုက တိုက်တွန်းပြောဆိုထားသည်။

ယခု ထိန်းသိမ်းခံခဲ့ရသည့် ကျောင်း ဆရာ/ဆရာမများသည် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC)မှ စစ် ကောင်စီက ညွန်ကြားမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေတွင် ကျောင်းလာရောက် ဖွင့်လှစ်သည့်အပြင် စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်ရန် မပါဝင်ဖို့ တိုက်တွန်းထုတ်ပြန်ချက်အပေါ် ပျက်ကွက်ခဲ့၍ ခေါ်ယူထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။