• Today is: Friday, April 19, 2024

ချင်းပြည်နယ် မြို့နယ်တချို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်(၇၀)ဦးကျော် သေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၅

ချင်းပြည်နယ်၊ ဖလန်းမြို့ကနေ ဟားခါးမြို့ဘက် သွားတဲ့ လမ်းကြောင်းတလျောက် စစ်ကောင်စီနဲ့ ချင်းပြည် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ဇူလှိုင် ဒုတိယပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ဖလန်းဘက်ကနေ ဟားခါးဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြသာလို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၃)ဦးခန့် သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များခဲ့တယ်လို့ ဆိုပါတယ်။ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အဲဒီတိုက်ပွဲ အတွင်းမှာ (၁) ဦးကျဆုံးခဲ့သလို (၉) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF ဟားခါးရဲ့ ဥက္ကဌ ဟရမ်လျန် ဘက်က ဖက်ဒရယ်ဂျာနယ်သို့ အတည်ပြု ပြောကြားပါတယ်။

“ဇူလိုင်လ ၈ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုကတော့ ၁၅ ကြိမ်လောက်အထိ ရှိတယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးတာ ၁ယောက်ရှိတယ်၊ ဒဏ်ရာရက ၉ယောက်။ စစ်ကောင်စီဘက်က သေဆုံးမှုက အားလုံးပေါင်းက ၇၃ ယောက်ရှိတယ်။ ဒါကတော့ ဒီဘက်က အစီရင်ခံစာထဲကဟာကို ကျနော်ပေါင်း ကြည့်တာ။ အတိအကျတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့နော်” ဟု ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားသည့် ရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်ကို ၎င်းက အခုလို ရှင်းပြပါတယ်။ ဇူလှိုင် ၈ ရက်နေ့ ၁၅ ဦး၊ ဇူလှိုင် ၉ ရက်နေ့ ၃ ဦး၊ ဇူလှိုင် ၁၀ ရက်နေ့ ၁၃ ဦး၊ ဇူလှိုင် ၁၁ ရက်နေ့ ၃၃ ဦးခန့် ၊ ဇူလှိုင် ၁၂ ရက်နေ့ ၂ ဦး၊ ဇူလှိုင် ၁၃ ရက်နေ့ ၇ ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်သုံးယဉ်နှင့် စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့သလို ဖျက်ဆီးခဲ့ရ သာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်ကောင်စီဘက် Jumper (ဂျန်ပါ) ခေါ် ဒရုန်းဖျက်နိုင်သည့် လက်နက်များကို အသုံးပြုနိုင်သာကြောင့် ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဘက်က ဒရုန်း တချို့လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိခိုက် သေဆုံးမှု များလာသည့် စစ်ကောင်စီ စစ်ကြောင်းဘက်က ဟားခါး တပ်မဟာကို စစ်ကူ တောင်းခဲ့ ပေမယ့် အဆင်မပြေ အငြင်းပွားမှုတွေလည်း ဖြစ်ခဲ့တယ်လို့ CDF ဟားခါးရဲ့ ဥက္ကဌ ဟရမ်လျန် က ဖက်ဒရယ်ဂျာနယ်သို့ ပြောဆိုပါတယ်။

“သူတို့က ဟားခါးဘက်ကို စစ်ကူတောင်းတော့ ဟားခါးဘက်ကသွားနေတာပေါ့နော်။ အဲဒီဟားခါးဘက်ကလည်း ၃၀-၅၀ လောက်ပဲ ထင်တယ် လူအင်အားကပေါ့နော်၊ ဒီတပ်မဟာကလည်း လူအင်အားမရှိတော့။ သတင်းကြားတာတော့ အဲဒီလိုနဲ့ သူတို့စစ်ကြောင်းမှာ တအားခံရတော့ ဟားခါးဘက်ကိုစစ်ကူတောင်းတာ။ ဟားခါးဘက်ကလည်း လူအင်အားမလောက် မပေးနိုင်တော့ သူတို့ ၂ ဖွဲ့လည်း တော်တော်အငြင်းပွားခဲ့ကြတယ်ပေါ့၊ အဲဒီနောက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ဟားခါးဘက်ကလာတဲ့ အဖွဲ့ကိုလည်း ပြန်ပစ်လိုက်တော့ ၇ယောက် သေတယ်” ဟု ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း အဓိက တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့ဝင်တွေကတော့ ချင်းပြည်နယ်ရှိ မြို့နယ် အသီးသီးက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စုပေါင်းထားသည့် ချင်းလဲန်း ကာကွယ်ရေး ပူးပေါင်းကော်မတီ (CJDC) ကွန်မန်ဒို နှင့် CNF ကွန်မန်ဒို တပ်ဖွဲ့ဝင်များ၏ စစ်ရေး လှုပ်ရှားမှု ဖြစ်တယ်လို့ CDF ဟားခါးရဲ့ ဥက္ကဌ ဟရမ်လျန် က ဖက်ဒရယ်ဂျာနယ်သို့ ဆိုပါတယ်။

“ကျနော်နားလည်သလို တိုက်နေတဲ့အဖွဲ့က CJDC ကွန်မန်ဒိုတွေပေါ့နော်၊ အဖွဲ့တိုင်းက လွှတ်ထားတဲ့လူတွေနဲ့ သင်တန်းတက်ပြီးတော့မှ CJDC ကွန်မန်ဒို၊ ချင်းပူးပေါင်းတပ်ဖွဲ့တွေပဲ ခေါ်ရမှာ ပေါ့။ CNF က အဓိကဦးဆောင်တာပေါ့။ ဆိုတော့က CNDF လည်းပါတယ်၊ ဒို့ဘက်က လူတွေလည်း ပါမယ်။ လူကိုယ်တိုင်မပါရင်တောင်မှ အဲဒီအဖွဲ့အစည်းထဲမှာ အားလုံးပါတယ် ဆိုတော့လေ၊ နာမည်က ချင်းပူးပေါင်းတပ်ဖွဲ့လို့ပဲခေါ်ရင်ကောင်းမယ့် သဘောပေါ့” ဟု ပြောပါတယ်။

ယခုလို မိုးတွင်းကာလ စစ်ဆင်ရေးလိုအပ်မှုကို အကောင်အထည်ဖော်ရသာကြောင့် ရာသီဥတု ဆိုးဝါးမှုနှင့် တောတောင်တွေကြားက အေးခဲမှုတွေ၊ စိုထိုင်းမှုတွေက တော်လှန်ရေး ရဲဘောတွေအတွက်တော့ အစားအသောက် ချက်ပြုတ် စားသောက်နိုင်ဖို့တောင် ခက်ခဲစေတဲ့ အခြေအနေကို တောက်လျောက်ကြုံတွေ့ နေရ တယ်လို့ သိရပါတယ်။