• Today is: Thursday, March 28, 2024

ဖယ်ခုံ NLD အမတ် ဦးပီတယ်အောင်နှင့် ပါတီဝင်တချို့ ထောင်တစ်သက်ချခံထားရ

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတယ်အောင်နဲ့ NLD ပါတီဝင်တွေဖြစ်ကြတဲ့ ဦးလိုင်ကြူနဲ့ ဦးမောင်တက်တို့ကို လွိုင်လင်ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဇွန်လက ထောင်တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်လို့ အကျဉ်းကျခံ နေရသူတွေအကြောင်း စာရင်းပြုစုနေတဲ့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ဘက်က ပြောပါတယ်။

အမိန့်ချခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်တာမရှိတာကြောင့် မသိရှိခဲ့ ရပါသလို တောင်လေးလုံးထောင်အတွင်း ​ထောင်ကျခဲ့သူတဦးက ရက်စေ့ပြီး လွတ်လာပြီးနောက် ၎င်းတို့အခြေအနေကို အဲဒီလွတ်လာ သူက ပြောပြလို့ အခုမှ အတည်ပြုနိုင်တာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူက ပြောပါတယ်။

“ဖယ်ခုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတယ်အောင်၊ ဦးလိုင်ကြူနဲ့ ဦးမောင်တက်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၃၁ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့က စစ်ဆေးရေး ဂိတ်တခုမှာ သူတို့ အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး အဲဒီဂိတ်မှာပဲ လက်နက်နှင့်အတူ အဖမ်းခံခဲ့ရတာဖြစ်တယ်ပေါ့၊ ဖမ်းခံရပြီးနောက် ဘယ်လို အမှု ရင်ဆိုင်နေရတယ်ဆိုတာ အသေးစိတ် မသိရဘူး စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်သာ မတွေ့ရဘူး၊ အဲဒါ အမိန့်ချပြီး လေးလကြာမှ သူတို့အခြေအနေကို အဲဒီ တောင်လေးလုံး ထောင်မှာ ထောင်ကျခဲ့သူတဦး သူရက်စေ့ပြီး လွတ်လာပြီးမှပဲ သူပြောပြလို့ ဦးပီတယ်အောင်နဲ့ NLD ပါတီဝင် တွေရဲ့ အခြေအနေကို သိရသာပေါ့” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု၊ လူသတ်မှု၊ လက်နက်မှု စတာတွေနဲ့ စွဲဆိုပြီး အမိန့်ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။ ဒါ့အပြင် ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်တဲ့ တရားရုံးဘက်က သေဒဏ် အရင်ချမှတ်ခဲ့ ကြသာဖြစ်ပြီးနောက် ၎င်းNLD အမတ်တို့ဘက်မှ အယူခံဝင်ပြီး နောက်တွင် ထောင်ဒဏ် တစ်သက် ပြန်ပြောင်း ချခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်သူ့အင်အားစုရဲ့ ဇူလိုင်လ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီက တရားစွဲဆိုထားလို့ အမှုရင်ဆိုင်နေရသူပေါင်း ၁၁၇ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူဦးရေ ၁၄၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံးအကျဉ်းထောင်မှာ အမှုရင်ဆိုင်နေရသူပေါင်း ၇၀ ဦးရှိပြီး ပြစ်ဒဏ် ချမှတ်ခံရသူပေါင်း ၂၀ ရှိသလို ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အမှုရင်ဆိုင်နေ ရသူပေါင်း ၄၇ ဦးနဲ့ အမိန့်ချမှတ်ခံထားရပြီးသူပေါင်း ၁၁၅ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲက အသက်မပြည့်သေးသူ ငါးဦးကိုတော့ မန္တလေး အိုးဘိုထောင်ကို ပြောင်းရွှေ့ ထားတယ်လို့ ဆိုပါတယ်။