• Today is: Friday, March 29, 2024

မောင်တောမြို့နယ်မြောက်ပိုင်းတိုက်ပွဲတွင် ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးလက်နက်ချ၊ ပစ္စတို ၂လက် အပါအဝင် လက်နက်ငယ် ၂၆ လက် သိမ်းဆည်းရမိဟု AA ဆို

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၁၉

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မနေ့ ဇူလိုင် ၁၈ ရက် နံနက်ကတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံသော ရဲမှူးတယောက်အပါအဝင်သုံ့ပန်းစုစုပေါင်း (၁၄)ဦးရှိပြီး ပစ္စတို ၂လက်၊ လက်နက်ငယ် ၂၄ လက်နှင့် ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်း အချို့ကို သိမ်းဆည်း ရမိထားသည်ဟု ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြောင်း အေအေသတင်းများကို ဖော်ပြနေသည့် Arakan Princess Media တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်)ရွာ အကြားတွင် မနေ့ ဇူလိုင်၁၈ ရက် တိုက်ပွဲမှာ မိုးထ(၉)နာရီခန့်တွင် တကြိမ်၊ မိုးထ (၁၀) နာရီ(၃၀) မိနစ်မှာ မောင်တောမြို့နယ်၊ ဒုံးကုလားရွာနန့် ဝက်ကျိန်းရွာ အကြားတွင် တကြိမ် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

၎င်းတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အေအေပြောခွင့်ရသူ ဦးခိုင်သုခက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက် နေ့လယ်(၁၂) နာရီ (၂၅) မိနစ်အချိန်တွင် ထိုင်း-ကရင်နယ်စပ်နား KNLA တပ် မဟာ(၅) ဧရိယာ အတွင်းရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့မှုအတွင်း ရဲဘော် ၆ ဦးသေဆုံးမှုအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟုပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် နေရာအချို့မှ ပစ်ကူ မှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လာရောက်သည့် စကစ စစ်ကူတပ်များနှင့်လည်း တိုက်ပွဲ အချို့ဖြစ်ပွားခဲ့ကြောင်း၊ တောင်ပြို လက်ယာ နခခ(၆)၊ ကြိမ်ချောင်း နခခ(၇)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်း ရဲကင်းစခန်း၊ အခြားသောနေရာအချို့မှ လက်နက်ကြီးများဖြင့် ညနေ(၅) နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

(ဓာတ်ပုံ- Arakan Princess Media)