• Today is: Friday, March 29, 2024

နှစ် နှစ် ဆက်တိုက် အနှုတ်လက္ခဏ ပြလာနေပြီ ဖြစ်သော မြန်မာ စီးပွားရေ

နှစ် နှစ် ဆက်တိုက် အနှုတ်လက္ခဏ ပြလာနေပြီ ဖြစ်သော မြန်မာ စီးပွားရေး

လှစိုးဝေ

အမေရိကန် တ‌ဒေါ်လာလျှင် ၂,၅၀၀ ကျပ် အထိ ဖြစ်လာနေသော်လည်း မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း အဖွဲ့သည် လူများ ထမင်း မငတ်သေးသရွေ့ ၎င်းတို့၏ အုပ်ချုပ်မှု အောင်မြင်နေပြီဟု ကိုယ့်ကျော ကိုယ်ပုတ်ကာ နှစ်သိမ့်နေကြရပြီ ဖြစ်သည်။

နိုင်ငံများ အလိုက် ရင်းနှီးမြုပ်နှံသင့် မသင့် အမြဲလို ဆန်းစစ်ပေးသည့် Fitch Group မှ မြန်မာသည် ယခု အနေအထားကို ၂၀၂၈ အထိ အဖတ်ဆယ်နေရဦးမည်ဟု ခန့်မှန်းချက် ထုတ်ပြန်လာခဲ့သည်။ လတ်တလော ပြေလည်သွားမည့် အ‌လားအလာ လုံးဝ မရှိဟု ဆိုသည်။

စက်တင်ဘာလ တွင် ကုန်မည့် ဘတ်ဂျက်ရာသီ အတွက် တိုင်းပြည် စီးပွားရေးသည် ၅.၅% ထပ်မံ ကျဆင်းဦးမည်ဟု ခန့်မှန်းထားသည်။

ရှေ့လမည့် လများ အတွင်း စိန်ခေါ်မှုများ အပြင်းအထန် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ဆိုသည်။

အာဏာသိမ်းပြီး ၁၈ လ အတွင်း လူပေါင်း ၂,၁၀၀ ခန့် သေဆုံး၊ သောင်းနှင့် ချီ၍ အဖမ်းခံထားရသည့် အပြင် UNHCR စာရင်းများအရ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူ ပေါင်း ၁.၁ သန်း ရှိနေပြီ ဖြစ်သည်။

လူမှုစီးပွားရေး အထွေထွေ ကျပ်တည်းမှုကြီးကြောင့် လူထု အတွင်း မကျေနပ်မှုများ တိုးပွားသည်ထက် တိုးပွားလာနေပြီး လက်နက်ကိုင် တိုက်ခိုက်ရန် ဝန်လေးကြတော့မည် မဟုတ်၊ ထို့အတွက် လူမှု စီးပွား အခြေခံ အဆောက်အအုံများ ပို၍ ပြိုလဲလာဖို့ ရှိနေပြီး လုပ်ငန်းများ ပုံမှန် မလည်ပတ် နိုင်တော့ပဲထိခိုက်လာတော့မည် ဖြစ်သည်ဟု Fitch အစီရင်ခံစာ က ဆိုသည်။

အကယ်၍ ၂၀၂၃ တွင် ကမ္ဘာကုန်စည်ဈေးနှုန်းများ ကျဆင်းလာပြီး ငွေဖေါင်းပွနှုန်း လျော့ကျလာမည် ဆိုက မြန်မာ၏ စီးပွားရေး တိုးတက်မှုသည် ၂.၃% အထိ ပြန်မြင့်တက်လာနိုင်သော်လည်း ကျဆင်းလာနေသော လူဦးရေ တဝက်နီးပါး ဆင်းရဲတွင်း နက်လာနေသည့် လူနေမှု အဆင့်အတန်းကိုမူ ‌တိုးတက်အောင် လုပ်နိုင်စွမ်း မရှိသည့် ပမာဏ ဟု The Diplomat ဆောင်းပါးမှ Fitch ကို ကိုးကား၍ ရေးသားထားသည်။

ထိုအနေအထား ရောက်နေသည့် တိုင် ကိုယ့်ကျောကိုယ် သပ်နေသော မင်းအောင်လှိုင်သည် မည်သို့သော ဝေဖန်မှု မျိုးကို မဆို “သူတို့ကတော့ ဒီလိုပဲ ပြောမှာပေါ့” ဟု အမြဲလို ပယ်ချတတ်လေ့ ရှိသည်က ပို၍ ဆိုးလာဖို့သာ ရှိတော့သည်။

တကမ္ဘာလုံး စစ်ရေး နှင့် ကပ်ရောဂါ ဘေးကြောင့် မနည်း ရုန်းကန်နေရချိန်တွင် မြန်မာသည်စစ်တက္ကသိုလ် ကျောင်းပညာမျှဖြင့် တက်၍ စီပွားရေး စီမံ အုပ်ချုပ်နေခြင်းကို ခံနေရသည့် အပြင် မည်သည့် နိုင်ငံ၊ မည်သည့် ဘဏ်လုပ်ငန်းများက မှ ငွေတပြားတချပ်မှ ချေးယူ၍ မရ၊ တရုတ်တို့ပင် ပြန်မရ နိုင်ငံ ချေးမည်မဟုတ်တော့။

တိုင်းပြည် စီးပွားရေးက ‌ပြိုလဲလုမတတ် ဖြစ်လာနေသည်၊ သီရိလင်္ကာထက်ပင် ပိုဆိုးဖို့ ရှိနေသည်၊ သီရိလင်္ကာသည် ဒေဝါလီ ခံခဲ့ရသော်လည်း နိုင်ငံကို ပြန် အဖတ်ဆယ်ဖို့ ငွေချေးရန် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ (IMF) နှင့် ဆွေးနွေးနေပြီ ဖြစ်သည်၊ လက်ရှိ မြန်မာပြည် အနေအထားက မင်းအောင်လှိုင် နှင့် အဖွဲ့ ရှိနေ၍ ကတော့ ပစ်ထားကြမည်သာ ဖြစ်သည်၊ ဤသည်က မြန်မာပြည် အတွက် သီရိလင်္ကာ နှင့် မတူ သည့် အကျပ်အတည်းကြီး ကျလာနိုင်သည်။

ယခုပင် အော်ရီဒူးသည် လုပ်ငန်းများ လက်လွှဲရောင်းချရန် ဆွေးနွေးနေပြီ ဖြစ်သည်ဟု စင်္ကာပူ သတင်းဌာန Channel News Asia မှ အထူးသတင်းတပုဒ် အဖြစ် ဖေါ်ပြလာသည်။ တန်ဖိုး မည်မျှ နှင့် ရောင်းချမည်ကို မသိရသေးသော်လည်း ဝယ်ယူနိုင်ရန် အလားအလာ ရှိသူ သုံးဖွဲ့ ရှိနေသည်ဟု ဆိုသည်။
ထိုအတိုင်းဆိုက MPT နှင့် Mytel သာ ကျန်တော့၍ အခွန်ငွေများ လည်း ၎င်းတို့ ပေးသလောက်သာ ရတော့မည် ဖြစ်၍ ထပ်မံ ဆုံးရှုံးရဖို့ ရှိလာနေသည်။

လာရောက်ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများလည်း မြန်မာနိုင်ငံတွင် လုပ်မည် ဟု ပါးစပ်ဟလိုက်သည်နှင့် မည်သူမျှ ငွေထုတ်ချေးတော့မည် မဟုတ်ပေ။ ကြွေးဆပ်ခွင့် မပြုဟူသော အမိန့်ကြောင့် အရင်းပင် ပြန်ရဖို့ လမ်းမမြင်ပေ။ ထိုသို့ ကြွေးဆပ်ခွင့် ပိတ်ပင်လိုက်ခြင်းသည်ကပင် ဒေဝါလီ ခံဖို့ ကနဦး ခြေလှမ်းပင် ဖြစ်သည်ဟု ဧရာဝတီသတင်းက ထောက်ပြလာခဲ့ပြီ ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့ အတွက် တခုတည်းသော ထွက်ပေါက်က သယံဇာတ ပစ္စည်းများပင် ဖြစ်သည်၊ ထိုမှ ရရှိလာသော နိုင်ငံခြား ငွေများကို တိုက်လေယာဉ်များ ဗုံးကြဲရန် စရိတ်အတွက် မဖြစ်မနေဖယ်ထားရန် လိုလာ၍ ပိုသည့် ငွေများဖြင့် လည်ပတ်ရဖို့ ရှိနေသည်။

လက်ရှိတွင် လက်ဝယ်ရှိ ဒေါ်လာငွေများ ပြတ်လတ်လာနေ၍ အရင်ကလို ဈေးကွက်သို့ ထုတ်မရောင်းနိုင် ဖြစ်လာနေသည်။

ကြံရာမရ ဖြစ်လာသော အာဏာသိမ်း အဖွဲ့သည် အာဆီယံ အထူး သံတမန်ကို ထပ်မံ ပင့်ဖိတ်၍ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ပေးတွေ့တော့ မည် ဖြစ်သည်ဟု ယူဆရသည်။

ပရပ် ဆော့ဟွန်းသည် ကုလ အထွေထွေ ညီလာခံ မတိုင်မီ စက်တင်ဘာလ လယ်တွင် မြန်မာပြည်သို့ နောက်တခေါက် ထပ်လာဖို့ ရှိသည်ဟု Channel News Asia နှင့် တွေ့ဆုံခန်းတွင် ထုတ်ပြောလာသည်။

ပရပ်ဆော့ဟွန်းသည် ရူးသွပ်နေသူ မဟုတ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရပဲ တတိယအကြိမ် ပြန်လာမည် မဟုတ်ပေ၊ သူ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ပြီး မြန်မာနိုင်ငံ ၏ အနာဂတ် အပေါ် သူမ၏ အမြင်၊ လက်ရှိ အကျပ်အတည်းမှ မည်သို့ ရုန်းထွက်နိုင်မည် အစရှိသည်တို့ကို မေးမြန်းမည် ဟု ဆိုသည်။

ပရပ် ဆော့ဟွန်းသည် မြန်မာပြည်သူများ လုံးဝ လက်မခံနိုင်တော့သော အမျိုးသား ရင်ကြားစေ့ရေး ဆိုသည့် politically incorrect စကားအား ပြောနေသရွေ့ မည်သို့မျှ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။

လုပ်ချင်တာ လုပ်ပြီး အရင်လို ပြန်ပြီး သင့်သင့်မြတ်မြတ် နေသွားကြရအောင် ဆိုသည်ကို မည်သူ လက်ခံ နိုင်ပေမည်နည်း။

ယခု ပြည်သူတို့၏ တော်လှန်ရေးသည် ငြိမ်းချမ်းရေး ရယူဖို့ မဟုတ်၊ တိုင်းပြည် အနာဂတ် အတွက် အမြဲလို ဆူးညောင့် ခလုတ်ကြီး ဖြစ်နေသည့် စစ်အာဏာရှင် စနစ်အား အမြစ်မှ ဆွဲနှုတ်ရန်ပင် ဖြစ်သည်။