• Today is: Tuesday, April 16, 2024

မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှု စစ်ကောင်စီ၏ ကနဦးကန့်ကွက်ချက်အားလုံး ပယ်ချခံရ

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၂

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အမှုကြီးတစ်ခုလုံး မဆုံးဖြတ်ခင် မြန်မာဘက် ကနေ စစ်ကောင်စီ တင်ပြထားသည့် ကန့်ကွက်ချက်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို နယ်သာလန်နိုင်ငံမှာ ဒီကနေ့ ကြေညာခဲ့ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့် မသင့် ကိစ္စကို မြန်မာဘက်ကနေ စစ်ကောင်စီက ကနဦးကန့်ကွက်ချက် လေးချက်တင်ထားတဲ့ လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာဘက်ကနေ စစ်ကောင်စီက ကန့်ကွက်ထားသည့် အချက် ၄ ချက် ကတော့
၁။ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ တရားစွဲလို့ မရကြောင်း။
၂။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံဟာ ဒီဖြစ်ရပ်ကြောင့် တိုက်ရိုက် နစ်နာတဲ့နိုင်ငံမဟုတ်တဲ့အတွက် တရားစွဲဆိုနိုင်တဲ့အနေအထား မရှိကြောင်း။
၃။ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးပဋိညာဉ်ကို မြန်မာနိုင်ငံ လက်မှတ်ရေးထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ခြွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို တရားစွဲဆိုလို့ မရကြောင်း။
၄။ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက်အငြင်းပွားမှု ရှိမနေလို့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့်မရှိကြောင်း တို့ဖြစ်ပါတယ်။

လက်ရှိတွင် မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ခန့်ထားသည့် ဦးကိုကိုလှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က သွားရောက် ရင်ဆိုင်ဖြေရှင်းနေပါတယ်။