• Today is: Thursday, March 28, 2024

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော် တို့လေးဦးပေါ်  စစ်ကောင်စီ သေဒဏ်ပေးကွပ်မျက်ခဲ့မှုကို CJDC အပြင်းအထန်ထန်ရှုံ့ချ

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၆
တော်လှန်ရေးညီအစ်ကိုများဖြစ်ကြသော ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော် တို့လေးဦးအား အကြမ်း ဖက်စစ်ကောင်စီမှ သေဒဏ်ပေးကွပ်မျက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ လူမဆန်သောလုပ်ရပ်များ အပေါ် Chinland Joint Defense Committee အနေဖြင့် အပြင်းအထန်ထန်ရှုံ့ချပြီး စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်သည်။
“သူတို့က နိုင်ငံရေးအကျဉ်းသားဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ အခုလို ကြိုးမိန့် ပေးတာဟာ နိုင်ငံတကာ ဥပဒေ စံချိန်စံနှုန်းနဲ့လည်း မကိုက်ညီဘူး။ ချိုးဖောက် တာဖြစ်တယ်။ အကယ်လို့ သူတို့က နိုင်ငံရေး အကျဉ်းသား မဟုတ်ဘဲ လက် နက်ကိုင်တပ်ဖွဲ့ဆိုရင်တောင် စစ်သုံ့ပန်းဖြစ်ပါတယ်။ သတ်လို့ မရပါဘူး။
GENEVA CONVENTION ကိုဆန့်ကျင်ရာရောက်တယ်။ ကျနော်တို့ CJDC အနေနဲ့လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က တစ်ဦးတစ်ယောက်ကိုမှ သတ်ဖြတ်သာ မလုပ်ခဲ့ဘူး။ စစ်အတွင်းမှာ လက်နက်ချင်းသတ်ဖြတ်တာကတော့ စစ်ရဲ့သဘော သဘာဝဖြစ်တယ်။
ကျနော်တို့ CJDC အနေနဲ့ကတော့ GENEVA CONVENTION ကို လိုက်နာ တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အခုလို စစ်ကောင်စီကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ကြိုးပေးသတ်ဖြတ်လုပ်နေတာကို အပြင်းထန် ကန့်ကွက် ရှုံ့ချပါတယ်”ဟု ချင်းလဲန်း ကာကွယ်ရေး ပူးပေါင်းကော်မတီ (CJDC) အထွေထွေအတွင်းရေးမှူး ဆလိုင်းတင်မီက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။ 
စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်းမှစ၍ ချင်းပြည်ထောင်အတွင်း စစ်ရာဇဝတ်မှု (War Crime) နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) များကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားသည်။
Chinland Joint Defense Committee သည် ချင်းပြည်ထောင်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး အပါအဝင် မြို့နယ်/ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း (၁၈) ဖွဲ့ဖြင့် ဖွဲ့စည်း ထားသောကော်မတီဖြစ်ပြီး နိုင်ငံတကာဥပဒေများကို တစိုက်မတ်မတ် လိုက်နာကျင့်သုံးခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။