• Today is: Friday, April 26, 2024

စစ်အုပ်စု သေခန်းပြတ် ဇာတ်သိမ်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၆

အာဏာသိမ်း စစ်အုပ်စုကို သေခန်းပြတ် ဇာတ်သိမ်းနိုင်ရေး အစဉ်တစိုက် ကြိုးပမ်း‌ ဆောင်ရွက်သွားမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)က ဇူလိုင် ၂၅ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဒီမိုက‌ရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် အခုလို သဘောထားထုတ်ပြန်လိုက်တာပါ။

NRFF က‌ ပြည်သူ့တရားစီရင်ရေးနဲ့ ဆန့်ကျင်ပြီး သေဒဏ်စီရင်ခဲ့တာဟာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေသူတွေကို ရန်သူသဖွယ် သတ်မှတ်လိုက်ကာ ပြည်သူလူထုရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို မတရားသဖြင့် အသက်ပေးသွားရတဲ့ တတော်လှန်ရေးသူရဲကောင်းတွေရဲ့ မိသားစု၊ ဆွေမျိုးသင်္ဂဟ‌တွေ၊ မြန်မာနိုင်ငံရှိ မိဘပြည်သူတစ်ရပ်လုံးနဲ့ မိမိတို့ အနေနဲ့ ထပ်တူ အတိုင်းမသိ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဒါကြောင်ြ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံတကာနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေက ဦးဆောင်ဦးရွက် တိုက်တွန်းလုပ်ဆောင်နေတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေနဲ့ ဆန့်ကျင်နေတာမို့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ သဘောထားလုံး၀မရှိကြောင်း ပြသနေတာ ဖြစ်တယ်လို့ NRFF က ထုတ်ပြန်ထားပါတယ်။