• Today is: Friday, April 19, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 87, November 25, 2022)

 

၁။ တော်လှန်ရေးအကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ ခပ်စိပ်စိပ်ရှိလာတယ်လို့ KNDF ဆို
November 24, 2022

ကရင်နီပြည် မှာ နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးကို အကြောင်းပြပြီး လူထုတွေဆီ ခြိမ်းခြောက်ငွေ တောင်းခံမှုတွေ ခပ်စိပ်စိပ်ရှိလာနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဗဟိုစုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ (ITF) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ လူတွေအများစု ကြုံရတာကတော့ အဖွဲ့စည်းတစ်ခုခု ပေါ့လေ။ ကျနော်တို့ KNDF အပါအဝင် လက်နက်ကိုင်အဖွဲ့စည်း တစ်ခုခုက ထိန်းချုပ်ထားတဲ့နေရာတွေကို ဖြတ်သန်း သွားလာတဲ့အခါမှာ စစ်ဆေးရင်းနဲ့ တားမြစ်ကုန်တွေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သော်လည်းကောင်း၊ အခြားအကြောင်းပြချက်အမျိုးမျိုးနဲ့ သော်လည်း ကောင်း ငွေကြေးကောက်ခံတာမျိုး ဂိတ်ကြေးကောက်ခံတာမျိုးတွေ တခါတလေ ကားတွေ ဖမ်းဆီးပြီးမှ ပြန်လာရွေးခိုင်း တာမျိုး တွေ ဒါတွေက ကြုံရတာတွေ တစ်ပိုင်းရှိတယ်။ ဒုတိယ တစ်ပိုင်းကတော့ လုပ်ငန်းရှင်တွေကို ပိုပြီး ဦးတည်တယ်လို့ ယူဆလို့ရ တယ်။ အခုလိုမျိုး ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။ ငွေပမာဏများများနဲ့ပေါ့နော တော်လှန်ရေးအတွက် အကြောင်းပြုတယ်။ တချို့ ကတော့ ဒလန် ဖြစ်လို့လာ ဘာလဲ ခေါင်းစဉ်အမျိုးမျိုးနဲ့ တောင်းကြတာမျိုးတွေဖြစ်တယ်။ ငွေ ကျပ်သိန်းရာနဲ့ချီပြီး တောင်းကြ တာမျိုးတွေဖြစ်တယ်။ ဆိုတော့ အရေအတွက်တော့ အတိကျကို အလုံးစုံတော့ မသိနိုင်ဘူး။ သို့သော် ကျနော်တို့ထင်တယ်။ ကြုံတွေ့ရမှုတွေကတော့ တစ်ဆထက်တစ်ဆ နီးနီးကပ်ကပ်လေး ဖြစ်လာတယ်ပေါ့။ စိပ်စိပ်လေး ဖြစ်လာတာပေါ့။” လို့ သူက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ထဲက တပ်ဖွဲ့ဝင်တချို့က အကောက်အခွန်ပုံစံမျိုးနဲ့ငွေတောင်းခံတာတွေ၊ တစ်ချိန်က တော်လှန်ရေးတပ်ဖွဲ့ထဲ ပါဝင်ခဲ့ပြီးလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်တော့ပေမယ့် အဖွဲ့အစည်းတစ်ခုယောင် ဆောင်ပြီး ငွေတောင်းခံတာတွေ စတဲ့ပုံစံမျိုးတွေနဲ့ ငွေတောင်းခံနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“တကယ်ပဲလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ အစုအဖွဲ့ထဲက တချို့ပါတယ်။ သို့သော် အဲဒီအဖွဲ့က ဆုံးဖြတ်ချက် ရှိရှိနဲ့ တစ်ဖွဲ့လုံး လုပ်တယ်လို့တော့ ကျနော်တို့ မဆိုလိုဘူး။ အဲဒီအဖွဲ့မှာပါဝင်တဲ့ လူပုဂ္ဂိုလ်တချို့က တစ်ဦးစ နှစ်ဦးစ သို့မဟုတ် ရင်လည်း လေးငါးယောက်လောက်က စုပေါင်းပြီးတော့မှ စိတ်ပိုင်းအရသော်လည်း ကောင်း လူပုဂ္ဂိုလ်ရေးအရသော်လည်း ကောင်း ဒါကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ကျနော်တို့ ယူဆရတယ်။” လို့ သူက ပြောပါတယ်။ အဲဒီလို ငွေတောင်းခံမှုတွေ ရှိခဲ့ရင် KNDF ကိုတိုင်ကြားနိုင်ပြီး အဲဒီကနေတဆင့် KNDF တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အရေးယူတာတွေ၊ တခြားတော်လှန်ရေး တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် ညှိ့နှိုင်းဆောင်ရွက်ပေးတာတွေ၊ အရပ်သားဖြစ်မယ်ဆိုရင် ကရင်နီပြည် ရဲဌာန (KSP) ထံ လွှဲပြောင်း တာတွေပြုလုပ်သွားမယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ (ITF) မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။ “ပြည်သူ လူထုက ဒီလိုခြိမ်းခြောက်ငွေညှစ်မှုကို တိုင်ကြားလာတဲ့အခါမှာ ကျနော်တို့ KNDF ဗဟိုကော်မတီကနေလည်း ကျနော်တို့ ITF ကို တာဝန်ပေးပြီးတော့မှ ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားမှုတွေ ရှိလာခဲ့ရင်တော့ ဘယ်သူဘယ်ဝါရယ် မခွဲခြားပဲနဲ့ မျက်မြင်ကိုယ်တွေ့ပေါ့နော။ ဥပမာငွေကြေးတောင်းခံတဲ့ဖြစ်စဉ်ကို ကျနော်တို့ သွားပြီးတော့ စောင့်ကြပ်တဲ့အချိန်မှာ ဘယ်သူ ဘယ်ဝါမခွဲခြားပဲနဲ့ ထိထိရောက်ရောက်ဖမ်းဆီးပြီးတော့မှ အရေးယူဆောင်ရွက်မှုတွေလုပ်ကောင်းလုပ်နိုင်လိမ့်မယ်။” လို့ ဗဟို စုံစမ်း စစ်ဆေးရေးလုပ်ငန်းအဖွဲ့ ( ITF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အခုလိုခြိမ်းခြောက်မှုတွေကို KNDF ကနေ ITF ဖွဲ့စည်းပြီးနောက် ၃ကြိမ် ဖမ်းဆီးရမိခဲ့ပြီး အဲဒီမတိုင်ခင်မှာလည်း ဖမ်းဆီးရမှုတချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗဟိုစုံစမ်းစစ်ဆေး ရေး လုပ်ငန်းအဖွဲ့ ( ITF ) ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ KNDF စတင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

၂။ တိုက်ပွဲများကြောင့် ညောင်လေးပင်၊ ရွှေကျင်မှ စစ်ဘေးရှောင် ဒေသခံ ကလေးငယ် ၉၀၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေ
November 24, 2022

KNU တပ်မဟာ(၃) နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်၊ ရွှေကျင်မြို့ နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင် ဒေသခံ ကလေးငယ် ၉၀၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေ ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှ ယခု နိုဝင်ဘာလအထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပါဝင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၃၀၀၀၀ ကျော် တိမ်းရှောင်နေရသည်။ ယင်းအထဲတွင် ကလေးသူငယ် ဦးရေ ၉၀၀၀ ကျော်ပါဝင်ပြီး အများစုမှာ ကျောင်းသားကျောင်းသူ ပညာ သင်အရွယ်များဖြစ်ကာ လက်ရှိတွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ကရင်လူငယ်အဖွဲ့ အစည်း (KYO) တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ကေအန်ယူ တပ်မဟာ ၃ နယ်မြေထဲမှာ တိုက်ပွဲတွေ ခဏခဏဖြစ်တာနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဒေသခံ သုံးသောင်းဝန်းကျင်ထဲမှာ ပညာသင်ကြားနေဆဲ ကလေးအရေအတွက်က ကိုးထောင်ကျော် ရှိတယ်။ သူတို့က အခုလို ထွက်ပြေးတိမ်းရှောင် နေရတဲ့အတွက် ပညာမသင်ယူနိုင်ကြ တော့ဘူး” ဟု (KYO) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ စာသင်ပေးဖို့ အတွက် ယာယီကျောင်းတွေဖွင့်ဖို့ ကြိုးစားတာ အဆင်မပြေဘူးဖြစ်နေတယ်။ အကြောင်းအရင်းအနေနဲ့ စစ်တပ်တွေက တိမ်းရှောင်နေရသူတွေရှိတဲ့ ရွာတွေ တောတောင်ထဲကို အင်အားအများပြားနဲ့ စစ်ကြောင်းထိုးနေတာ။ လက်နက် ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပါလုပ်တော့ ထပ်ရှောင်ရတယ်။ ကလေးငယ်တွေနဲ့ ဆရာ၊ ဆရာမတွေအတွက်ပါ လုံးဝကို အဆင်မပြေဘူး ” ဟု စစ်ဘေးရှောင်များကို စာသင်ကြားပေးနေသူ ဆရာမတစ်ဦးက ဆိုသည်။ ထို့အပြင် ပညာသင်ကြားပေးရန် လိုအပ်သည့် စာရေးကိရိယာများနှင့် သင်ထောက်ကူ ပစ္စည်းများ သယ်ဆောင်ရန်အတွက် စစ်ကောင်စီတပ်၏ တင်းကြပ်စွာ စစ်ဆေးဖမ်းဆီးမှုများကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများ ထံကသိရ သည်။ ထိုသို့ စစ်ဘေးရှောင် ကလေး သူငယ်များ ပညာသင် အခွင့်အရေး ဆုံးရှုံးနေရသည့် အပေါ် ပြည်တွင်း ပြည်ပမှ အကူအညီ များ ပိုမိုပေးအပ်ကြရန် ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကေအန်ယူ ပညာရေးအဖွဲ့များ အပါအဝင် ကရင် အရပ်ဖက်အဖွဲ့ အစည်းများက တောင်းဆိုထားသည်။

၃။ ဖားကန့်တွင် အရပ်သားကားတစီးကို စစ်တပ် ပစ်ခတ်၊ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ
November 24, 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီး ကောင်ဆန်ကျေးရွာမှာ အရပ်သားကားတစီးကို စစ်ကောင်စီတပ် က ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး စီးနင်းလာတဲ့ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အတွက် စစ်တပ်ဘက်က ပြည်သူတွေကို ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “စစ်ကား အရင် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ အဲ့မှာ စစ်သားတွေသေပြီး ဒဏ်ရာရသူတွေရှိတော့ ပြည်သူတွေကားကို ပြန်ပစ်တာ။ နေ့လယ် ၁ နာရီလောက်က ဟုတ်တယ်။ ကား ၂ စီးက ရှေ့ဆင့် နောက်ဆင့် သွားနေတာ အပစ်ခံရတာ။ တယောက်သေတယ်၊ တယောက်က ဒဏ်ရာပြင်းတယ်။” သေဆုံးသူဟာ ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက်က အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးပါတဲ့ ကားတစီးဟာ‌ စဘော်မှော်နား သွားလာနေတဲ့အချိန် ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့ တာကြောင့် ကားမောင်းတဲ့ စစ်ကောင်စီတပ်သား တယောက် သေဆုံးပြီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီလောက်ကလည်း ကောင်ဆန်ကျေးရွာအနီး သောင်းကော့ဘက်ကို စစ်ကောင်စီက လက်နက် ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကာ အရပ်သား ၁ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။ ကောင်ဆန်၊ သောင်းကော့နဲ့ ကရင်ချောင် ကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင် နေရာယူထားပြီး တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ဖားကန့်မြို့ပေါ်ထွက် ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီက ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း ဖြစ်ပါတယ်။

၄။ လမ်းပန်း ဆက်သွယ်ရေးအခက်ခဲကြောင့် မြေပုံနှင့် ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် ရိက္ခာ များပြတ်လပ်
November 24, 2022

ရခိုင်ပြည်၊ မြေပုံမြို့နှင့် ပေါက်တောမြို့နယ်တို့တွင်ရှိသည့် ငှက်ချောင်းဒုက္ခသည်စခန်းတို့တွင် စားနပ် ရိက္ခာထောက်ပံ့မှု မရ ရှိနေသည်မှာ ၃လခန့် ရှိပြီး ဖြစ်ကြောင်း စခန်းတွင်းနေထိုင်သူများကပြောသည်။ အဆိုပါစခန်း ၂ ခုထဲမှ မြေပုံမြို့ရှိ ဒုက္ခသည် စခန်းမှာ ရိက္ခာထောက်ပံ့မှုမရရှိသည်မှာ ၃ လခန့်ရှိပြီဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးအခက်ခဲကြောင့် ထောက်ပံ့သည့် အဖွဲ့ အစည်းအနေဖြင့် မလာရောက်နိုင်ခြင်းဟု သိရကြောင်း မြေပုံဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ပုံမှန် WFP ကထောက်ပံ့နေတာပါ။ အခုတော့မရောက်တာ ၃ လကျော်လာပြီ။ သူတို့လာမထောက်ပံ့နိုင်တဲ့အကြောင်းကတော့ လမ်းပန်း ဆက်သွယ်ရေးအဆင်မပြေတာကြောင့်လို့ပြောတယ်။ ခုဆိုစခန်းမှာ ဘာအထောက်အပံ့မှမရှိပါဘူး”ဟုပြောသည်။ မြေပုံ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၇၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ခန့် ခိုလှုံနေသည့် စခန်းတစ်ခုဖြစ်ပြီး ငှက်ချောင်း IDP အမှတ် ၁ တွင် အိမ်ထောင်စု ၁၀၅၉ အိမ်နှင့် လူဦးရေအားဖြင့် ၅၂၀၀ ခန့်ရှိသလို အမှတ် ၂ စခန်းတွင်လည်း လူဦး ရေ ၅၀၀၀ နီးပါးခန့်ရှိသည်။ ထိုနည်းတူ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်းဒုက္ခသည်စခန်းမှာလည်း ယခုလတွင် ရိက္ခာထောက်ပံ့ မှုမရရှိဖြစ်နေသည်ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“ဒီစခန်းကိုလည်း WFP ကထောက်ပံ့နေတာပါ။ အရင်လတွေကတော့ ထောက်ပံ့မှုရပါသေးတယ်။ ဒီလမှာတော့ အစိုးရ ဆီကလာခွင့်လက်မှတ်မရဘူးလို့ပြောတယ်။ ဒီဖက်တွေမှာ လမ်းကြောင်းတွေကလည်း အကုန်ပိတ်ထားတာဆိုလည်း လုပ်ကိုင် စားသောက်ရတာကလည်း အတော်ခက်ခဲပါတယ်” ဟုပြောသည်။ အဆိုပါစခန်း ၂ ခုထဲမှ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း ဒုက္ခသည် စခန်းမှာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်တိုက်းဒဏ်ကြောင့် ရိက္ခာများပျက်စီးဆုံးရှုံးမှုတို့ နှင့်လည်း ကြုံခဲ့ရသည်။ အဆိုပါစခန်း ၂ ခုကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအစီစိုင် WFP မှ ဆန်အပါအဝင် ပဲ၊ ဆီနှင့် ငွေကြေး များထောက်ပံ့ပေးခြင်းဖြစ်သည်။ တစ်ကျော့ပြန်တိုက်ပွဲတွင် ထိုသို့ပိတ်ဆို့မှုပြုလုပ်ထားသည့်အပြင် လူသားချင်းစာနာမှု အကူညီ များပေးနေသည့် NGO/INGO အဖွဲ့အစည်းများကိုလည်း ရခိုင်ရှိမြို့နယ် ၈ ခုအား သွားလာခွင့်ကန့်သတ်ထားခြင်းဖြစ်သည်။ အဆို ပါ ဒုက္ခသည်စခန်း ၂ ခုမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုင်ငံရေးပဋိပက္ခကြောင့်ထွက်ပြေးလာ ကြသူများဖြစ်သည်။

၅။ တန့်ယန်း ဆီးချိုရောဂါသည် အမျိုးသမီး ရွာပြင်ထုတ်ခံရ ဆေးကုသရန်ခက်ခဲ
November 24, 2022

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟိုတာကျေးရွာအုပ်စု ပန်ယာရုံကျေးရွာ ဆီးချိုရောဂါဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး ကို ရွာသူကြီးမှ ရွာပြင်ထွက်နေခိုင်းကာ ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဆီးချိုဝေဒနာခံစား ရသည့် အမျိုးသမီး မနွန်း သည် ၂၅ နှစ်သာရှိပြီး ယခုနှစ်စပိုင်းမှစပြီး ဆီချိုရောဂါ စတင်ဖြစ်ပွားကာ ဆေးပုံမှန်မကုသရသဖြင့် ဇွန်လပိုင်းတွင် ခြေချောင်းများ ပုတ်ပွလာသောကြောင့် ရွာသူကြီးမှ သူမကို ရွာပြင် ထွက်နေခိုင်ကြောင်း လက်ရှိ မနွန်းကို ကူညီ ပေးနေသည့် အမျိုးသမီး က ပြောသည်။ “ သူက ၂၅ နှစ်ပဲရှိသေးတယ်။ သူဆီးချိုဖြစ်တာ ၈ လလောက်ရှိပြီသူဖြစ်တာ။ ၃ လ အကြာမှာ ခြေချောင်းတွေပုတ်နေပြီ။ အဲလိုဖြစ်တော့ ရွာမှာ မပေးနေတော့ဘူး။ ရွာပြင်မှာသွားနေခိုင်းထားတဲ့” ဟု ၎င်း ကူညီပေး နေသည့်အမျိုးသမီးက ဆိုသည်။ ထိုအမျိုးသမီးသည် ရွာပြင်မှာ တစ်ယောက်ထဲနေထိုင်ခဲ့ရပြီး ရောဂါကြောင့် ၎င်းအမျိုးသားနှင့် လည်း ကွဲသွားပြီး မိသားစုဝင်များ လည်း သူမကို လက်မခံသဖြင့် ရွာပြင်ထွက်နေရကြောင်း သိရသည်။ “ သူက ရွာပြင်မှာ တစ်ယောက်ထဲသွားနေရတာ။ ဘယ်သူ မှလည်း သူနားမသွားရဲဘူး။ သူကိုယ်သူပဲနေနေရတာ။ သူအိမ်မှာဘယ်လို ပုံစံနေရလည်း သွားမကြည်ရသေးဘူး။ ရွာက ဆေးခန်း ကိုတော့ သူကိုယ်ကိုယ်သူလာတာ။ ပြီးမှကျမတို့ကို အကူညီတောင်းလာလို့ တန့်ယန်မြို့ ဆေးရုံကို ပို့ပေးလိုက် တာ” ဟု မနွန်း ကို ကူညီပေးသူက ပြောသည်။

လက်ရှိထိုအမျိုးသမီးသည် တန့်ယန်ဆေးရုံတွင် ဆေးကုသခံနေရပြီး ခြေထောက်တစ်ဖက်ကို ဖြတ်ရမည်ဖြစ်ကြောင်း ဆရာဝန်က ပြောသည်။ သို့သော် ဆေးကုသရန်ခက်ခဲနေသောကြောင့် လက်ရှိတွင် သောက်ဆေးသာရရှိခဲ့ပြီး ခြေချောင်းကို မဖြတ်ရသေးကြောင်း သိရသည်။ “ အခုတော့ သူကို ဆေးရုံမှာပို့ထားတယ်။ ခြေထောက်တစ်ဖက်က ဖြတ်ရမယ်တဲ့။ ကျန် တစ်ဖက်ကတော့ မဖြတ်သေးဘူး။ ဆေးစမ်းကြည့်မယ်တဲ့။ တကယ်လို့ ကောင်းရင်တော့ မဖြတ်ရတော့ဘူး။ အခုတော့ သူဘာမှ သေချာမကုရသေးဘူး။ ပိုက်ဆံမလောက်ဆိုပြီး ခြေထောင်မဖြတ်ရသေးဘူး။ သူအတွက် ဆေးကုသဖို့ ငွေကြေးခက်ခဲနေတယ် ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။ အဆိုပါ ဆီးချိုရောဂါသည် သေချာမကုသလာခဲ့ပါက ခြေချောင်း ၊ လက်ချောင်း တွေ ခံစားမှုအာရုံကြောတွေ အားနည်းလာပြီး အနာတွေဖြစ်လာကာ ပြည်တည်ပြီး ပုတ်ပွလာနိုင်ကြောင်း ဆရာဝန်က ပြော သည်။ “ ဆီချိုက မျိုးရိုးအလိုက်လည်းဖြစ်လာနိုင်တယ်။ ပြီးတော့ ကိုယ်တွင် သကြးဓာတ်တွေပိုတာထက်များနေရင်လည်း ဖြစ်နိုင်တယ်။ ဖြစ်ပြီးဆိုရင် ဆေးကုသပေးရန်လည်း ပျောက်ပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးကုသဖို့လိုပါတယ်။ အရမ်း ကြီးကြောက်စရာရောဂါမဟုတ်ဘူး။ ဆေးကုသပေးဖို့ပဲလိုတယ်” ဟု ဆရာဝန်က ပြောသည်။

၆။ ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ
November 24, 2022

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်တွင် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာ သည့်အတွက် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများ ၅၀၀ ဝန်းကျင်းထွက်ပြေးတိမ်းရှောင်းလာသောကြောင့် စစ်ရှောင် အကူအညီ များလိုအပ်နေကြောင်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မှစတင်ကာ ဆိပ်မူကျေးရွာအုပ်စုတွင်ရှိသည့် ကောင်စံ၊ အောင်စု ကျော်၊ သောင်းကော့၊ ပင်လောင်နှင့် မိုးကာရွာ စသည့်ကျေးရွာတို့သည် လက်ရှိတွင် ဆိပ်မူကျေးရွာနှင့် ဆိုင်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရခဲ့ကြောင်း ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောသည်။ “ဒီမနက် ၈ နာရီခွဲ လောက် ကနေ ရောက်လာကြတာဟုတ်တယ်။ စစ်သားတွေက ရွာတွေထဲမှာ သေနတ်တွေပစ်ပြီးဝင်လာကြတယ်။ ပြီးရင် မောင်းထုတ် လာတွေလုပ်တယ်။ စစ်ရှောင်တွေက ရွာထဲမှာ နေလို့မရတော့ဘူးဆိုပြီး ရောက်လာကြတယ်။ အခုသူတို့အတွက် အကူညီတွေလို အပ်နေတယ်”ဟုပြောဆိုသည်။ လက်ရှိထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများသည် ဆိုင်းတောင်ကျေးရွာနှင့် ဆိပ်မူကျေးရွာရှိ ဘုန်းကြီးကျောင်းနေရာများတွင် ယာယီခိုလှုံလျက်ရှိနေသည်ဟုသိရသည်။ စစ်ကောင်စီတပ် လက်နက်ပစ်ခတ် ဝင်ရောက် လာမှုကြောင့် ဒေသခံပြည်သူများအချို့၏ နေအိမ်များ မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၉ ဦးထက်မနည်း လည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။

“ခုလောလောဆယ်တော့ ဒဏ်ရာရထားတဲ့သူတွေကိုလည်း ဆိုင်းတောင်ဘက်တွေမှာ တတ်နိုင်သလောက် ဆေးကုသ နေပေးတယ်။ စစ်ရှောင်တွေအားလုံးလည်း လက်ရှိမှာတော့ တတ်နိုင်သလောက်အလှူခံပြီး ကူညီထားပါ တယ်”ဟု စစ်ရှောင် ကူညီပေးသူများကပြောဆိုသည်။ လက်ရှိ ကျေးရွာနေပြည်သူများ စွန့်ခွာထားသည့် နေအိမ်များတွင် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ထားကြောင်းလည်းသိရသည်။ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ဆိုင်းတောင်၊ ဆိပ်မူအုပ်စု ကျေးရွာများဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုပိုမိုလုပ်ဆောင်နေခြင်းဖြစ်သည်။

၇။ အမေရိကန်ဒုသမ္မတနှင့် ကရင်သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတို့ တွေ့ဆုံ
November 24, 2022

အမေရိကန်ဒုသမ္မတ Kamala Harris သည် Karen Environmental and Social Action Network (KESAN) မှ အမှုဆောင်ဒါရိုက်တာ စောပေါလ်စိန်ထွား အပါအဝင် ဒေသတွင်း လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅ ဦး၊ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကုမ္ပဏီများမှ ကိုယ်စားလှယ် ၅ ဦးတို့အား ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ကြောင်းသိရ သည်။ အမေရိကန်ဒုသမ္မတသည် မဲခေါင်ဒေသခွဲရှိ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအပါအဝင် အခွင့်အလမ်းများကို ဆွေးနွေးရန် တက်ကြွလှုပ်ရှားသူ များနှင့် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။စောပေါလ်စိန်ထွားက သံလွင်မြစ်ကို လွတ်လပ်စွာစီးဆင်းနိုင်စေရန် မဲခေါင်ဒေသခွဲတွင် ပြုလုပ်မည့် အစိမ်း ရောင်စွမ်းအင်စီမံကိန်းများကို အားပေးသော ကြီးမားသည့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှောင်ရှားရန် သမ္မတ ဘိုင်ဒန် အစိုးရ အား တောင်းဆိုခဲ့ကြောင်း ဘန်ကောက်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အမေရိကန်ဒုသမ္မတက ခံနိုင်ရည်ရှိသော ရာသီဥတုဆိုင်ရာ ဖြေရှင်းမှုများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံအသံ များ နားထောင်ခြင်း၏ အရေးပါမှုကို ဖော်ပြသည့်အနေဖြင့် စောပေါလ်စိန်ထွား၏ သတင်းစကားကို အသိအမှတ် ပြုခဲ့သည်။ Kamala Harris က သန့်ရှင်းသောစွမ်းအင် အသွင်ကူးပြောင်းမှု၊ ရာသီဥတုဒဏ်ခံနိုင်သော တည်ဆောက်ရေး နှင့် ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းဖြင့် ရာသီဥတုအကျပ်အတည်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုစသည့် နယ်ပယ်များ တွင် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်နေကြောင်းဆို သည်။ ဆက်လက်၍ ၎င်းက အမေရိကန် နှင့် ထိုင်းနိုင်ငံတို့သည် ကြွယ်ဝပြီး ခံနိုင်ရည်ရှိသည့် အရှေ့တောင်အာရှ၌ အတူမျှဝေထားသော အကျိုးစီးပွားများအား ထပ်မံ အတည်ပြုကြောင်း ဆိုသည်။

၈။ တပ်စခန်းအပြင်ဘက် ထွက်ဖို့ပြင်တဲ့ စစ်ကောင်စီတပ်များကို DMO-PDF တိုက်ခိုက်
November 24, 2022

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ သဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းက စခန်းပြင်ပ ကို ထွက်လာတဲ့ လှုပ်ရှားမှုတွေ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်(DMO-PDF)က တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ (နိုဝင်ဘာ ၂၃ ရက်) မနက် ၅:၀၀ အချိန်ခန့်မှာ စစ်ကောင်စီတပ်များရဲ့ လှုပ်ရှားမှုတွေ့တာကြောင့် မနက် ၈:၃၀ အချိန်ခန့်မှာ တိုက်ခိုက်ခဲ့တာလို့ DMO-PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ၄၅ မိနစ်ကျော်ကြာတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂) ဦး သေဆုံးကာ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DMO-PDF ရဲ့ ပြန်ကြားရေး တာဝန်ရှိ သူက ပြောပြပါတယ်။ “သူတို့တပ်စခန်းထဲကနေ ထွက်လာတဲ့ အရိပ်ယောင်တွေ့တာပေါ့။ အတိအကျမသေချာပေမဲ့ စစ်ကြောင်း ထိုးဖို့လို့ ခန့်မှန်းရတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်သွားတာပါ။ ဒီပွဲမှာတော့ လက်နက်ကြီးတွေ သူတို့သုံးပေမဲ့ ပွိုင့်ဖိုက်တွေ ပိုသုံး တယ်။ အတွဲလိုက်ပဲ အကြာကြီးပစ်နေတာ။ ကျတော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး။ တိုက်ပွဲပြီးတော့ အပြင်ထွက် လာတဲ့ကောင်တွေ သူတို့စခန်းထဲ သူတို့ ပြန်ဝင်သွားကြတယ်ဗျ။” လို့ DMO-PDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြခဲ့ပါ တယ်။ DMO-PDF ရဲ့ ထောက်လှမ်းချက်အရ သဲတောင်မှာ စစ်ကောင်စီအင်အား ၅၀ ထက်မနည်း တပ်စွဲထားတယ်လို့ ခန့်မှန်းရ ကြောင်း ဆက်လက်ပြောပြခဲ့ပါတယ်။ ယမန့်နေ့ မနက်ပိုင်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်း သဲတောင်မှာ တိုက်ပွဲဖြစ်ပွားပြီး နောက် စစ်ကောင်စီဟာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသား တဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

၉။ ပေါက်တောစက်လှေများတွင် စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆေးဝါးများကို အကန့်အသတ်ဖြင့် သယ်ယူနေရ
November 24, 2022

စစ်တွေမြို့မှ ပေါက်တောမြို့သို့ လိုင်းဆွဲ သွားလာနေသည့် ခရီးသည်တင် စက်လှေများပေါ်တွင် စက်သုံးဆီ၊ ဘိလပ်မြေ နှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူနေရကြောင်း လိုင်းစက်လှေသမားများနှင့် ခရီးသည်များထံက သိရသည်။ အဆိုပါ ကုန်ပစ္စည်းများကို ပေါက်တောမြို့နယ် သဲခုံကျေးရွာနားမှာ ရပ်နားထားသည့် မြန်မာစစ်တပ် ဇက်ရေယာဉ်ကနေ ကန့်သတ်ထားခြင်းဖြစ်ကြောင်း စက်လှေသမားများက ဆိုသည်။ ပေါက်တောမြို့နယ် လိုင်းစက် လှေ ပိုင်ရှင်တစ်ဦးက “စက်သုံး ဆီ၊ ဘိလပ်မြေ၊ ဆေးဝါးတွေကို မသယ်ရဘူးပေါ့။ အဲလိုဟာတွေ ပြောတယ်။ အလွန်အကျွံ မသယ်ရဘူးပေါ့။ သုံးဖို့ စားဖို့လောက် ကတော့ ခွင့်ပြုပါတယ်။ အဲလို ကန့်သတ်ချက် တစ်ခုပါ။ ဘိလပ်မြေတွေဆိုရင်လည်း ကျေးရွာလိုအပ်ချက်တွေအတွက် ၃ အိတ် ၅ အိတ် လောက်ပဲ သယ်ခွင့်ပေးတယ်“ ဟု ပြောသည်။ အခြားလိုင်းစက်လှေ ပိုင်ရှင်တစ်ဦးကလည်း စက်သုံးဆီ၊ ဘိလပ်မြေ နှင့် ဆေးဝါးများကို အကန့်အသတ် ဖြင့် တင်ယူနေရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

ထို့ပြင် ယမန်နေ့ နေ့လည် ၂ နာရီလောက်ကလည်း စစ်တွေမြို့ ကိုးရီးယား ဆိပ်ကမ်း (ခ) BXT ဆိပ်ကမ်းအတွင်းတွင် လိုင်းဘုတ်ပေါ်သို့ စက်သုံးဆီပေပါ တင်နေသည်ကို အမည်မသိ လူတစ်စုက သေနတ်ပြကာ ငွေ ၃ သိန်းကို ခြိမ်းခြောက် တောင်း သွားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။ “ မနေ့က ကိုးရီးယားဆိပ်ကမ်းမှာ နေ့လယ် ၂ နာရီလောက်က ဆီပေပါတွေကို လိုင်း ဘုတ်ပေါ် တင်နေတုန်း လူတစ်စု သေနတ်တစ်လက်ကို ပုဆိုးနဲ့ လိပ်ပြီးလာတယ်။ ပြီးတော့ ဆီရောင်းနေတဲ့ ဆိုင်ပိုင်ရှင်ဆီက နေ ငွေ ၃ သိန်း တောင်းသွားတယ်။ ဆီတင်နေတယ်ဆိုပြီးပေါ့။ လက်နက်လည်း ပါတော့ ခြိမ်းခြောက်ပြီး ငွေတောင်းတဲ့ပုံစံမျိုးလို့ မြင်ပါတယ်” ဟု ယမန်နေ့က မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည် အမျိုးသားတစ်ဦးကပြောသည်။ ယခုကဲ့သို့ ဒေသခံများ အမြဲ တမ်း လိုအပ်နေသည့် ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ စက်သုံးဆီများကို အကန့်သတ်ဖြင့် တင်ယူနေရခြင်းကြောင့် နောက်ဆက် တွဲ အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း ခရီးသည်တစ်ဦးက ပြောသည်။ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်ရေးတင်းမာ နေပြီး စစ်တွေ-ပုဏ္ဏားကျွန်းအကြားရှိ အဝေးပြေးလမ်းမကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ပိတ်ထားသည့်အတွက် ကြောင့် ကုန်စည်စီးဆင်းမှုများလည်း ပြတ်တောက်နေပြီး ကုန်စျေးနှုန်းများမှာလည်း မြင့်တက်နေသည်။

၁၀။ လေးကေကော် စစ်ကောင်စီအမြှောက်ကုန်းဘက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဆက်ဖြစ်ပွားနေ
November 24, 2022

မြဝတီ မြို့တောင်ဘက် လေးကေကော်မြို့သစ် ရှုခင်းသာကုန်း အထက်ပိုင်းတွင် စစ်ကောင်စီ အမြှောက်ကုန်းဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့များမှ ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေကြောင်းသိရသည်။ “ခွေးကုန်း (လေးကေ ကော် အမြှောက်ကုန်း)ဘက်မှာ တိုက်ပွဲဖြစ်နေတယ်၊ မနေ့က နေ့ လည်ပိုင်းကတည်းကပဲ၊ အဲ့ကုန်းက စစ်တပ်က အမြှောက်နဲ့ ဝေါလေသေ့ဘောဘိုးနေရာစုံကို ပစ်ကူပစ်ထုတ်နေတာကို ကရင်အဖွဲ့ဘက်က ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့နဲ့ တန်ပြန် ပစ်ခတ်တာတွေလုပ်ပြီး တိုက်နေတယ်။”ဟု KNLA စစ်ရေးနယ်မြေ သတင်း အရင်းအမြစ်က ပြောသည်။ ထို့အပြင် KNLA ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိသည်ဟုလည်း ၎င်းစစ်ရေး သတင်းအရင်းမြစ်က ဆက်ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေရှိ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်မရော၊ ခလယ် တံခွန်တိုင်၊ တောင်ကြာအင်း၊ ကော့ ကရိတ်နှင့် မြ၀တီ-ဘလယ်ဒို-သေ့ဘောဘိုး၊ ဒေသ များတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု များ အရှိန်မြှင့် ဗုံးကြဲ တိုက်ခိုက်မှုများလုပ်ဆောင်နေသလို မြေပြင်တွင်လည်း KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ထို့အပြင် စစ်ကောင်စီလေကြောင်းမှ ညစဉ် ကင်းထောက်ပျံသန်းမှုများကြောင့် ဒေသခံ များနေရပ်စွန့်ခွာ စစ်ဘေးရှောင် နေကြရဆဲဖြစ်ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “ညဆို ကင်းထောက်လေယာဉ်လား တိုက်လေယာဉ် လား၊ ဗုံးကြဲမယ့် ပုဇင်း (ရဟတ် ယာဉ်)လား မသိဘူးလာနေတော့ ခြံတွေ၊ လျှိုတွေ၊ ဘုန်းကြီးကျောင်း အောက်တွေမှာ ရှောင်ပြီး အိပ်ကြရတယ်၊ အိမ်မှာ မနေရဲဘူး၊ နေ့ဘက်ဆိုလည်း BGF စစ်ကားတွေ ၊ စစ် သားကားတွေက တစ်ခါသွား ၁၀ စီး၊ ၁၅ စီးဖြတ် သွားနေတော့ ရွာနားမှာ တိုက်ပွဲဖြစ် တာကြုံရမှာ ကြောက်နေကြတယ်”ဟု ထို ကော့ကရိတ်ဒေသခံက ပြောသည်။

၁၁။ အလယ်ကယန်းဒေသတွင် ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
November 23, 2022

နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းနှစ် ၂၇၆၂ နှစ်၊ ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားတစ်ရပ်ကို ဖယ်ခုံ မြို့နယ်၊ အလယ်ကယန်းဒေသမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ကယန်းအမျိုးသားအလံတော်အား လွှင့်ထူ အလေးပြုတာတွေ၊ ကယန်းနှစ်သစ်ကူး ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ဖတ်ကြားတာတွေ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟို ကော်မတီ၊ ကယန်းပြည်သစ်ပါတီနဲ့ကယန်းအရပ်ဖက်အဖွဲ့အစည်းအသီးသီးကပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားတာနဲ့ ကယန်း ရိုးရာ ဘုံအကဝိုင်းဝန်းကကြတာတွေ ပြုလုပ်ခဲ့ပါတယ်။ ကယန်းနှစ်သစ်ကူးနေ့ အစီအစဉ်ကို အခက်အခဲအကြပ်အတည်းတွေ ကြားက ဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့ရတယ်လို့ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူး (၁) ခွန်းမျိုးအောင် က ပြောပါတယ်။ “ကျနော်တို့တွေ ဖယ်ခုံအနောက် ဖက်တစ်နေရာမှာ လုပ်ဖို့စဉ်းစားထားတယ်။ ဒါပေမယ့် အခြေ အနေအကြောင်းကြောင်းကြောင့် လက်နက်ကြီးတွေ ရောက်တော့ ကျနော်တို့လည်း မလုပ်ဖြစ်ဘူးပေါ့နော်။ ဒါပေမယ့် ဘယ်လို ပဲဖြစ်ဖြစ်မှာ ဒီမှာ မနေ့ညလည်း လုပ်ရင်းနဲ့ အပေါ်ကို ကြည့်ကြည့် ဖြစ်သေးတယ်။ လေယာဉ်များ ဝဲလာမ လားပေါ့။ ကချင် မှာ ဖြစ်ခဲ့သလိုမျိုး မဖြစ်အောင် ပေါ့နော်။ လေယာဉ်များဝဲလာမလား ကျနော်တို့ တွေးမိသေးတာပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ်အောင် အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့အတွက်လည်း ဝမ်းမြောက်တယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။” အဆိုပါ ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားမှာ ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက တာဝန်ရှိသူတွေ၊ ကယန်းပြည်သစ်ပါတီက တာဝန်ရှိ သူတွေ၊ ကယန်းအရပ်ဖက်အသင်းအဖွဲ့တွေနဲ့ ကယန်းဒေသတွင်း ဇုံစည်းရုံးရေးမှူးတွေနဲ့ ဒေသခံတွေ ပါဝင် တက်ရောက်ခဲ့ကြပါ တယ်။

ကယန်းနှစ်သစ်ကူးနေ့အစီအစဉ်ဖြစ်မြောက်ဖို့အတွက် ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကယန်းလူငယ် ခွန်းရီးဘက်က “ကျနော် တို့က နိုင်ငံရေးအခြေအနေအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့်ပေါ့ ကျနော်တို့အတွက်က အဟန့်အတားတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အခွင့်အရေးတစ်ခုအနေနဲ့ ကျနော်တို့ရဲ့ ကယန်းနှစ်သစ်ကူးဖော် ဆောင်နိုင်ခဲ့ တယ်ဆိုတာကို ကျနော်တို့ရဲ့ ကယန်းအမျိုးသားအတွက်ရော ကျနော်တို့ ကျေးရွာအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်ပေါ့။”လို့ ဆိုပါ တယ်။ ကယန်းနှစ်သစ်ကူးနေ့အကြိုနေ့မှာလည်း ဘော်လီဘော၊ ခြင်းလုံး စတဲ့ အားကစားပြိုင်ပွဲတချို့နဲ့ ကယန်းရိုးရာ ဆန်ပြုတ် ချက်ပြိုင်ပွဲ၊ တူမီး သေနတ်ပစ်ပြိုင်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲစတာတွေ အပြင် အကြိုညအစီအစဉ်မှာလည်း ဇုံအလိုက် အကပဒေသာ ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲစတာတွေနဲ့ နှစ်သစ်ကူး နေ့ကို ကြိုဆိုခဲ့ကြပါတယ်။ အခုလို နှစ်သစ်ကူးနေ့ အစီအစဉ်တွေဖြစ် မြောက်ဖို့အတွက် ကယန်း အဖွဲ့အစည်း အသီးသီး၊ ကယန်းအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုတွေက ငွေအားလုပ်အားထည့်ဝင် လုပ်ဆောင်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

၁၂။ ဖားကန့်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် ထိခိုက်ခံရပြီး အထိနာသည် ဟုဆို
November 24 ,2022

KIA နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ် ကောင်ဆန်ကျေးရွာနှင့် ကျောက် တွင်းတောင်ကြား၌ တပ်မ ၃၃ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာကြောင်း သိရသည်။ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အယောက် ၄၀ ခန့် ထိခိုက်သေဆုံးကြောင်း ကေအိုင်အေ သတင်း ရင်းမြစ်ဘက်က ဆိုသော်လည်း ၎င်းအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံ ရပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်သမ်းပစ်ခတ်ပြီး ပြည်သူများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သလို ထိခိုက် ဒဏ်ရာရရှိသည့် ရွာသားများလည်းရှိကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ ဝင်ရောက် လာသည့် အတွက် ဖားကန့်မြို့နယ် သောင်းကော့၊ ကောင်ဆန်နှင့် ကရင်ဂျောင် စသည့်ကျေးရွာများမှ ပြည်သူ ၅၀၀ ခန့်လည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

၁၃။ ကွတ်ခိုင်မြို့ မူးယစ်သုံးစွဲသူ ၄၀ ကျော် ရဲမှ ပြန်လွှတ်ပေးသည့်အပေါ် ပြည်သူများ ဝေဖန်နေ
November 24, 2022

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေး သုံးစွဲသူနှင့် ရောင်းဝယ်သူများ အယောက် ၄၀ ကျော်ကို ရဲတပ်ဖွဲ့မှ ၅ရက်သာချုပ်နှောင်ခဲ့ပြီး ပြန်လွှတ်ပေးသည့်အတွက် ပြည်သူများ ပြစ်တင်ဝေဖန် ပြောဆို နေကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်တွင် ကွတ်ခိုင်မြို့ မြို့မဈေးရပ်ကွက် နှင့် အနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲသူ နှင့် ရောင်းဝယ်သူများကို လိုက်လံရှာဖွေဖမ်းဆီးပြီး အယောက် ၄၀ ကျော်ကို ဖမ်းဆီး သွားကြောင်း သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးမိသူများကို တစ်ညချုပ်ကာ ၁၀ ဦးခန့် ပြန်လွတ်ပေးသလို ၅ ရက်မြောက်နေ့တွင်လည်း အယောက် ၃၀ ကျော် ပြန်လည် လွှတ်ပေးလိုက်ခြင်းသည် မဖြစ်သင့်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “ထောင်ထဲမှာ ကျွေးစရာမရှိတော့လို့ ပြန်လွှတ်ပေးလိုက်တာလို့ ထင်တယ်၊အခုလို ခဏလေး ဖမ်းပြပြီး ပြန်လွှတ်ပေးတာ ဘာထူးတော့မှာလဲ၊ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုမျိုးကိစ္စကို အခုလို လက်လွတ်စပယ်မလုပ်သင့်ဘူး” ဟု ကွတ်ခိုင်မြို့မှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက ပြောသည်။ မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးရမိသည့် အကျဉ်းသားများကို စစ်ကောင်စီ လက်အောက်ခံ ကွတ်ခိုင်မြို့မှ ရဲစခန်းမှ ကတုံးတုံးပြီး အချုပ်ကားဖြင့်ပင် မြို့မဈေးရပ်ကွက်အနီးသို့ ပြန်လည် လာချပေးကြောင်းဒေသခံများက ပြောသည်။

“ထောင်ကထွက်လာတဲ့ ဆေးသမားတွေကလည်း သူတို့အကျင့်ကို မပြင်ဘူး၊ လွှတ်လာပြီဆိုတာနဲ့ မြို့မဈေးထဲမှာ ကူလီ အလုပ်တွေ၊ တချို့လည်း ဘူးခွံတွေလိုက်ရှာ ရောင်းပြီးတော့ ရတဲ့ငွေနဲ့ မူးယစ်ဆေးတွေ ပြန်ဝယ်သုံးနေကြ တယ်၊ လုယက်မှုတွေ သူခိုးတွေ ဆိုလည်း ဒီမူးယစ်သားကောင်တွေပဲ လုပ်ကြတာလေ၊ လုံခြုံမှုမရှိဘူး” ဟု အထက် အမျိုးသမီးက ဆက်ပြောသည်။ စစ်ကောင်စီလက်ထက် ကွက်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်အတွင်းမှာ လောင်းကစားရုံများ ဖွင့်လှစ်ခြင်း၊ လမ်းကြိုလမ်းကြားအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် သူခိုးများ များပြားလာသည့်အတွက် ဒေသခံများ အနေဖြင့် လုံခြုံမှုမရှိကြောင်း ကွတ်ခိုင်မြို့ခံ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးလည်း ပြောသည်။ “လမ်းကြားတွေဆို တစ်ယောက်တည်း မဖြတ်ရဲတော့ဘူး။ လမ်းဘေးမှာ ဆေးသုံး နေကြတယ်။ တချို့လည်း ဆေးထိုးကြတဲ့အဆင့်ရောက်တယ်။ အခုဆို ဖမ်းမိတဲ့သူတွေလည်း ပြန်လွတ်လာတော့ ပိုဆိုးတာပေါ့၊ ကွတ်ခိုင်မြို့ လုံခြုံမှုက မရှိတော့ဘူး” ဟု အသက် ၅၀ ကျော်အမျိုးသားက ပြောသည်။

၁၄။ မိုင်းနင်းမိ၍ ခြေနှစ်ဖက်ဆုံးရှုံးလိုက်ရသည့် ပလက်ဝဒေသခံ ဆေးကုသရန် အကူညီများလိုအပ်နေ
November 25, 2022

မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ပလက်ဝမြို့နယ်မှ လူနာမှာ ဆက်လက် ဆေးကုသရန် ငွေကြေး အခက် အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အကူအညီလိုအပ်နေသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ရပ်ကွက် (၃ ) (ခ) ဘုံဝရွာမှ အသက် ၃၇ နှစ် အရွယ် ဦးမောင်မောင်ယိုးဖြစ်ပြီး လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ဆေးဝါးကုမှုခံယူနေရသည်။ ၎င်းမှာ ပြီးခဲ့သည့် (နိုဝင်ဘာလ၁၉ ရက်) နေ့ နံနက် ၈ နာရီကျော်က ရွာနှင့် ၄ ဖာလုံခန့်ဝေးသည့် ဆုတောင်းတောင်ပေါ်သို့ ရွာသားများနှင့်အတူ တောရှင်းရန်သွားစဥ် မိုင်းနင်းမိပြီး ညာခြေတစ်ဖက်လုံး ပြတ်သွားကာ ဘယ်ခြေတွင်လည်း ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာတွင် လွန်ခဲ့သော ၁ လကျော်က မြန်မာစစ်တပ်များ ယာယီစခန်းချနေထိုင်ခဲ့ ကြောင်း လည်း ဒေသခံများကို ပြောဆိုကြသည်။ ယောက်ဖဖြစ်သူ ဦးအောင်မင်းက “ အဲဒီနေ့က ဆုတောင်းတောင်ကို လမ်းရှင်းဖို့ဆိုပြီး ရွာက ၁၉ ယောက်လောက် အတူသွားတာပါ။ သူက ရှေ့ဆုံးက ဖြစ်တာကြောင့် မိုင်းနင်းမိပြီး ညာခြေထောက် ကလုံးဝ ပြတ်သွား တယ်။ ဘယ်ခြေ ထောက်က မပြတ်တစ်ပြတ် အသားစတွေနဲ့ ကျန်ခဲ့တယ် ” ဟု ပြောသည်။ ထိုသို့ ဆေးဝါးကုသရန်အတွက် ငွေကြေးလိုအပ်ချက်ကို ရွာမှ ချေးငှား၍လာခဲ့ရပြီး ရွာမှ စစ်တွေသို့လာသည့် လမ်းစရိတ် ၁၁ သိန်း ကျော်ထိ ကုန်ကျခဲ့ကြောင်း လည်း ဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် အဆိုပါ လူနာအတွက် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများကလည်း တစုံတရာထောက်ပံ့ လှူဒါန်းမှု များလည်း မရှိသေးသဖြင့် ပိုပြီး အခက်အခဲများဖြစ်နေရကြောင်း မိသားစုဝင်များက ဆိုသည်။ ၄င်းတို့ မိသားစုမှာ တောင်ယာ လုပ်ငန်းဖြင့် အသက်မွေးနေကြရသူများဖြစ်ကာ မိသားစုဝင် ၆ ဦးရှိ ကြောင်း သိရသည်။ ပလက်ဝ မြို့နယ်သည် မြန်မာစစ်တပ် နှင့် AA တို့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရာဒေသတခုဖြစ်ပြီး တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ဒေသခံများမှာ မိုင်းနှင့် စစ်ကျန် လက်နက်များ အန္တရာယ်ကို နေ့တိုင်း စိုးရိမ်နေကြရသည်။

၁၅။ ထားဝယ်တွင် အချိန်အခါမဟုတ်မိုးကြောင့် လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံ
November 24, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ စပါးရိတ်သိမ်းတဲ့ကာလ နိုဝင်ဘာ တတိယပတ်လောက်ကစပြီး အခုထိ နေ့တိုင်း နီးပါး မိုးရွာနေတာကြောင့် လယ်သမားတွေ စပါးရိတ်သိမ်းဖို့ အခက်တွေ့နေကြပါတယ်။ အခုလို အချိန်အခါမဟုတ် မိုးရွာနေတာ ကြောင့် စပါးရိတ်စက်နဲ့ ရိတ်တဲ့သူတွေရော လက်နဲ့ရိတ်တဲ့သူတွေပါ အလုပ်လုပ်လို့မရဘဲ ရပ်နားထားရတာတွေ ရှိတယ်လို့ လယ်သမားတချို့က ပြောပါတယ်။ လောင်းလုံးဒေသခံ လယ်သမားတဦးက “စက်နဲ့ရိတ်လည်း စပါးက နေလှန်းရသေးတယ်။ မိုးရွာနေတော့ နေလှန်းလို့လည်းမရဘူး၊ ရိတ်လို့လည်း အဆင်မပြေဘူး။ လက်နဲ့ ရိတ်တဲ့သူတွေလည်း ကောက်လှိုင်းတွေပုံပြီး စပါးခြွေစက်ကို စောင့်ရသေးတာ။ မိုးရွာနေတော့ စပါးသီးလည်း တအားကြွေတယ်။ စက်တွေလည်း လယ်ထဲဆင်းရတာ တအား ကြန့်ကြာတယ်” လို့ ပြောပါတယ်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေက လယ်သမားတွေ ဟာ စပါးကိုအများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး အရင်နှစ်တွေကလည်း စပါးရိတ်သိမ်းချိန် မိုးရွာတာတွေရှိခဲ့ပေမဲ့ အခုလို ဆက်တိုက် ရွာတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။ လယ်သမားတဦးက “မိုးထိထားရင် စပါးက သေချာ နေပြန်လှန်းမှရတယ်။ မဟုတ်ရင် မှိုတက်တာတွေ ရောင်းတဲ့အခါ စျေးနှိမ်ခံရတာတွေရှိတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နောက်ထပ်အနည်းဆုံးနှစ်ရက်အထိ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမယ်လို့ထုတ် ပြန်ထားပါတယ်။

၁၆။ ဖားအံမြို့ပေါ်သွားလာသည့် ကား၊ ဆိုင်ကယ်များကို စကစနှင့်ရဲတပ်ဖွဲ့တို့ စစ်ဆေးမှု၊ ငွေတောင်းခံမှု ပိုမိုများလာ
November 24, 2022

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုတလော သွားလာနေကြသည့် အများပြည်သူတို့၏ ယာဉ်များကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ ငွေကြေးအဓမ္မတောင်းခံမှု ပိုမိုများလာသည်ဟု မြို့ခံပြည်သူများက ပြော သည်။ အဆိုပါ စစ်ဆေးမှုများသည် ဖားအံမြို့အဝင်အထွက်လမ်းများနှင့် မြို့လယ်လမ်း ဆုံမီးပွိုင့်များပေါ်တွင် ဆိုင်ကယ်အပါ အဝင် မည်သည့်ယာဉ်မျိုးမဆို စစ်ဆေးကြပြီး တစ်စုံတစ်ရာရှာဖွေ မတွေ့ရှိလျှင် ယာဉ်မောင်းသူများအား ယာဉ်မောင်းလိုင်စင်မရှိ ပါက ဒဏ်ငွေ ၅ သောင်းကျပ်အထိ အနည်းဆုံး တောင်းခံနေသည်ဟု အစစ်ဆေးခံရသည့် နယ်ခံတစ်ဉီးက ပြောသည်။ ၎င်းက “ဘယ်လို ယာဉ်မျိုးပဲဖြစ်ဖြစ် ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးတယ်။ ဆိုင်ကယ်ဆိုရင် အတွင်းဘောက် ဖွင့်ခိုင်းစစ်တယ်။ ကား ဆိုရင်လည်း နေရာစုံစစ်တယ်။ သူတို့က စစ်ပြီး ဘာမှမတွေ့ဘူးဆိုရင် ယာဉ်လိုင်စင်တောင်းတယ်။ မောင်းလိုင်စင်တောင်းတယ်။ လိုင်စင်မရှိသူတွေကို ၅ သောင်းအနည်းဆုံး ပေးရတယ်။ အများစုကတော့ လိုင်စင် မရှိကြတာ များကြတယ်လေ။”ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့တို့သည် ယခင်ကဲ့သို့ မြို့လယ်လမ်းစုံနှင့် မြို့အဝင်အထွက်လမ်းမပေါ် နေရာအနည်းငယ်သာ စစ်ဆေးနေကြပြီး ယခုအကြိမ်တွင် မြို့အဝင်လမ်း နေရာအတော်များများ စစ်ဆေးလုပ်ဆောင်နေကြသည်ဟု မြို့ခံများက ပြောသည်။

“ ကျနော်တို့လို ဈေးသည်များက အမြဲတမ်းသွားလာနေရတော့ စစ်ဆေးတာကတော့ အဆင်ပြေသေးတယ်။ ကျနော့် မှာ က လိုင်စင်ကားမဟုတ်တော့ ဒဏ်ငွေ မကြာခဏပေးဆောင်နေရတယ်။ သိတဲ့အတိုင်းပဲလေ ဟင်းသီးဟင်းရွက် ရောင်းတာ တစ်နေ့ကုန်မှ အမြတ်က အများဆုံး ၃ သောင်းကျော်ကျော်ပဲ မြတ်တာ” ဟု ၎င်းကပြောသည်။ ယခုလို စစ်ဆေးမှုများပိုမိုလုပ် ဆောင်သည့်လများတွင် ကျေးရွာဒေသခံများက မြို့ပေါ်သို့ သွားလာမှု နည်းပါးလာသည့်အတွက် ဖားအံမြို့ပေါ်ရှိ မြို့ခံ ပြည်သူ များ အရောင်းအဝယ် အဆင်မပြေမှုများရှိလာသည်ဟု ဖားအံမြို့ ရေပေါ်ဈေးမှ ရောင်းဝယ်ရေးဒိုင် တစ်ဉီးက ပြောသည်။ သူက “ ကားတွေ ဆိုင်ကယ်တွေ စစ်ဆေးရင် ဒီက သိသာတယ်၊ ဈေးရောင်း မကောင်းတော့ဘူး။ ဘာကြောင့်လဲဆိုရင် ရွာကလူတွေ မတက်လာတော့လို့လေ။ အစ်မတို့ ဖေါက်သည်တွေအတော် များများက ရွာက လူတွေဆိုတော့ သူတို့လည်း အဲလိုအခါ မျိုးတွေဆို ရင် နားကြရတော့တယ်” ဟု ပြောသည်။ ထိုသို့ စစ်ဆေးမှုများ တစ်စုံတစ်ရာ မတွေ့ရှိပါက ဒေသခံပြည်သူများအပေါ် အဓမ္မ ငွေကြေးတောင်းခံမှုလည်းရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

၁၇။ မိုးကောင်းမြို့နယ် ၊ လေးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယားကို PDF မှ ဝင်ရောက်ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကို ဖမ်ဆီးသွား
November 24, 2022

မိုးကောင်းမြို့နယ် ၊ လေးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး လင်မယားကို မနေ့ ညက PDF ကနေ ဝင်ရောက်ဖမ်းဆီးတဲ့ အချိန် အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ (၂၃) ရက်နေ့ ည (၇) နာရီ (၁၅) မိနစ်အချိန်မှာ လေးမိုင်အုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးအောင်ဆန်းဦးနဲ့ ဇနီးဖြစ်သူ ဒေါ်သီတာတို့ကို ဝင်ရောက်ဖမ်းဆီး ခဲ့ချိန် အုပ်ချုပ်ရေးမှူး ထွက်ပြေး လွတ်မြောက်သွားပြီး ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ ဆိုင်ကယ်နဲ့လာတာ။ ဆိုင်ကယ်နှစ်စီး။ အဲဒါနဲ့ ၄ မိုင်အုပ်ချုပ်ရေးမှူး အိမ်ရောက်တော့ သေနတ်နဲ့ ဝင်ပစ်သွားတာ။ ဒါပေမယ့် သေနတ်မထိဘူးတဲ့။ အဲဒါနဲ့ထွက်ပြေးသွားတာတဲ့ ၄ မိုင်အုပ်ချုပ်ရေးမှူးက။ ထွက်ပြေး သွားတဲ့ အခါကျတော့ရှိတဲ့ သူ့မိန်းမကို ခေါ်သွားလိုက်တာတဲ့။”လို့ ဆိုပါတယ်။ လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး နဲ့ ဇနီးဖြစ်သူ တို့ဟာ စစ်ကောင်စီ သတင်းပေး ဆောင်ရွက်နေသူတွေ ဖြစ်တာကြောင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်တယ်လို့ မိုးကောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ UG Black K က ထုတ်ပြန်ထားပါတယ်။

၁၈။ NUG ကြားကာလ IBEST ကျောင်း အချက်အလက်ပေါက်ကြားမှုကြောင့် အရေးပေါ်ပိတ်
November 24, 2022

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကြားကာလ ပညာသင်ကြားရေး ကျောင်းတစ်ခုဖြစ်တဲ့ Interim Basic Education School – Thingangyun (IBEST) က ကျောင်းသားစာရင်း အချက်အလက် တချို့ ပေါက်ကြားသွား ခဲ့တာကြောင့် အရေးပေါ် ပိတ်လိုက်ရကြောင်း IBEST ကျောင်းက နိုဝင်ဘာ ၂၃ ရက်နေ့က ကြေညာပါ တယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုကနေ ကျောင်းသားစာရင်း အချက်အလက်တချို့ ထွက်ပေါ်လာတာ ကြောင့် အရေးပေါ်ပိတ်လိုက်ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကျောင်းကြီးကြပ်ရေး ကော်မတီအနေနဲ့ အရေးပေါ် လုံခြုံရေး အစီအစဉ်တွေနဲ့ လုံခြုံရေးအဆင့်မြှင့်တင်ထားသလို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာဆရာမတွေ ကိုလည်း လုံခြုံ ရေးဆိုင်ရာ သတိပေးချက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပြီး အန္တရာယ်ကင်းစေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကြားကာလ ပညာသင်ကြားရေးကျောင်း (IBEST) ပိတ်သိမ်းလိုက်ရတာနဲ့ ပက်သက်လို့ ရန်ကုန်မြို့က ဆရာမ တစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။ “အချိန်သေချာယူပြီး တည်ထောင်ရတာ မဟုတ်တဲ့အတွက် ယိုပေါက်တွေက ရှိနေမှာပဲ။ အချက် အလက်က တစ်နည်းနဲ့မဟုတ် တစ်နည်းနဲ့ ပေါက်ကြားမှာ။ အခုအဲဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေဆို တော်တော်လေး စိုးရိမ်ပြီး ကြောက်နေ ကြတယ်” ပေါက်ကြားခဲ့တဲ့ အချက်အလက် တွေဟာ IBEST SCHOOL ရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လက အတန်းလိုက် သက်ဆိုင်ရာ ကျောင်းသားကုဒ်နံပါတ်တွေ မပေးခင်မှာ Batch-1 G10 section B Group ရဲ့ ကျောင်းသား စာရင်းကို အတည်ပြုခဲ့တဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉။ ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ
November 24 , 2022

ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော်ဖမ်း ဆီးခံထားရ ကြောင်း ဒေသခံများထံမှ သိရသည်။ တစ်နိုင်တစ်ပိုင် ကျောက်တူးပြီးပြန်လာသည့် ကျောက်တူးသမား ၃၀ ကျော် နိုဝင်ဘာ ၂၃ ရက်နေ့ ည ၅ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဖားကန့်မြို့ မှ အမျိူးသားတစ်ဦး က ပြောသည်။ ”ဖမ်းခံရတာကမနေ့တုန်းကတည်းက ဖမ်းခံရတာရှိတယ် ကျောက်တူးသွားတဲ့လူငယ်တွေကိုဖမ်းတာ အဲ့တာပြန် မလွတ်သေးဘူးဗျ။ ကရင်ချောင်ဘက်မှာဖမ်း ကရင်ချောင်က တော့မဟုတ်ဘူး။ တခြားရွာကလာတဲ့ကလေးတွေ ပြန်လွတ်လာ တာခုထိတော့မကြားသေးဘူး”ဟု အထက်ဖော်ပြပါ အမျိူးသားက ပြောသည်။ ယင်းလူငယ်များကို ကရင်ချောင်ကျေးရွာအနီး ထူးကုမ္ပဏီ၏ ကျောက်စိမ်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

”သူတို့က အဲ့ထူးကုမ္ပဏီဝင်းထဲမှာ ယန္တယားတွေဆင်ပြီးတပ်ထိုင်ထားတာကို ကရင်ချောင်နဲ့တော့ မလှမ်းမကမ်းမှာရှိ တယ် စစ်မေးနေတာတွေရှိတယ် တဲ့ PDF တွေရှိလား KIA တွေရှိလား ဘာညာစစ်မေးနေတာတွေရှိတယ်တဲ့”ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထူးကုမ္ပဏီဝင်းတွင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ကရင်ချောင်ကျေးရွာအလွန်ရှိ သောင်းကော့ကျေးရွာဘက်သို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ လူနေအိမ်လေးလုံးအထိ မီးလောင်ခဲ့သည်။

၂၀။ တစ်ပတ်ကျော်ကြာဖမ်းဆီးခံထားရသည့်ပုဏ္ဏားကျွန်းဒေသခံ ၈ ဦးပြန်လွတ်လာ
November 24, 2022

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ နှင့်တန်းခိုးကျေးရွာတို့မှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၈ဦးမှာ တစ်ပတ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင် ပြန်လွတ်လာပြီ ဖြစ်ကြောင်း သိရသည်။ လွတ်မြောက်လာသူများမှာ တန်းခိုးရွာမှ ဦးမောင်ဝင်းကြိုင် (၅၆) နှစ်၊ ဦးမောင်သိန်း (၅၁) နှစ်၊ ဦးဂျော်ဂျီအောင် (၅၅) နှစ်၊ ဦးဦးမောင်သိန်း(၄၈) နှစ်၊ နှင့် တန်းခိုးကျေးရွာသို့ ရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့ခံ များဖြစ်ကြသော မောင်ဟန်တင်ဝင်း၊ မောင်နေထက်လင်း၊ မောင်မောင်ဟန်ဝင်း (၃)ဦး တို့အပြင် ကျွဲထိုးကျေးရွာမှ ဦးထွန်းလှ အေး(၄၅) နှစ်တို့ဖြစ်သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့က ၄င်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းမှဖမ်းဆီးကာ စစ်ရေယာဥ် ဖြင့် စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်းသို့ ခေါ်ဆောင် သွားပြီး စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းနောက် ၄င်းတို့ကို နေရာအသီးသီးတွင် သီးခြားခွဲကာ စစ်ဆေးခဲ့ကြောင်း လွတ်မြောက်လာသူများထံက သိရသည်။ “သူတို့ကို ဖမ်းသွားကတည်းက မျက်နှာကိုအဝတ် စအမည်းနဲ့စည်းပြီး နေဗီနဲ့ ရွှေမင်းဂံ နေဗီရေတပ် စခန်းခေါ်သွားတယ်။ အဲဒီကနေ ကားနဲ့ ပါဒလိတ်အလွန် ၅၃၉ တပ်ရင်းကို လိုက်ပို့တယ်။ စစ်ဆေးတာကတော့ ရွာမှာ AA ရှိလား၊A Aတွေရောက်လား၊ ရွာမှာ AA တွေနဲ့ ဘယ်လိုပတ်သက်မှုရှိလဲ ဆိုပြီး မေးတာပါ။သူတို့ ကို မနေ့က ၄နာရီလောက်ကလွှတ်ပေးပြီး ကြက်ကိုင်းတန်ဥက္ကဌဆီအပ်တယ်။ အဲဒီမှာ ညအိပ်ပြီး သူတို့ လာတာပါ” ဟု ဦးထွန်းလှအေး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

မျက်နှာကို ဖုံးအုပ်ကာ စစ်ဆေးသောကြောင့် မည်သည့်နေရာတွင် စစ်ဆေးသည်ကို မသိရှိရကြောင်းး၊ ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်ကာ စစ်ဆေးမှုများရှိခဲ့သည်ဟု ဖမ်းဆီးခံရသူတစ်ဦးက ပြောသည်။ “ ကျနော်တို့ကို ခွဲပြီးထားတာပါ။ ဘယ် တပ်ရင်းလည်းတော့ ကျနော်မသိဘူး။မျက်နှာကို အမည်းအဝတ်စနဲ့ ဖုံးထားတယ်။ ဘာမှ မမြင်ရဘူး။ စစ်ဆေး တာကတော့ ရွာမှာ AA တပ်စခန်းရှိလားဆိုပြီး ပထမတစ်ရက်တော့ တုတ်နဲ့ရိုက်ပြီးမေးပါတယ်။ ကျနော်တို့က မရှိဘူးဆိုပြီးပြောတော့ အမှန်အတိုင်း ဖြေဆိုပြီး ရိုက်ပြီးမေးပါတယ်။ ဒုတိယ တစ်ရက်နေ့ကျတော့ ကျနော့်ဖုန်းကို စစ်ဆေးပါတယ်။ AA နဲ့ဆက်စပ်လားဆိုတော့ ကျနော်က မရှိပါဘူး။ AAနဲ့ဆက်စပ်ပြီးတွေ့ရင် ကျနော့်ကိုသတ် လိုက်ပါပြောပါတယ်။ သူတို့က ဖုန်းကိုယူထားလိုက်တယ်” ဟု သူကပြောသည်။ ၄င်းတို့ ၈ ဦးကို စစ်တွေမြို့နယ်၊ကြက်ကိုင်းတန်ကျေးရွာနှင့်နာရီကန်ကျေးရွာတို့တွင် အသီးသီးလွှတ်ပေးခဲ့ ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

၂၁။ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်တွင် CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ ဆိုတဲ့သတင်းအမှားဖြန့်
November 25, 2022

Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် Facebook အကောင့်ကနေပြီး “နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်က ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်၌ CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မောင်တီရွန်ခွာကျဲအိုထန် နှင့် မောင်ချန်ကူးလျန်တို့မှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး မောင်ဗန်စောလွမ်မှာ မိုင်းစဖောက်ဝင် ဒဏ်ရာများဖြင့်သေဆုံးသွားကြောင်း သိရှိရပါသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ဖြစ်စဉ်မှာ “ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကျောဘုတ်ရပ်ကွက်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီ တပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး Shalom Van ပွဲချင်းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။” နိုဝင်ဘာလ ၁၅ ရက်နေ့ညက ၁၀ နာရီခွဲခန့်က ဟားခါးမြို့တွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်လာပြီး နောက် ကျောဘုတ်ရပ်ကွက်ရှိ မိုးဟိန်းသောက်ရေသန့် စက်ရုံဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဟာခါးဒေသခံတစ်ဦးကပြောပါတယ်။

“တယောက်ကတော့ ဆုံးသွားတယ်၊ အဲဒီညက ပစ်ခတ်မှုက နည်းနည်းတော့ရှိတယ် သေနတ်အသံတွေက မကြာဘူး မိနစ်ပိုင်းလာက်ပဲဖြစ်မှာ ခနနေတော့ လက်နက်ကြီးတစ်ကြိမ်ပဲကျတာ ပြီးတော့ အဲ့လိုဖြစ်သွားတာ” ဒါကြောင့် စစ်ကောင်စီ ဝါဒဖြန့် Fifty Two News သတင်း မှာဖော်ပြတဲ့ “ကျော်ဘုတ်ရပ်ကွက်တွင် CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက် ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ” ဆို့တဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

၂၂။ ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ’ မှတ်တမ်းစာအုပ် BWU မိတ်ဆက်
November 24, 2022

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ’ အမည်ရှိ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ပြုစုထားသော မှတ်တမ်းစာအုပ် မိတ်ဆက် ပွဲကို မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women’s Union)မှ နိုဝင်ဘာလ ၂၄ ရက် နေ့တွင် Online အစီအစဉ်ဖြင့် Live လွှင့်၍ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစာအုပ်မိတ်ဆက်ပွဲကို BWU တာဝန်ရှိသူများက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မှတ်တမ်းစာအုပ်ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို BWU ၏ တွဲဖက် အထွေ ထွေအတွင်းရေး မှူး(၁) ဖြစ်သူ မဇူးပဒုမ္မာ က ရှင်းလင်းပြောကြားခဲ့သည်။ မဇူးပဒုမ္မာက “BWU အနေနဲ့စတင် ဖွဲ့စည်းကတည်းက အမျိုးသမီးများ တော်လှန်ရေးမှာပါဝင်မှု၊ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ဘဝဖြတ်သန်းမှုနဲ့ စစ်အာဏာရှင် စနစ်လက်အောက်မှာ တိုင်းရင်းသူ အမျိုးသမီးတွေရဲ့ အခြေအနေကို ထင်ဟပ်နိုင်အောင် ကျမတို့ ခိုင်လုံတဲ့အချက် အလက်တွေနဲ့ မှတ်တမ်းပြုစုတာကို အခုချိန် ထိ လုပ်ဆောင်နေပါတယ်။ ခြုံပြောရရင် နွေဦးတော်လှန်ရေး မှာ အမျိုးသမီးတွေရဲ့ အခရာကျတဲ့ပါဝင်မှုကို သမိုင်းအချက်အလက် အဖြစ် ကျန်ရှိနေစေဖို့ ကျမတို့ က ဒီမှတ်တမ်းစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါတယ်။”ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နှစ်ပေါင်းများ စွာ စစ်ကျွန်စနစ်အောက်မှ ဖိနှိပ်ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများအား ရင်ဆိုင်ရင်း တော်လှန်ရေးတွင် အမျိုးသမီး များ ပါဝင်ခဲ့ ကြသည်မှာ ခေတ်အဆက်ဆက်ဖြစ်သော်လည်း အမျိုးသမီးများ၏ ပါဝင်မှု၊ ကိုယ်စားပြုမှုကို အသိအမှတ် ပြုခြင်းနှင့် ဂုဏ်ယူခြင်းခံရမှုမှာ မရှိသလောက် ရှားပါး ပြီး BWU မှ စုစည်းထားသော အချက်အလက် များအရ စစ်တပ်က အာဏာသိမ်းစဉ် ကာလမှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအထိ မတရား ဖမ်းဆီးခံရသော အမျိုးသမီး အရေ အတွက်မှာ (၂၆၃၆)ဦးရှိပြီး သေဆုံးသူ မှာ (၃၄၄)ဦးအထိ ရှိနေသည်ဟုလည်း ယင်းစာအုပ်ထဲ၌ ဖော်ပြထားသည်။

ထို့အပြင် အဆိုပါမှတ်တမ်းစာအုပ်တွင် ကရင်နီ(ကယားပြည်နယ်)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မှ CDM အမျိုးသမီးဝန်ထမ်းများ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေ သည့် အမျိုးသမီးများ၊ အိမ်ထောင်ရှင်မများ၊ အမျိုးသမီးအလုပ်သမားများ၊ ထောက် ပို့အမျိုးသမီးများ၊ မသန်စွမ်းအမျိုးသမီးများ၊ အွန်လိုင်းမှ Clicker များနှင့် လိင်ပိုင်းဆိုင်ရာခံယူချက် မတူညီသောအမျိုးသမီးများ အစရှိသည့် မတူညီသည့်ကဏ္ဍ (၈)ခုမှ အမျိုးသမီး (၃၄) ဦးတို့၏ အကြောင်းအရာ၊ အချက်အလက်များကို ထည့်သွင်းထားသည်ဟု BWU ၏ သတင်းနှင့်မှတ်တမ်း ပြုစု ရေးသားရေးတာဝန်ခံ မသွယ်ဇင်တိုးက ရှင်းပြခဲ့သည်။ မသွယ်ဇင်တိုးက “အမျိုးသမီးတွေရဲ့တော်လှန်ရေးမှာ ပါဝင်မှုနဲ့ ပတ်သက် တဲ့ စာအုပ်ဖြစ်လို့ လူတိုင်းက တော်လှန်ရေးမှာ ကိုယ် ဘယ်လောက်ပါဝင်ခဲ့လဲ ပြောတဲ့ အခါ ပါဝင်မှု သေးသေးလေးပဲ ဖြစ်ပါစေ။ ကိုယ့်ပါဝင်မှု ဘယ်လောက်ထိ အင်အားကြီးသွားလဲဆိုတာ မီးမောင်းထိုးပြချင်တယ်။ ဒီစာအုပ်ကြောင့် အမျိုးသမီးတွေကို အား ပေးရာရောက်မယ်လို့ ယုံကြည်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ အမျိုးသမီးတွေကို အရွေ့တစ်ခုကို အတူတူဖော်ဆောင် တဲ့ နေရာမှာ အခွင့် အရေးတွေပေးဖို့ ဒီစာအုပ်က တွန်းအားတစ်ခုဖြစ်စေဖို့နဲ့ ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး အမျိုးသမီး များရဲ့ပါဝင်မှုကို အသိအမှတ်ပြုလာမယ်လို့ မျှော်လင့်ပါ တယ်။”ဟု စာအုပ်မိတ်ဆက်ပွဲအပေါ် မျှော်လင့်ချက်နှင့်ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။ မြန်မာအမျိုးသမီးများသမဂ္ဂ(BWU)ကို ၁၉၈၈ ခုနှစ် လူထုလုပ်ရှားမှုတွင် ပါဝင်ခဲ့သော အမျိုး သမီး ခေါင်းဆောင်များက အလွှာပေါင်းစုံရှိ အမျိုးသမီးများ၏အသံကို ဖော်ကျူးနိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ် မှစတင်ကာ ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းတည်ထောင် ခဲ့ခြင်းဖြစ်ပြီး ယခင်က လစဉ် အမျိုးသမီး ဆိုင်ရာ သတင်းများ၊ ၃ လ တစ်ကြိမ် သုံးသပ်ချက်များနှင့် အမျိုးသမီး အလုပ်သမားရေးရာနှင့်ပတ်သက်သော အစီရင်ခံစာများကို ထုတ်လုပ်ခဲ့သော်လည်း ယခုလို မှတ်တမ်း စာအုပ်ထုတ် ဝေရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း BWU က ပြောသည်။

၂၃။ မြောက်ဦး ကျွဲတဲအထကမှ အသက်ရှူကျပ်၍ ဆေးရုံတင်ခဲ့ရသည့်ကျောင်းသူ ၁၃ ဦးအားလုံး ဆေးရုံဆင်း ၊ အသက်ရှူ မွန်းကျပ်ခဲ့ရမှုမှာ သူတို့စားသောက်ခဲ့သည့်ရေခဲချောင်းများနှင့် စိတ်ကြောင့်ဟုယူဆကြ
November 24, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထကကျောင်း(ခွဲ)မှ တပြိုင်တည်း အသက်ရှူမွန်းကျပ်ခဲ့မှုသည့် ကျောင်းသူ ၁၃ ဦးမှာ ကျန်းမာရေး ကောင်းမွန်သွားပြီဖြစ်သဖြင့် ဆေးရုံက ဆင်းသွားကြပြီဟု သိရသည်။ ယခုကဲ့သို့ ကျောင်းသူ ၁၃ ဦးတစ်ပြိုင်တည်း အသက်ရှူမွန်းကျပ်မူ ဖြစ်ခဲ့ရခြင်းမှာ သူတို့စားခဲ့သည့်ရေခဲချောင်းများနှင့် စိတ်ကြောင့်ဟု ဆရာဝန်က သုံးသပ်သည်ဟု ဒေသခံများက ပြောကြားသည်။ အဆိုပါ ကျောင်းသူ ၁၃ အနက် ကျောင်းသူတစ်ဦးတွင် နှလုံးရောဂါအခံရှိပြီး နိုဝင်ဘာလ ၂၃ ရက် နံနက်တွင် ကျောင်းခန်း၌စာသင်ကြားနေစဥ် ရုတ်တရက် အသက်ရှူကျပ်လာသည့်အတွက် ဆရာ၊ ဆရာမ များက ရှူဆေးဗူးများဖြင့် ဝေဒနာ သက်သာအောင် ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ ယင်းဖြစ်စဥ်ကို သွားကြည့် ခဲ့ကြသည့် အခြား ကျောင်းသူနှစ်ဦးသည်လည်း ထပ်မံအသက်ရှူကျပ်ပြီးနောက် အခြားကျောင်းသူအချို့တို့ သည် လည်း အသက်ရှူကျပ်မှု ဆက်တိုက်ဖြစ်လာခဲ့ရာ ကျောင်းကိုလွှတ်လိုက်ရပြီး ကျောင်းသူ ၁၃ ဦးကို ဆေးရုံတင်ခဲ့ရသည်ဟု သိရသည်။ ကျောင်းလွှတ် လိုက်ပြီးနောက် အိမ်သို့ပြန်ရောက်သည့်အခါလည်း ကျောင်းသူအချို့ ထပ်မံအသက်ရှူကျပ်ကာ မူးမေ့လဲကျသွားခဲ့သည့်အတွက် မြောင်းဘွေတိုက်နယ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ယင်းဖြစ်စဥ်ကြောင့် Grade(7) မှ Grade (9) အထိ စုစုပေါင်း ဆေးရုံတင်ခဲ့ရသည့် ကျောင်းသူ ၁၃ ဦးအထိရှိခဲ့သည်ဟု လည်းဆိုသည်။ ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မြောင်းဘွေတိုက်နယ်ဆရာဝန်အား မေးမြန်းခဲ့သည့် ရပ်မိရပ်ဖတစ်ဦးက “ဆရာဝန် ကြီးကပြောတာက စိတ်ကြောင့်ဖြစ်တာလို့ပြောပါတယ်။ ကျနော်တို့အဲဒီမှာ အောက်ဆီဂျင် တိုင်းတယ်။ နှလုံးခုန်နှုန်းတိုင်းတယ်။ နှလုံးခုန်နှုန်းလည်းအကောင်း၊ အောက်ဆီဂျင်လည်းအကောင်းပါ။ အသက်ရှူကျပ်တယ်ဆို တာကလည်း စိတ်ပယောဂကြောင့် ထင်ပါတယ်တဲ့။ သူငယ်ချင်းတစ်ယောက်က မွန်းကျပ်နေတာမြင်တော့ နောက်တစ်ယောက်က ဘာဖြစ်မှန်းမသိ၊ ကိုဗစ်ဖြစ်လား၊ အဲလို စိတ်တွေမွန်းကျပ်ပြီးတော့ဖြစ်တတ်တယ်။ အဲဒီတော့ အောက်ဆီဂျင်တွေဘာတွေပေးလိုက်တော့ တစ်ခုမှမဖြစ်တော့ဘူး။ အားလုံးကောင်းသွားပြီ ဆိုလိုက်တော့ ခဏလေးနဲ့ သက်သာသွားကြတယ်။ မိန်းကလေးတစ်ယောက်ဆိုရင် ဓာတ်ပုံမှတ်တမ်း တောင်မယူလိုက်ရဘူး။ ခဏလေးနဲ့ ကောင်းသွားလို့ဆေးရုံက ချက်ချင်းဆင်းသွားတယ်” ဟု ပြောသည်။ ကျောင်းသားမိဘ တစ်ဦး က “ဒီမှာရောင်းနေတဲ့ ရေခဲချောင်းတွေဟာ မြို့က၊ စက်ရုံကြီးတွေက သန့်သန့်ပြန့်ပြန့်ထုတ်တဲ့ ရေခဲချောင်းတွေမဟုတ်ဘူး။ ဒီမှာ တပိုင်တနိုင် ရောင်းနေကြတဲ့ ရေခဲချောင်းတွေဖြစ်တယ်။ ကျနော်တို့ ဒီမှာစားကြည့်လိုက်တဲ့အခါလည်း သံချေးနံ့နံတယ်။ ဆိုးဆေး များတယ်။ ဆေးသကြားများတယ်။ အဲလိုတွေတွေ့ပါတယ်။ ကျနော်တို့ထင်တာက ရေကလည်း သန့်မှာမဟုတ်ဘူး။ ဆိုတော့ ဖြစ်နိုင်ခြေက ကိုဗစ်ဆိုရင်လည်း တစ်ကျောင်းလုံး ဖြစ်မယ်လေ။ ဆိုရင် စိတ်ကြောင့်ဖြစ်တာက ၅၀ ရာနှုန်း၊ ရေခဲချောင်း ကြောင့်ဖြစ်တာက ၅၀ ရာခိုင်နှုန်းလို့ထင်ပါတယ်”ဟု ပြောသည်။

၂၄။ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက ၎င်းတို့ကိုယ်ကို တော်လှန်ရေးအင်အားစုဟုဆိုကာ လုပ်ငန်းရှင်တဦးထံက သိန်း (၃၅၀) ကျပ် ခြိမ်းခြောက်တောင်းဆို
November 25, 2022

ကရင်နီပြည်နယ် လွိုင်ကော်မြို့က လုပ်ငန်းရှင်တဦးကို လက်နက်ကိုင်လူတစုက စာပို့ပြီး (၂) ရက်အတွင်း ငွေကျပ် သိန်း (၃၅၀) ကျပ် ပေးဖို့ နိုဝင်ဘာ (၂၁) ရက်က တောင်းဆိုခဲ့တယ်လို့ အဆိုပါလုပ်ငန်းရှင်ရဲ့ မိသားစုဝင်တဦးထံက သိရပါတယ်။ အဆိုပါလုပ်ငန်းဟာ စစ်ကောင်စီကို အထောက်အကူပြုတယ်လို့ စွပ်စွဲကာ ငွေတောင်းယူခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်က KNDF နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ ငွေတောင်းတဲ့ စာထဲမှာတော့ တောင်းခံသူတွေဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းဆိုတာ အတိအကျ မဖော်ပြထားဘဲ “ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစု” လို့ သုံးနှုန်း ထားပါတယ်။ တောင်းဆိုချက်များကို လိုက်နာဖို့နဲ့ သတင်းပေါက်ကြားရင် “လုံခြုံရေးကိုတာဝန်ယူမည်မဟုတ်” လို့လည်း ခြိမ်းခြောက်စာမှာ ရေးသားထားပါတယ်။ ငွေပေးဖို့ ချိန်းဆိုတဲ့ နိုဝင်ဘာ (၂၃) ရက်မှာ KNDF နဲ့ ITF တာဝန်ရှိသူများက စောင့်ကြပ် ဖမ်းဆီးခဲ့ပေမဲ့ ငွေတောင်းသူ လူစုက ကြိုတင်ရိပ်မိပြီး တိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

“ခြိမ်းခြောက်စာကို အလုပ်နားက ကွမ်းယာဆိုင်မှာ လာထားသွားတာဗျာ။ ဒီက လူကို ပေးပေးပါဆိုပြီး လမ်းကြုံပေး သလိုမျိုးပေါ့။ စာကိုရတော့ ကျတော်တို့လည်း စာထဲက ဖုန်းကို ဆက်လိုက်တာ၊ အဲမှာ ဘယ်ကိုလာပေးဆိုပြီး နေရာချိန်းရော။ ကျတော်တို့က ငွေညှစ်တဲ့စာလို့ သိနေတော့ နယ်မြေထဲက တပ်ရင်းတပ်ဖွဲ့တွေကို အကြောင်းကြား လိုက်တာပေါ့။ ငွေပေးရ မယ်ဆိုတဲ့နေ့မှာ KNDF ရင်းမှူးတွေ ရဲဘော်တွေရော ITF က ရဲဘော်တွေရယ်က စောင့်ပြီး ဖမ်းကြတာ။ လက်ရမဖမ်းမိပေမဲ့ ဘယ် သူတွေလဲဆိုတာတော့ လက်ပူးလက်ကျပ်တွေ့လိုက်ရတယ်၊ သိရတာပေါ့။ ကျတော်သိသလောက် ကုန်စုံဆိုင်ပိုင်ရှင်တယောက် ကိုလည်း အဲဒီလိုမျိုးစာပို့ပြီး တောင်းဖူးတယ်။” လို့ ငွေတောင်းခံရ တဲ့ မိသားစုဝင်တဦးက ပြောပြခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ “ပြည်သူထံ ပွင့်လင်းညင်သာစွာ အကူအညီ တောင်း ခံပြီးကြည်ဖြူ စွာပေးလှူလာသည့်အကူအညီကိုသာ ရယူရန် မေတ္တာရပ်ပါသည်။” လို့ KNDF က မေတ္တာရပ်ခံစာ ထုတ်ပြန်ထား ပါတယ်။

၂၅။ အနန့်ပါတိုက်ခိုက်မှုနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်လာ
November 24, 2022

လူတစ်ရာကျော် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီ တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြား စစ်ရေးတင်းမာမှု မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်း ရှိခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းသုံး တိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာ တွေကို စစ်ကောင်စီတပ်က ဆက်တိုက်လုပ်လာတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ “ဗန်းမော်၊ မိုးမောက်ဘက်မှာ တိုက်ပွဲတွေလည်း အကြီးအကျယ်ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ မိုင်ဂျာယန်တို့၊ လိုင်ဇာတို့မှာ တော်တော်ခြိမ်းခြောက် တဲ့ပုံစံနဲ့ လက်နက်ကြီးတွေ လှမ်းပစ်တာတွေရှိတယ်။ လေယာဉ်ပျံနဲ့ဝဲပြီးတော့ ခြိမ်းခြောက်တာ တွေတော့ ရှိတာပေါ့နော်။ အဲဒါက အနန့်ပါဖြစ်စဉ်ရဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဘက်က လှုပ်ရှားတာ တွေ့ရပါတယ်။ သူလည်းမြေပြင်ကနေ လှုပ်ရှားလို့ အဆင်မပြေတဲ့ နောက်ဆုံးကျ တော့ လေကြောင်းကနေ လှုပ်ရှားတဲ့အဆင့်တွေ ရောက်သွားတာ။ ဒါကြောင့် ပြည်သူလူထု အတွက်ကတော့ ပိုပြီးမှ စိုးရိမ်ဖို့လိုတာပေါ့” စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က KIA တပ်မဟာ (၈) ဌာနချုပ်အနီးကို နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

KIA ဌာနချုပ် လိုင်ဇာမြို့ပေါ်ကိုလည်း အောက်တိုဘာ ၃၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီး ၄၀ မိနစ် ကြာအောင်ပျံသန်းခဲ့သလို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ မိုင်ဂျာယန်မြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေတယ်လို့ မိုင်ဂျာယန်ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီတစ်လောပဲ ဒီလိုနည်းနည်းပိုပြီးတော့ ထူးခြားဖြစ် စဉ် ဖြစ်လာတာပေါ့လေ။ အရင်တုန်းကတော့ ပြည်သူတွေရှိတဲ့နေရာထိ၊ အဲလောက်ထိ လေယာဉ်တွေ ရောက်တဲ့ဟာမျိုး ဒီလက်နက်ကြီးတွေ ပစ်ချတဲ့ဟာမျိုးတွေကတော့ မရှိသလောက် ရှားတယ်ပေါ့နော်။ ဒါပေမဲ့ အခုက နည်းနည်းပိုပြီးတော့ စိုးရိမ် လာတာက ပြည်သူလူထုရှိတဲ့နေရာတွေလည်း စစ်လက်နက်ပေါ့လေ၊ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ်၊ လေယာဉ်ပျံ တွေရောက်လာတယ်ဆိုတာက ကျနော်တို့ ပြည်သူထူထုတွေအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ပေါ့လေ” လက်နက်ကြီးကျည်ကြောင့် သေဆုံးထိခိုက်မှု တွေကို ရှောင်ရှားနိုင်ဖို့ လိုင်ဇာ၊ မိုင်ဂျာယန် မြို့တွေသာမက ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေတဲ့ ဒေသတွေ မှာ ကတုတ်ကျင်းတွေ တူးထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံရေးလေ့ လာသုံး သပ်သူ ဒေါက်တာ လှကျော်ဇော က ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေကိုကြည့်ရင် တိုက်ပွဲတွေပြင်းထန်လာ တော့မယ့် အရိပ်အ ယောင်ကိုတွေ့ရတယ်လို့ သုံးသပ်ပါတယ်။ KIA က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စိတ်ကုန် သွား ပုံရတဲ့အတွက် PDF တွေနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်ပုန်ကန်မှုကို ဦးဆောင်လိမ့်မယ်လို့လည်း ဒေါက်တာ လှကျော်ဇော က သုံးသပ်ပါတယ်။