• Today is: Saturday, April 20, 2024

အာဏာရှင်ကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု KIO ပြော

အာဏာရှင်ကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု KIO ပြော

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၅၊ ၂၀၂၁

စစ်အာဏာရှင်ကို ဆန့်ကျင်ရန်ဆုံးဖြတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌက လူထုများကို ပြောကြားတဲ့ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားလိုက်သည်။

ယနေ့ကျရောက်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အထိမ်းအမှတ်နေ့မိန့်ခွန်းတွင် ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိန့်ခွန်းတွင် ဗမာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို ယခုအချိန်တွင် မချေမှုန်းနိုင်ပါက အနာဂတ်တွင် အမြစ်ဖြတ်နိုင်ရန် ပိုမိုခက်ခဲသွားနိုင်သည်ဟုလည်း ဆိုသည်။

ထို့အပြင် မိန့်ခွန်းတွင် တိုင်းရင်းသားလူမျိုးများအတွက် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ၏ ခေတ်အဆက်ဆက်အစိုးရနှင့် တွေ့ဆုံကာ နိုင်ငံရေးတောင်းဆိုဆွေးနွေးမှုများကို ထည့်သွင်းပြောကြားထားသည်။

ထိုသို့ပြောကြားရာတွင် KIO သည် ၁၉၄၈ ခုနှစ်မှစတင်ကာ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ရန် ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ မဆလအစိုးရတို့နှင့် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း နိုင်ငံရေးအရတောင်းဆိုမှုကို လက်မခံနိုင်ခဲ့သဖြင့် အဆင်မပြေဖြစ်ခဲ့သည်။

နဝတနှင့် နအဖလက်ထက်တွင် အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း ‘မိမိတို့စစ်အစိုးရဟာ နိုင်ငံရေးဆွေးနွေးဖို့ အခွင့်အာဏာမရှိတဲ့အတွက် လူထုရွေးကောက်တဲ့အစိုးရနဲ့ ညှိနှိုင်းကြပါ’ ဟု ပြောဆိုခဲ့သော်လည်း ဦးသိန်းစိန် အစိုးရက ‘တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး’ မူဝါဒကို တပ်မတော်၏ နိုင်ငံရေးစစ်ရေးအသာစီးရယူရန် မူဝါဒအဖြစ် အသုံးချခဲ့သောကြောင့် ဆက် လက် ဆွေးနွေးရန် ခက်ခဲသွားစေသည်။

NLD အစိုးရလက်ထက်တွင်လည်း ပင်လုံကတိကဝတ်ကို အကောင်အထည် ဖော်ရန် တောင်းဆိုနိုင်ရန် ၂၁ ရာစုပင်လုံညီလာခံများတွင် တက်ရောက်ခဲ့သော်လည်း NLD ပါတီခေါင်းဆောင်များက အရေးတယူဆွေးနွေးမှု မပြုလုပ်ခဲ့ဘဲ ပါတီနှင့် တပ်မတော်ခေါင်းဆောင်တို့၏ အမိန့်ပေးသည့် မိန့်ခွန်းများကိုသာ နားထောင်ခဲ့ရသည်ဟု ရေးသားဖော်ပြထားသည်။

တိုင်းရင်သား​တွေအ​နေနဲ့ နှစ်​ပေါင်း (၇၀) ခန့် ​တော်လှန်​ခဲ့ပြီး​နောက် ၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီလ (၁) ရက်​နေ့မှာ စစ်တပ်က အာဏာပြန်သိမ်းလိုက်တဲ့ချိန်မှာ ဘာကြောင့် တိုင်းရင်းသာတွေ တော်လှန်ရေး လုပ်ခဲ့ရတယ်ဆိုတာကို မြန်မာနိုင်ငံတွင်းရှိ ဗမာတိုင်းရင်းသား‌တွေ သိရှိနားလည်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ​တွေအ​နေနဲ့ ခုလို KIO အ​ပေါ်ပိုမိုယုံကြည်မှု ရှိလာတာ​ကြောင့် KIO/KIA အ​နေနဲ့လည်း ဝမ်း​မြောက်​ဝမ်းသာ ဂုဏ်ယူမဆုံးဖြစ်ရ​ကြောင်း ပြည်သူ​တွေယုံကြည်ထားတဲ့အတိုင်း KIO/KIA ဘက်ကလည်း ခုတိုက်ပွဲမှာ အဆုံးထိတိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းမှာ ​ထပ်ဆင့် ပြောကြားခဲ့ပါတယ်။

ပြည်သူလူထု​တွေအ​နေနဲ့လည်း တရားမျှတတဲ့ဘက်က​နေ မားမားမတ်မတ် ဆက်လက်ရပ်တည်​ပေးဖို့ကိုလည်း မိန့်ခွန်းမှာ ​ပါရှိပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် စတင်ခဲ့သည်။