• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                           (No. 47, July 1, 2022)

၁။ အာဆီယံ အထူးကိုယ်စားလှယ်နှင့် NCA-S EAO တို့ နေပြည်တော်တွင်တွေ့ဆုံ
July 1, 2022
အာဆီယံ အထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) တို့ ယနေ့ ဇူလိုင် ၁ ရက်နေ့ နေပြည်တော်တွင် တွေ့ ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ တွေ့ဆုံမှုတွင် NCA ထိုးအဖွဲ့မှ အာဆီယံအထူးကိုယ်စားလှယ်ထံသို့ NCA အနှစ်သာရ (၃)ချက်ဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံ ခြင်းနည်းဖြင့် ဖြေရှင်းရေး၊ ပါဝင့်သင်သူများအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများ အကာအကွယ်ပေးရေးတို့ကို အလေးထား တင်ပြင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းတွေ့ဆုံမှုတွင် အာဆီအထူး ကိုယ်စား လှယ် H.E Prak Sokhonn ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးနှင့် အမှန် တကယ် ဒုက္ခရောက် နေသူများထံ အကူအညီများ ရောက်ရှိရှေး နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့ကို ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ဆိုသည်ဟု NCA ထိုးအဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

ယင်းတွေဆုံပွဲတွင် RCSS အဖွဲ့က သီးသန့် ဦးဆောင်ဆွေးနွေးပြီး “လက်ရှိနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာမှာ (က) စစ်ကောင်စီနှင့် EAO များ ညှိနှိုင်း ဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီချက်ရအောင် အလျှော့အတင်းပြုလုပ်နိုင်ရေး၊ (ခ) စစ်ကောင်စီ၊ EAO များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ဖက်ဒရယ်မူရရှိအောင် နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းဆွေးနွေးပြီး အာဏာသုံးရပ် ခွဲဝေကျင့်သုံးနိုင်ရေး၊ (ဂ) ရရှိလာသည့် ဖက်ဒရယ်မူများနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲခြင်း စသည့် နည်းလမ်း (၃) သွယ်ကို ပံ့ပိုးကူညီဆောင်ရွက်ပေးရန်” တင်ပြခဲ့ကြောင်း သိရသည်။ ယနေ့တွေ့ဆုံပွဲ၌ တက်ရောက်သူများသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU)၊ ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့၏ ကိုယ်စားလှယ်များ တဖြစ်ကြောင်း သိရသည်။

၂။ ဖယ်ခုံမြို့နယ်တွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
1 July, 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၉ ရက် တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၇ ဦးကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၂၃ ရက်နေ့က ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို ဇွန် ၂၉ ရက်နေ့ကလည်း လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့နဲ့ Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စနိုက်ပါအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၊ Fighter က ၃ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ဒီစာရင်းက ကျနော်တို့ စနိုက်ပါ အဖွဲ့က ပစ်ခတ်ရှင်း လင်းခဲ့တဲ့ စာရင်းတွေပါ။ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ပဲ ပူးပေါင်းပြီး တိုက်နေ တာပါ။ သီးသန့် မစ်ရှင်လုပ်တာမျိုးတော့ မရှိပါဘူး။ စစ်ကောင်စီဘက်က သေဆုံးမှုတွေကို စနိုက်ပါသမားတွေကို ပံ့ပိုးပေး တဲ့ စကုတ် သမားတွေက အတည်ပြုပေးတယ်လို့ ပြောပါတယ်။ ဖယ်ခုံမြို့နဲ့ မလှမ်းမကမ်းရွာတွေမှာ လက်ရှိ နှစ်ဘက် စစ်ရေးအခြေ အနေ တင်းမာနေပြီး စစ်ကောင်စီ တပ်မ ၆၆ နဲ့ တပ်မ ၅၅ တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အလယ်ပိုင်းတိုင်း အထူးစစ်ဆင် ရေးတပ်ဖွဲ့ဟာ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။ http://burmese.dvb.no/archives/541290

၃။ မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် SSPP/SSA တိုက်ပွဲစတင်ဖြစ်ပွား
July 1, 2022
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့မှ တိုက်ပွဲစတင် ဖြစ်ပွားနေကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင် ၁) ရက် မွန်းလွဲပိုင်း ၂ နာရီခွဲမှ စတင်ကာ မိုးမိတ်မြို့နယ် မန်ကတ်ကျေးရွာအုပ်စုအတွင်းမှ ပုန်ကန်ကျေးရွာ နှင့် ဝမ်အုမ်ကျေးရွာကြား တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် SSPP/SSA တို့မှ စစ်ရေးတင်းမာခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။ “မွန်းလွဲပိုင်း ၂ ခွဲက နှစ်ဖွဲ့တပ်က ဝမ်ပုန်ကန်နဲ့ ဝမ်အုမ်ရွာကြားကို ရောက်လာတယ်၊ နှစ်ဖက်တပ်ဖွဲ့ အကွာအဝေး က တစ်မိုင်တောင် မရှိဘူး၊ စကစတွေက ရွာထဲမှာ နေရာယူထားတဲ့ တပ်ဖွဲ့အင်အားနဲ့ ဝမ်အုမ်ရွာပြင်မှာလည်း စစ်ကားနှစ်စီး အပြည့်ရှိနေတယ်၊ စစ်ကူအင်အားဖြစ်လောက်တယ်” ဟု အမည်မဖော်လို ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲက ၄ နာရီဝန်းကျင်မှာစဖြစ်ခဲ့တာပါ၊ လက်ရှိအချိန်ထိဆိုပါတော့၊ ဒါကြောင့်ဒေသခံပြည်သူတချို့က မြို့ပေါ် ကို ထွက်ပြေးတိမ်းရှောင်သွားတာမျိုးတွေ ရှိနေတယ်လို့လည်း ကြားတယ်” ဟု အထက်ပါ SSPP/SSA အရာရှိက ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု ကို ဆက်သွယ်မေးမြန်းရာ သေနတ်သံသည် တစ်နေရာ တည်းထွက်ပေါ်မည်မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခု တိုက်ပွဲအသေးစိတ် ဖြစ်စဥ်ကို ဗဟိုဌာနချုပ်က မသိရသေးဘူး၊ ဒါပေမဲ့ တကယ်လို့တိုက်ပွဲဖြစ်ခဲ့ရင်လည်း တစ်နေရာထဲပေး ဖြစ်မှာမဟုတ်ဘူး။ ကျနော်တို့ တပ်ရှိရာနေရာတိုင်း ကို တိုက်ပွဲဖြစ်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် SSPP/SSA တပ်စခန်း ၃ နေရာကို ဇွန်လ ၃၀ နောက်ဆုံးထား စွန့်ခွာဆုတ်ခိုင်းသည့် အမိန့်ညွှန်ကြားချက် ထုတ်လာပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲသံများ ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်းလည်း သိရသည်။ https://burmese.shannews.org/arc hives/28940

၄။ ဝေါလေဒေသတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ခန့် နယ်စပ်ကို ထွက်ပြေး
July 1, 2022
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဝေါလေဒေသက စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဥကရစ်ထစခန်းမှာ စစ်ကောင်စီ တပ်နဲ့ KNU ပူးပေါင်းတပ်တွေ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက် ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲ တွေ ပြင်းထန်နေတာ ကြောင့် ရွှေအေးမြိုင်၊ ဝါးမိထ စတဲ့ကျေးရွာတွေက ဒေသခံ တစ်ထောင်ခန့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်သလို နေထိုင်နေကြရသလို အချို့ကလည်း ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။ “ထိုင်းဘက် လူတစ်ထောင်ပြေးရတာ မဟုတ်ဘူး။ စုစုပေါင်း နေရပ်စွန့်ခွာရတာ တစ်ထောင်ပဲရှိတာ။ ဝေါလေ၊ ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမိထ အဲ့ရွာတွေဘက်က။ အချို့က ကမ်းစပ်မှာနေတယ်။ အချို့က ထိုင်းဘက် ပြေးတယ်၊ တကွဲတပြားဖြစ်ကုန်တယ်။ လူဘယ်လောက်က ထိုင်း၊ ဘယ်လောက်က မြန်မာဘက်ဆိုတာ စာရင်းမရသေး။ နေရာလည်းစုံ လေယာဉ်ပျံလည်း ပစ်နေတော့ ပြောမရသေးဘူး။ လေယာဉ်ပျံ တစ်မနက်လုံး လာပစ်နေတာ အခုထိပဲ” ဝေါလေဒေသမှာ ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က ၄၀ ကျော်သေဆုံးပြီး KNU ပူးပေါင်းတပ်တွေ ဘက်က ၁၃ ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောဆိုပေမယ့် ဒီအရေအတွက်နဲ့ ပတ်သက် လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.rfa.org/burmese/n ews/karen-villagers-flee-to-thai-07012022061405.html

၅။ ကရင်နီပြည်မှာ ဇွန်လ တစ်လအတွင်း တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွား
July 1, 202
ကရင်နီပြည်မှာ ဇွန်လ တစ်လအတွင်း တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ ဇူလိုင်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတစ်လအတွင်းမှာ စစ်ကောင်စီ ဘက်က ၂၅ ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက် ငယ် ၁၃လက်နဲ့ Anti Drone Jammer ( ၁ ) ခုကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဇွန်လ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ ၂၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၅ဦး သေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။ ဘာသာရေး ဘုရားကျောင်း နှစ်ကျောင်းနဲ့ ဒေသခံ နေအိမ် ၁၂လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ ကရင်နီပြည်မှာ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဒီကနေ့ ( ဇူလိုင်လ ၁ ရက်နေ့ ) ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၃၆၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၆။ မိုင်းယောင်းမြို့ ၁၀ နှစ်အရွယ်ရှိ သျှမ်းအမျိုးသမီးငယ် မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူ ပြင်းထန်စွာအရေးယူသင့်
July 1, 2022
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ် အား မုဒိမ်း ကျင့်ခဲ့သည့်သူကို ပြင်းထွန်စွာ အရေးယူသင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင် SHRF မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် မိုင်းယောင်းမြို့နယ်မှ ဟောင်ကြန့်ကျေးရွာ သင်္ချိုင်းသွားရာလမ်းဘေးတစ်နေရာ တွင် အခင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မုဒိမ်းကျင့်ခံရသူ အသက် ၁၀ နှစ်အောက် ကလေးငယ်ဖြစ်ကြောင်းလည်း SHRF မှ ဆက်လက်ပြော ဆိုထားသည်။ “ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို စစ်ကောင်စီတပ်သားတွေ လုပ်လာတာနှစ်ပေါင်း အတော်ကြာ ခဲ့ပြီ၊ အခုအသက် ၁၀ နှစ်အောက်ကို ဓါးထောက်ပြီး မုဒိမ်းကျင့်တာကလည်း အင်မတန်မှ ကြမ်းတမ်း ရက်စက်တဲ့လုပ်ရပ်ဖြစ်လို့ ပြုကျင့်သူ တရားခံစစ်သားကို ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်၊ အပြစ်ပေးသင့် တယ်” ဟု SHRF မှ ပြောရေးဆိုခွင့် စိုင်းဟော်ရှဲန် က ပြောသည်။

အဆိုပါ မုဒိမ်းကျင့်ခံရသူ သျှမ်းအမျိုးသမီးငယ်သည် အသက် ၇ နှစ်သာရှိနေပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) ၏ လက်အောက်ခံတပ်ဖြစ်သည့် မိုင်းယောင်းအခြေစိုက် အမှတ် (၃၃၄) ခြေမြန်တပ်ရင်းမှ တပ်သား သန်းဇော် မှ ဓါးထောက် မုဒိမ်းကျင့်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရားခံ တပ်သား သန်းဇော်ကို ရဲစခန်းမှ ဖမ်ဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ သျှမ်းအမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှုနှင့် ပက်သက်ပြီး သတင်းဌာနများသို့ သတင်းပေါက်ကြားမှု မရှိစေရန် အတွက် မိသားစုဝင်များကို ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။ “အခုလိုသတင်းဖုံးကွယ်ဖို့ ခြိမ်းခြောက်ပြော ဆိုတာတွေလည်း မိသားစုဝင်ကြုံနေရလို့ သတင်းကို မပေးရဲတာ တွေ ရှိနေပါတယ်၊ ဒါကို စစ်တပ်ဖက်ကရော ရဲစခန်းဘက်ကရော ဖိအားပေးနေတာ”ဟု အမည်မဖော် လိုသူ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ https://burmese.shannews.org/archives/28937

၇။ KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ
30 June 2022
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် မိုးရေကို သောက်ရေသုံးရေ အဖြစ် အသုံးပြုနေရသောကြောင့် စစ်ရှောင်ပြည်သူအချို့ ဝမ်းပျက်သည့်ရောဂါ ခံစားနေကြရကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလ မိုးရေကြီးချိန် စစ်ရှောင်စခန်းများတွင် ရေပိုက်လိုင်းများ ပြတ်တောက်နေသဖြင့် မိုးရေများကို ခံယူပြီး သောက်ရေသုံးရေအဖြစ် အသုံးပြုနေသည်ဟု ဖွန်လွန်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။ “ကျမတို့ စခန်းမှာ မိုးအရမ်းကြီးရင် ရေမထွက်တော့ဘူး။ ရေဗုံးအကြီးထဲ မိုးရေခံပြီး သုံးနေကြတယ်။ မိုးရေကို ကျိုချက်ပြီး သုံး တယ်။ အရင်ရက်က ရေ ၃-၄ ရက်လောက်မလာဘူး အခုတော့လာနေတယ်။ ရေလာပေမယ့် လုံးဝမကောင်းဘူး ရွံ့တွေတောင် ပါတယ်။ ကျမလည်း အခု ဝမ်းရောဂါဖြစ်နေရတယ်။” ဟု KNG ကို ပြောသည်။

လက်ရှိ ဖွန်လွန်ယန်စစ်ရှောင်စခန်းတွင် ဂျွန်လအတွင်း ဝမ်းပျက်ဝမ်းလျောကြောင့် ဖျားနာသူ ၃၀ ဦးခန့် ရှိပြီ ဖြစ်သည်။ “ကျမတို့ စခန်းမှာ ရေကို ကန်နဲ့ ပိုက်က ရေတခါထဲကျအောင်လုပ်ထားပေးတယ်။ အဆင့်ဆင့် စစ်ပြီးတော့ ရေသန့်အောင်တော့ လုပ်ပေးထားတယ်။ တာပေမယ့် မိုးတွင်းရောက်ရင် ရေက လုံးဝမကောင်းတော့ဘူး။ ရေကို မလာတော့တဲ့အချိန်လည်း ရှိတယ်။ ကျမတို့စခန်းမှာ ရေတွင်းတော့ရှိတယ်။ အိမ်နဲ့ ရေတွင်းနဲ့ဝေးတဲ့ မိသားစုတွေက သွားမခပ်သုံးနိုင်ကြဘူး။ မိုးရေသုံးတယ်။” ဟု ဆိုသည်။ ထို့်ပြင် လိုင်ဇာမြို့ နေရာအချို့တွင်လည်း မိုးတွင်းကာလ ကော်ဖီရောင်ပြောင်းသည့် သောက်ရေသုံးရေများကို အသုံးပြုနေကြရသောကြောင့် ကျန်းမာရေး ထိခိုက်လာမည်ကို လိုင်ဇာဒေသခံများ စိုးရိမ်နေကြသည်။ ၂၀၁၁ ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ပြည်နယ်အနှံမှ ပြည်သူများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေသို့ ရောက်ရှိကာ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။ https://burmese.kachinnews.com/2022/06/30/j-30-lp/

၈။ ဒီးမော့ဆိုက ဒုက္ခသည်ရှစ်သောင်းအတွက် မိုးကာတွေလိုအပ်
June 30, 2022
ကယားပြည် ဒီးမော့ဆိုမြို့နယ်က တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်း ဝန်းကျင်အတွက် မိုးကာအချပ်ရေ တစ်သိန်းဝန်းကျင် အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီလူ့အခွင့်ရေးကွန်ရက် ညွှန်ကြား ရေးမှူး ကိုဗညားက ပြောပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်အတွင်း ရွာတွေကဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလကစလို့ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထွက်ပြေးလာကြရသူတွေဖြစ်ပါတယ်။ ဒီနေ့အထိ နေရပ်ပြန် လို့ မရသေးတဲ့ ဒုက္ခသည်တွေအတွက် လက်ရှိမိုးတွင်းကာလမှာ အမိုးအကာတွေ ရရှိနိုင်ရေး အရေးတကြီး ဆောင်ရွက်ပေးနေ ရတယ်လို့ ကိုဗညားက ပြောပါတယ်။ “မိုးတွင်းလည်းဖြစ်တယ် နောက်ပြီး အဲဒီမိုးကာနဲ့ပဲ ရေကန်တွေလုပ်ပြီး ရေသုံးကြရတာ ဆိုတော့၊ အခုမိုးကျလာတော့ အရင်တုန်းက မိုးကာတွေက အကုန်ပေါက်ပြဲကုန်ပြီး သုံးမရတော့ ကျနော်တို့ အဲဒါကို အရေး တကြီး ဆောင်ရွက်ပေးနေရတာ”လို့ ကရင်နီလူ့အခွင့်ရေး ကွန်ရက် ညွှန်ကြားရေးမှူး ကိုဗညားကပြောပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ကို ထွက်ပြေးနေရတဲ့ ဒုက္ခသည် ခုနှစ်ထောင်ကျော်အတွက်လည်း မိုးကာ အချပ်ရေ ငါးထောင်လောက် လိုနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆီဆိုင်မြို့ခံ ခွန်ကျော်ဆွေက ပြောပါတယ်။ ဆီဆိုင်ရောက် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာလည်း တစ်လစာလောက်ပဲ ကျန်တော့တာမို့၊ နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့တွေအနေနဲ့ အာရုံစိုက်ပေးစေချင်တယ်လို့ ခွန်ကျော်ဆွေကပြောပါတယ်။ “ကျနော်တို့ ဆီဆိုင်မှာက ဒုက္ခသည် အများဆုံးရှိတာက နောင်ကျောကျေးရွာအုပ်စုထဲမှာ။ မိုးကာနဲ့တဲ ထိုးနေကြရတာ ဆိုတော့ အမိုးအတွက်ကော၊ အကာအတွက် ပါ မိုးကာပဲသုံးရတာဆိုတော့လေ။ နောက်ပြီး စားနပ်ရိက္ခာ အတော်လေးခက်ခဲနေကြတာ။ ဒီမှာက အလှူရှင်တွေ နိုင်သ လောက် ကူတယ်ဆိုပေမယ့် ရေရှည်ကြတော့ ခက်ခဲလာတယ်။ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပိုအာရုံစိုက် ပေးစေချင်တာပါ”လို့ ခွန်ကျော်ဆွေကပြောပါတယ်။ https://www.rfa.org/burmese/news/refugees-need-shelter-in-kayah-06302022112959.html

၉။ ပုလောတွင် တိုက်ပွဲ ၄ ရက်ဆက်ဖြစ်ပွား၍ ကျေးရွာ ၅ ရွာခန့် စစ်ဘေးရှောင်နေရ
June 30, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်(မြိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့အကြား ဇွန်လ ၂၇ ရက်နေ့မှစ၍ ယနေ့ ဇွန်လ ကုန်အထိ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၅ ရွာခန့်မှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံထံမှ သိရသည်။ နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတစ်ဦးက “၂၇ ရက်နေ့ ညနေ ၇ နာရီက စဖြစ်တာ အခုထိ ဆက်တိုက် ဖြစ်နေတုန်းပဲ။ ကျမမှတ် ထားသလောက်က တိုက်ပွဲဖြစ်တာ အကြိမ် ၂၀ ကျော်လောက်ရှိပြီး။ စစ်ကောင်စီဘက်က ၃ ယောက်ကျသွားပြီးလို့ ကြားတယ်။ ဒီဘက်ကတော့ ၂ ယောက် ထိခိုက် ဒဏ်ရာရထားတယ်။ အခုလည်း စစ်ကောင်စီဘက်က စစ်ကူတွေ ဆက်လာနေတုန်း၊ လေယာဉ်ကလည်းဝဲနေတုန်းပဲ”ဟု ကေအိုင်စီသို့ ပြောသည်။ ထို့အပြင်လတ်တလောတွင် ပုလောမြို့နယ်အတွင်းရှိ မကျဉ်ကုန်း၊ ကျောင်းနိပ်၊ နန်းတောင်၊ မော်မိ နှင့် ဂျင့်ဂါ စသည့် ကျေးရွာ ၅ ရွာမှ ဒေသခံများ အားလုံးနီးပါး စစ်ဘေးရှောင် နေကြ ရပြီး ပုလောမြို့အတွင်း၌လည်း အစစ်အဆေး ပိုမိုတင်းကြပ်လုပ်ဆောင်လာကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိ စစ်ဘေးရှောင်နေရသူများတွင် အမျိုးသမီး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအများအပြားပါဝင်ကာ ကျေးရွာ ၅ ရွာမှ ခန့်မှန်းခြေလူဦးရေ နှစ်ထောင်နီးပါးရှိနိုင်ကြောင်း နှင့် ၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာ နေရာထိုင်ခင်းများ လိုအပ်နေကြောင်းလည်း ထိုဒေသခံ အမျိုးသမီးက ဖြည့်စွက်ပြောသည်။ ယခုလဆန်းပိုင်း ၁၀ ရက်နေ့က လည်း ပုလောမြို့နယ်အတွင်းရှိ ပုလောကုန်း၊ နတ်အိမ်တောင်နှင့် ရှမ်းဒွတ် ကျေးရွာဘက်သို့ တပ်ဖွဲ့ဝင်အင်အား ရာနှင့်ချီသည့် စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာ၍ ဒေသခံအရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို ကျောင်းနိပ်ကျေးရွာအတွင်းရှိ နေအိမ်တချို့ကို လည်း စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးသွားခဲ့ သေးသည် ဟု ဒေသခံများထံမှ သိရသည်။ https://kicnews.org/2022/06/%e1%80%95%e1%80%af%e1%80%9c%e1%8 0%b1% e1%80%ac%e1

၁၀။ တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းအပါအဝင်ဒေသခံသုံးဦးကို ၅၀၅(က)ဖြင့် အမှုဖွင့်
July 1, 2022
မြန်မာစစ်တပ်က ဖမ်းဆီးထားသော လူမှုရေး၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း အပါအဝင် ဒေသခံသုံးဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့က အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။ ၄င်းတို့သုံးဦးကို လုံခြုံရေးအခြေအနေအရ ရဲစခန်း၌ မထားဘဲ တပ်ရင်း အချုပ်ထဲ၌ထိန်းသိမ်းထားဆဲဖြစ်သည် ဟု ရဲအရာရှိတစ်ဦးကပြောသော်လည်း အဆိုပါသုံးဦးကို မည်သူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည်ကို ပြောဆိုရန် ငြင်းဆန်သည်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မနေ့က ဇွန်လ ၃၀ ရက်နေ့ကတည်းက အမှုဖွင့် လိုက် တယ်ဆိုပြီး နီးစပ်တဲ့သူတွေကနေတဆင့် သတင်းကြားထားတယ်။ ဒါပေမဲ့အမှုဖွင့်ခံရတဲ့ သူတွေက ရဲစခန်းကို လည်းမရောက်သေးဘူး။ဘယ်တပ်ရင်းမှာဆိုတာကိုလည်းမသိရဘူး။ကျနော်တို့ယူဆတာက တရားခံတွေ မပါဘဲအမှုဖွင့်တယ်ဆိုတော့ သူတို့ကိုစစ်ကြောရေးမှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေကြောင့် လူမြင်မခံစေချင်တာ လားဆိုပြီး တွေး မိတယ်” ဟု ပြောသည်။

ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း၊ခေါင်းတုတ်ကျေးရွာ ဦးကျော်သန်းမောင်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်တို့ကို ဇွန်လ ၂၁ ရက်နေ့ကပင် ဖမ်းဆီးထားခြင်းဖြစ်ပြီး မိသား စုနှင့်တွေ့ခွင့်မပေးသေးပေ။ ကိုဇော်ဝင်းဇနီး ဒေါ်ခင်လှဇံက “အခုလိုအမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ကျမတို့ဘာမှ မသိ သေးပါ ဘူး။ ဒီနေ့ မနက် ပိုင်းက အုပ်ချုပ်ရေးမှူးရုံးက ဗိုလ်မှူးကို ဖုန်းဆက်တုန်းကလည်း အမှုဖွင့်တာတွေကို မပြောဘူး။ အမှုဖွင့် တာတို့၊ ရုံးထုတ်တာတို့ရှိလာခဲ့ရင် မိသားစုတွေကိုပြောမှာပေါ့ ဆိုလို့ပြောတယ်။ဒါမှမဟုတ် ကျမတို့ကိုဖုံးကွယ်ထားတာ များ လား”ဟုပြောသည်။ အလားတူ ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက် ၏ မိသားစုဝင်များကလည်း သားဖြစ်သူအား ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်ကို နီးစပ်ရာအသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိထားကြောင်းပြောသည်။ ၄င်းမှာ မည်သည့်အဖွဲ့ အစည်း နှင့်ဆက်စပ်မှုမရှိဘဲ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးစံလှကျော်က ပြောသည်။ ” ကျနော့်သားက ဘယ်အဖွဲ့နဲ့မှလည်း ဆက်စပ်တာမရှိဘူးဆိုတာကို တစ်ရွာလုံးသိတယ်။ အဖမ်းခံရတဲ့နေ့ ကလည်း သူနဲ့အတူတခြားဝန်ထမ်း ၂ ယောက်ပါသေးတယ်။ သူတို့ကတော့လွတ်သွားပြီး ကျနော့်သားကတော့ သင်္ကြန်တုန်း ကဇီးချောင်းမှာ AA ကတစ်ယောက်နဲ့ တွဲ ရိုက်ထားတဲ့ပုံကြောင့် ဖမ်းသွားတာ။ ဘီယာမူးပြီး အမှုမဲ့ အမှတ်မဲ့ ရိုက် ထားတာပါ။အခုလိုအမှုဖွင့်ခံရတဲ့ သတင်းကြားတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ စိုးလည်း စိုးရိမ်မိတယ်” ဟု၄င်းကဆိုသည်။

၁၁။ ကျောက်မဲမြို့နယ် စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးတင်းမာမှု ရှိနေ
June 30, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စု၏ အနောက်ဘက်ရှိ ဘုန်းကြီးကျောင်း အနီး တွင် စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့ ရောက်ရှိနေပြီး စစ်ရေးတင်းမာမှုများရှိနေကာ ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ “အင်အား ၇၀ လောက်ရှိတဲ့ TNLA တပ်က ဟိုင်းပူ့ကျေးရွာဘက်ကနေ စစ်ကြောင်းချီတက်လာတဲ့အချိန်မှာ စကစတပ်ဖွဲ့တွေက လက်နက် အပြည့်အစုံနဲ့ မန်ခါကျေးရွာအနောက်ဘက်က ဘုန်းကြီးကျောင်းမှာ စခန်းလာချထားတယ်၊ မြေပြင်အနေအထားက အရမ်းနီး တော့ တိုက်ပွဲဖြစ်မှာကို ကျမတို့အရမ်းကြောက်တယ်”ဟု အသက် ၄၀ ကျော် မန်ခါ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

အဆိုပါ မန်ခါကျေးရွာအုပ်စု အတွင်းတွင် TNLA တပ်ဖွဲ့တို့ မကြာခဏ သွားလာလှုပ်ရှား စခန်းချမှုများ ရှိခဲ့ပြီး ဒေသခံ ပြည်သူများကိုလည်း အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်လေ့ရှိကြောင်းလည်း သိရသည်။ “အခုမန်ခါကျေးရွာအုပ်စု အတွင်းမှာ ရွာသားတွေသိပ်မကျန်တော့ဘူး၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခွန် နဲ့ စစ်သား ကောက်တာများလွန်းတော့ ဒေသခံအများစုက ထိုင်းဘက် တရုတ်ဘက်ကို အလုပ်သွားလုပ်ကြတာ၊ နောက်တစ်ခုကျ တော့ TNLA တွေက သူတို့တအာင်း စာတွေသင်ဖို့ ဒီဒေသက သျှမ်းပြည်သူကို ဖိအားပေးနေတာရှိတယ်” ဟုအသက် ၃၀ ဝန်းကျင် ဒေသခံအမျိုး သားတစ်ဦး ကပြောသည်။ ကျောက်မဲမြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံအပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေသည့် နယ်မြေ ဒေသဖြစ်သည်။ https://burmese.shannew s.org/archives/28920

၁၂။ ရခိုင်မှာ ရေကြောင်းသွားလာရေး တစ်ပတ်ကြာ ပိတ်ခံထားရတာကြောင့် ဒေသခံတွေခက်ခဲ
June 30, 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြို့နယ်အသီးသီးကို ပြေးဆွဲနေတဲ့ ရွှေပြည်တန်ရေကြောင်းလိုင်း အပါအဝင် ရေကြောင်းလိုင်းတချို့ကို စစ်ကောင်စီက ဒီကနေ့အချိန်ထိ ပိတ်ထားဆဲဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။ စစ်တွေမြို့ပေါ်မှာ ဗိုလ်အဆင့်ရှိတဲ့ စစ်ကောင်စီတပ် အရာရှိတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၄ ရက်နေ့ကစလို့ သင်္ဘောတွေ၊ စက်လှေကြီးငယ်တွေ ကမ်းဆိုက်တဲ့ ဆတ်ရိုးကျချောင်းကို စစ်ကောင်စီတပ်က ပိတ်လိုက်တာ ပါ။ အခုလို တစ်ပတ်ကြာ ရေယာဉ်လိုင်းတွေ ရပ်နားထားရတာကြောင်း ခရီးသည်တွေအတွက်ရော၊ လုပ်ငန်းရှင်တွေ အတွက်ပါ အခက်အခဲဖြစ်နေကြတယ်လို့ ရွှေပြည်တန် ရေအမြန်ယာဉ် မန်နေဂျာ ဦးစံမောင်သန်းကပြောပါတယ်။“ဘယ်နေ့ ပြန်ဖွင့်ပေး မယ်ဆိုတာကို မသိရသေးဘူး။ ဒါကြောင့် ခရီးသည်တွေရော၊ လုပ်ငန်းရှင်တွေရော အကုန်လုံးအခက်အခဲဖြစ်ကြ တာပေါ့။ ဟိုနေ့ကတော့ ရေကြောင်းဦးစီးနဲ့တွေ့ခဲ့တယ်။ ပြန်ဖွင့်ပေးမယ်ဆိုရင်လည်း စစ်တပ်က စစ်ဆေးမှုတွေလုပ်မယ်လို့ သူကပြော တယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားပေးပါဆိုပြီးတော့ ပြောတာတော့ရှိတယ်” ရွှေပြည်တန်ရေကြောင်းလိုင်းဟာ စစ်တွေမြို့ ကနေ ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ် က မြို့နယ်အသီးသီးကို အသွားအပြန် ပြေးဆွဲနေတာဖြစ်ပြီး ရခိုင်လူထု အဓိက မှီခိုသွားလာနေရတဲ့ ရေကြောင်းလိုင်းပါ။

ဒါကြောင့် အခုလို ပိတ်ထားတာ အချိန်ကြာလာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စည်စီးဆင်းမှုတွေ၊ သွားလာမှု တွေ တော်တော်လေးကို အခက်အခဲ ဖြစ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။ ရသေ့တောင်မြို့ကနေ စစ်တွေမြို့ကို ပြေးဆွဲနေ တဲ့ စက်လှေပိုင်ရှင် ဦးမောင်စောဝင်းကလည်း အခုလို ရေကြောင်းခရီးကို ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ လည်း မြင့်တက်နေပြီလို့ပြောပါတယ်။ “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် အဲဒီဆတ်ရိုးကျချောင်းကပဲ ကုန်စည်စီးဆင်းမှု ပြုလုပ် နေကြတာလေ။ အခု အဲဒီချောင်းကို ပိတ်ထားတော့ သွားလာလို့မရဘူး။ အခုဆိုရင် ရေကြောင်းကနေ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတယ်။ ကုန်းလမ်းကနေ ပစ္စည်းတွေ တင်ရင်လည်း ကုန်ကျစရိတ်တွေ များတာကြောင့် လယ်ယာသုံးမြေသြစာတွေ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ အကုန်ဈေးတက်သွားပြီ။ ဒေသခံတွေ တော်တော်အခက်အခဲဖြစ်တာပေါ့” ဒါကြောင့် ဒီရေကြောင်း ခရီးကို စစ်ကောင်စီအနေနဲ့ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီဇွန်လအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ဟာ အပြန်အလှန် ဖမ်းဆီးမှုတွေ စစ်ရေးလှုပ်ရှားတာတွေ ရှိနေပါတယ်။ https://w ww.rfa.org/burmese/news/military-block-water-transport-in-rakhine-06302022110329.html

၁၃။ မိုင်းရှူးမြို့အတွင်း လောင်းကစားကြောင့် အိမ်ပေါင်၊ ခြံပေါင်နေရ
June 30, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားပိုမိုများပြားလာပြီး လက်ရှိမှာ အိမ်ပေါင်၊ ခြံပေါင်အထိ ရှိလာနေကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများပြားလာပြီး မိုင်းရှူးမြို့အတွင်း လောင်းကစားကြောင့် ပြည်သူများဒုက္ခရောက်ကာ၊ အိမ်ပေါင်သည့်အဆင့် ထိ ရှိလာကြောင်း သိရသည်။ “မိုင်းရှူးမြို့မှာ အခု လောင်းကစားအရမ်းများလာတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်နေတယ်။ အခုက ၂ လုံးရောင်းတာ များလွန်းတယ်။ ဒိုင်တွေကလည်း မလျော်နိုင်လို့ အိမ်ပေါင်ပြီးလျော်ပေးနေရတာလည်း ရှိတယ်။ တစ်ချို့အိမ်တွေဆို ပေါင်တယ်။ ကားတွေကိုရောင်းနေကြတယ်။ အဲ့လောက်ထိဆိုးလာနေပါတယ်” ဟု မိုင်းရှူးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများမှာ ရဲက အခွန်စားနေသောကြောင့် တစ်စုံတစ်ရာ အမှုဖွင့်တိုင်ကြားသော်လည်း အရေး ယူဆောင်ရွက်ပေးလျက်မရှိကြောင်း သိရသည်။ ထိုအပြင် သတင်းမီဒီယာများထံ သတင်းပေးပါက သတင်းပေးသူကို အရေးယူ ဆောင်ရွက်သွားမည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ ရဲတွေကလည်း ဒီလောင်းကစားတွက် အခွန်ရတယ်လေ။ သူတို့ကို ဒီလိုကိစ္စနဲ့ အမှုသွားဖွင့်ပြီး သူတို့က အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူး။ ပြီးတော့ မီဒီယာတွေကိုလည်း သတင်း ပေးတဲ့သူမရှိဘူး။ သတင်းပေးတဲ့သူတိုင်တဲ့သူကိုလည်း သိရရင် သူတို့အရေးယူမယ်လို့တောင်ပြောသေးတယ်” ဟု အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် ပြည်သူများကလည်း စားဝတ်နေရေး ယခင်ထက်ပိုမို ခက်ခဲလာနေပြီး ခိုးယူလုယက်မှုလည်း သျှမ်းပြည်အတွင်း မြို့တိုင်းနီးပါးဖြစ်နေလျက်ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/28915

၁၄။ တမူးမြို့နယ်တွင် ချင်းအမျိုးသားတစ်ဦး အသတ်ခံရ
July 1, 2022
တမူးမြို့နယ်၊ မြို့သစ်မြို့၊ နောင်ကတ်ရွာသစ်(ခ) Jalenphai ကျေးရွာမှာနေထိုင်တဲ့ ကိုထန်ဂင်းဟောင် (Thang Gin Hao) အသက် ၃၀ ဟာ ယနေ့ ဇူလိုင် ၁ ရက်မနက်တွင် ရွာထဲလမ်းမပေါ်မှာသေဆုံးလျက်တွေ့ရှိတယ်လို့ ရွာသားတွေထံ က သတင်းရရှိပါတယ်။ ကိုထန်ဂင်းဟောင် ဟာ ဇွန်လ ၃၀ ရက်က အလည်သွားရာညအိမ်ပြန်မရောက်လာတော့ပါ။ ယနေ့ ဇူလိုင် ၁ ရက်မနက်ပိုင်းတွင် ရွာလယ်လမ်းမပေါ်မှာ ဦးခေါင်ဒဏ်ရာ၊ ခန္ဓာကိုယ်ထုထောင်းဒဏ်ရာများနဲ့ သေဆုံးနေတာကို ရွာသားတွေကတွေ့ရှိကြပါတယ်။ ခုချိန်ထိ ဘယ်သူက ဘာကြောင့်သတ်ဖြတ်တာလည်းဆိုတာ မသိရသေးပါ။ နောင်ကတ် ရွာသစ်(ခ) Jalenphai ကျေးရွာရဲ့ အနောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့က အခြေချတဲ့ အုပ်ဖိုကန်ဘောင် စခန်းနဲ့ နောက်ဘက် နောင်ကတ်ရွာမှာလည်း ပျူစောထီးတွေ အခြေချနေထိုင်ကြပါတယ်။

၁၅။ ကချင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိပ်ပိတ်ခံရ
June 30, 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းနဲ့ မြစ်ကြီးနားမြို့က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်ရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဇွန်လ ၂၉ ရက် မနေ့က ချိပ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို မနေ့က အင်အား အလုံးအရင်းနဲ့ လာပြီး ချိပ်ပိတ်သွားကြတာလို့ နေအိမ်ချိပ်ပိတ်ခံရတဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း က ပြောပါတယ်။ “လူအင်အားအလုံးအရင်းနဲ့ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ချိပ်ပိတ်သွားတယ်။ အကြောင်းပြချက်ကတော့ သူတို့ရဲ့အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ ချိပ်ပိတ်တာပေါ့၊ ဒါက မျှော်လင့်ပြီးသား လည်း ဖြစ်တော့ ဘာမှ ထွေထွေထူးထူးတော့ မခံစားရပါဘူး” အခုသိမ်းဆည်းခံထားရတဲ့ နေအိမ်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ တော်လှန်ရေး အောင်မြင်သွားချိန်မှာ ပြန်ရဖို့ ယုံကြည်ထားတယ်လို့ သူက ပြောပါတယ်။

အလားတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာရှိတဲ့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်ရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီက မနေ့က လာရောက်ချိပ်ပိတ်သွားတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ မိသားစုဝင်တွေကတော့ တိမ်းရှောင်နေကြ ရတာကြောင့် သူတို့ရဲ့နေအိမ်တွေ ချိပ်ပိတ်ခံ ရချိန်မှာ နေအိမ်မှာလူနေထိုင်ခြင်းမရှိဘူးလို့လည်း ပြောကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ပူတာအို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခန်လင်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ လက်ရှိအချိန် CRPH ကော်မတီအဖွဲ့ဝင် ဦးဝင်းနိုင်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဇော်သင်း စတဲ့နေအိမ်တွေပါ ချိပ်ပိတ်ခံထားရပါတယ်။ https://www.rfa.o rg/burmese/news/ka chin-mp-homw-shut-down-06302022102226.html

၁၆။ ပလက်ဝမြို့တွင် ဓာတ်ဆီပြတ်လပ်လို့ မီးပျက်တာ ၅ ရက်ရှိပြီ
July 1, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ဇွန်လ ၂၆ ရက်ကတည်းက မီးပျက်ခဲ့ပြီး ဇွန်လ ၃၀ ရက်အထိ မီးမလာသေးဘူးလို့ ဒေသခံများက ပြောပါတယ်။ ယခင်ကတော့ တစ်ရက်ခြားပြီး ပလက်ဝမြို့ကိုနှစ်ပိုင်းခွဲကာ တလှည့်စီ မီးပေးခဲ့သော်လည်း ခုတော့ တမြို့လုံးမီးမလာတာ ၅ ရက်တိတိရှိပြီဟု ဒေသခံများက ပြောပါတယ်။ မီးမလာသောကြောင့် ငွေကြေးတက်နိုင်သော သူများကဟာ ဆိုလာမီးကို အသုံးပြုကြပြီး ဆိုလာမီး မရှိသောသူများကတော့ ဖယောင်းတိုင်ကိုသာ အသုံးပြုကာ အဆင်ပြေသလို နေထိုင်ရကြောင်း ဆိုပါတယ်။ “မီးက ခုချိန်ထိ မလာသေးဘူးဆိုတာထက် ခုလည်း ဒီမှာမီးမလာဘူး။ ခါတိုင်းဆို ၆ နာရီ ခွဲလောက်ဆို မီးလာပြီ၊ ပလက်ဝမြို့ကို ၂ ခြမ်းခွဲပြီး မီးပေးခဲ့တယ်။ မြို့မဘက်ကို တစ်ညပေးရင် နောက်တညဆို ကျွန်မတို့ ဘက်က တစ်ည မီးရတယ်။ ဒါပေမယ့် တမြို့လုံး မီးမရတာ ၅ ရက်ရှိပြီ”လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့တွင် ဓာတ်ဆီ ၁ ဂါလံကို ၃၀,၀၀၀ ကျပ် ကျော်အထိပေးဝယ်နေရပြီး ဓာတ်ဆီဟာ လုံးဝ ပြတ်တောက် သွားတာမျိုးမဟုတ်ပဲ ရှားပါးလာပြီး ဈေးကြီးသောကြောင့် ဝယ်ယူရတာ ခက်ခဲလာကြောင်း ဆိုပါတယ်။ ပလက်ဝမြို့တွင် ဘာကြောင့် မီးပျက်သွားသလဲဆိုတာကို တာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းအသိပေးမှုလည်း မရှိကြောင်း ဆိုပါတယ်။

၁၇။ အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်၏နေအိမ် ချိပ်ပိတ်ခံရ
June 30, 2022
မြဝတီမြို့အခြေစိုက် အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်၏ နေအိမ်အား ယနေ့ ဇွန်လ ၃၀ရက်နေ့၊ ညနေ ၅နာရီအချိန်တွင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့က လာရောက်ချိပ်ပိတ်သွားသည်ဟု ရပ်ကွက် နေပြည်သူများက ပြောသည်။ မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကရင်စာပေ (၅) လမ်းနေ ကိုမျိုးနောင်နောင်ဇော် (ခ) နေနော် နေအိမ်အား အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(ခ)/၅၀(ည)အမှုဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့က နေအိမ်ကို ဗီနိုင်းစာ လာကပ်ကာ ချိပ်ပိတ်သွားခြင်းဖြစ်သည်ဟု မျက်မြင် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ ၎င်းရပ်ကွက်နေထိုင်သူ တစ်ဦး က “ညနေ ငါးနာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရော၊ အုပ်ချုပ်ရေးအဖွဲ့တွေကော အင်အား ၁၀၀လောက်နဲ့ လာပြီး ချိတ်ပိတ်သွားတယ်။ အခု သူ့အမျိုးသမီးနဲ့ ကလေးက အိမ်ပေါ်ကနေ ဆင်းလိုက်ရ တယ်ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီအခြေစိုက် အလွတ်တန်း သတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်ကို ယခုနှစ်၊ မတ်လ ၂၈ရက်နေ့ တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအချိန်၌ မြဝတီမြို့ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၅၀၅(က) နှင့် ၅၂(ခ)တို့ဖြင့် တရားစွဲဆိုထားကြောင်း ကနဦး သိရှိရသည်။ ယခုလ ဇွန်လ ၈ရက်နေ့တွင်လည်း မြဝတီတောင်ဘက် မယ်ထော်သလေး-ပဟိကလော်ကျေးရွာလမ်းဆုံရှိ စစ်ရှောင် တစ်ဦး၏ စတိုးဆိုင်နှင့် နေအိမ်အား အာဏာသိမ်း စစ်ကောင်စီက ချိပ်ပိတ်မှု ပြုလုပ်ခဲ့သေးသည်။ https://kicnews.org/2022/06/%e1%80%a1%e1%80%9c%e1%80%bd%e1%80%90%e 1%80%ba%e1%80%90%e1

၁၈။ စစ်တွေမြို့ခံ နှစ်ဦးကို မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ် ချမှတ်လိုက်သည့်အပေါ် ဒေသခံများဝေဖန်မှုရှိနေ
July 1, 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ့ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခံခဲ့ပြီးနောက် မှောင်ရိပ်ခိုမှု ဥပဒေပုဒ်မ ၆၁ (ဂ) ဖြင့် ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) လ ချမှတ်လိုက်ကြောင်း သိရသည်။ ထောင်ဒဏ် ၁ လ ချမှတ်ခံရသူများမှာ အသက် ၅၃ နှစ်အရွယ် ဦးမောင်အေးနှင့် အသက် ၄၆ နှစ်အရွယ် ဦးလှသိန်းအောင် တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးမှာ ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစု ဝင်များက DMG သို့ ပြောသည်။ “ အဲဒီနေ့က သူက ရပ်ကွက်တွေမှာ စစ်ဆေးမှုများတယ်ဆိုပြီးတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာသွား အိပ် တာ။ လမ်းမှာ အဖမ်းခံလိုက်ရတာ။ အခုတော့ စစ်တွေထောင်ချုပ်မှာပါ။ မနက်ကတော့ ကျွန်တော်တို့ သွားတွေ့တယ်။ သူတို့ ကို မှောင်ရိပ်ခိုမှုနဲ့ဆိုပြီးတော့ ထောင်ဒဏ် ၁ လချလိုက်ပါတယ်” ဟု ဦးမောင်အေး၏ သားဖြစ်သူ ကိုနေခြည်ဦး က DMG သို့ ပြောသည်။

ဇွန်လ ၂၃ ရက်နေ့က စစ်တွေတွင် မြန်မာစစ်တပ်မှ အရာရှိ တဦးနှင်း တပ်ဖွဲ့ဝင်တဦးကို AA က ဖမ်းဆီးမှုကြောင့် မြန်မာစစ်တပ်က ဒေသခံများကို လိုက်လံဖမ်းဆီးခဲ့သည်။ ထို့အတူ ၎င်းတို့နှစ်ဦးမှာလည်း နောက်တစ်နေ့ ဇွန်၂၄ ရက် ညနေ ပိုင်းတွင် မိမိရပ်ကွက်အတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းလည်း ဖြစ်သည်။ ထိုသို့ ပြည်သူများကို မြန်မာစစ်တပ် က လိုက်လံဖမ်းဆီးခဲ့ပြီး မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ်ချ မှတ်လိုက်သည့်အပေါ် မဖြစ်သင့်သည့် ကိစ္စရပ်ဖြစ် ကြောင်းလည်း မြို့ခံများက ဝေဖန်နေကြသည်။ ယင်းကြောင့် မှောင်ရိပ်ခိုမှုနှင့် ထောင်ဒဏ်ချမှတ်ခံလိုက်ခြင်းမှာ ပြည်သူများကို အကြောက် တရား လွမ်းမိုးမှုဖြစ်အောင် ဥပဒေကို အသုံးပြုပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သန်းဝေ က DMG သို့ပြောသည်။ မှောင်ရိပ်ခိုမှုဆိုသည်မှာ ညအချိန် ရဲတပ်ဖွဲ့ဝင် များနှင့် တွေ့သည့်အခါ အကြောင်းအရာများကို ပြေပြေလည်မရှင်းပြနိုင်သည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းမလိုဘဲ ဖမ်းဆီးပြီး အာမခံမရဘဲ အမှုဖွင့် တရားစွဲဆိုနိုင်သည့် အမှုဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံ မှ သိရသည်။

၁၉။ ကျောက်မဲမြို့နယ် စာသင်ကျောင်းများ CDM ပညာရေးဝန်ထမ်းများသာ ခန့်အပ်ရန် TNLA ညွှန်ကြား
June 30, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းများတွင် CDM ဆရာ/ ဆရာမ များကိုသာ ခန့်အပ်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့မှ ညွှန်ကြားထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် စစ်ကောင်စီခန့် ဆရာ/ဆရာမများ လာရောက်သင်ကြားခွင့် မပြုကြောင်း (TNLA) မှ ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရ သည်။ “ဒီအုပ်စုမှာ စာသင်ကျောင်း စုစုပေါင်း ၅ ကျောင်းရှိပါတယ်၊ ဒါပေမဲ့ TNLA က စစ်ကောင်စီခန့်ထားတဲ့ ဆရာ/မတွေ လာသင်လို့ မရဘူးတဲ့၊ CDM လုပ်ထားတဲ့ ဆရာ/မတွေကိုပဲခေါ်သင်ဖို့ ဒေသခံတွေကိုညွှန်ကြားလာတယ်၊ ဒါပေမဲ့ CDM ဆရာ/မ ရဲ့ လုံခြုံရေးကို တွေးမိပြီး ရွာသားတွေလည်း မခေါ်ရဲသေးဘူး၊ TNLA ကတားမြစ်ထားတဲ့ စစ်ကောင်စီခန့် ဆရာဝန်တွေ က လည်း ကြောက်ပြီးမလာရဲကြလို့ အခုထိကျောင်းက မဖွင့်နိုင်သေးဘူး” ဟု မိုင်းတင်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော် ဆင့် ကိုပြောသည်။

အဆိုပါ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံစာသင်ကျောင်းများအနက် မူလတန်းကျောင်း ၄ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၁ ကျောင်းရှိနေကြောင်း သိရသည်။ ဇွန်လ ပထမပတ်အတွင်းတွင် စာသင်ကျောင်း ၃ ရက်ဖွင့်လှစ် သင်ကြားနိုင်ခဲ့ပြီး TNLA တပ်သားတို့၏ ခြိမ်းခြောက်ပြောဆို တားမြစ်မှုများကြောင့် စစ်ကောင်စီလက်အောက်ခံ ဆရာ/မများ ကြောက်လန့်ကာ ကျောင်းဆက်မဖွင့်နိုင်ဘဲ ကျောင်း ပိတ်လိုက်ရကြောင်း ဒေသခံများကပြောသည်။ လက်ရှိအချိန်အထိ မိုင်းတင်းကျေးရွာအုပ်စုအတွင်းမှ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်သည့် အခြေအနေမရှိသည့်အတွက် ကျောင်းသားမိဘများက ကလေးများ၏ ပညာရေးကို စိုးရိမ်နေကြောင်း သတင်းသိရသည်။ “ကိုယ်ပိုင်ကျောင်းတွေ မြို့ပေါ်ကျောင်းတွေမှာ မတက်နိုင်တဲ့ ကလေးတွေကိုတော့ သနားမိတယ်၊ အာဏာမသိမ်းခင်မှာ ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားထားရသလို အခုလည်း စစ်အာဏာသိမ်းလို့ ကျောင်းပိတ်ထားရတာနဲ့ဆိုရင် သူတို့ နစ်နာတာ နှစ်နှစ် ရှိပြီလေ” ဟု မိုင်းတင်းမှ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ https://burmese.shannews.org/archives/28910

၂၀။ ကျေးရွာမှမောင်းထုတ်ခံရ၍ ထွက်ပြေးတိမ်းရှောင်ရသူများထဲ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ ပါဝင်၊ အစာနှင့်ဆေးဝါးလိုအပ်နေ
June 30, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ် မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရများထဲတွင် အမျိုးသမီး၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင် ပြီး နေရေးစားရေး၊ ကျန်းမာရေး အရေးပေါ်လိုအပ်နေကြောင်း ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့များက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ၊ ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေပြီး မိုးတွင်းကာလ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် ကျန်းမာရေးအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း ကိုယ်တိုင် တိမ်းရှောင်နေရသည့် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး-KWO အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။ သူမက “အခုက တောထဲမှာ လိုက်ပြေးနေရတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အစားအသောက်တွေ၊ ဆေးဝါး တွေ မလုံလောက်ဘူး။ နေရတာလည်း လုံခြုံမှု မရှိကြဘူး။ အခု လက်နက်ကြီးသံ ကြားပြီးဆိုရင် လင်မေ့သား မေ့ ပြေးပုန်းရတာပဲ။ ကျမဆိုရင် အခု ကိုယ့်မိသားစုဝင်နဲ့ကို မတွေ့ရသေးဘူး။ ပြေးကြရတာ တကွဲတပြားဖြစ်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံများမှာ ကျေးရွာပေါင်း ၁၂ရွာမှ ရွာသူရွာသား (၁၀,၅၂၆)ကျော်ရှိပြီး ၎င်းမြို့နယ်အတွင်း လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်အမျိုး သမီးအစည်းအရုံး-KWO တို့ကလည်း ဆန့်ကျင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ထားကြသည်။ ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး-KNU၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ် တို့တွင် စစ်ကောင်စီနှင့် KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီ ဘက်မှ ဒေသခံရွာသားများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း KNU က ဇွန်လ ၂၉ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။ လက်ရှိအချိန်၌ KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃)နယ်မြေအတွင်း အဓိက စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင် စီတပ်များမှာ ခြေမြန်တပ်ရင်း (ခမရ-၂၀)၊ (ခမရ-၁၂၄)၊ (ခမရ-၄၃၉)နှင့် (ခမရ-၃၅၀) ပူးပေါင်းတပ်တို့ဖြစ်ပြီး ကျောက် ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃အုပ်စုမှ ကျေးရွာ(၁၅)ရွာကို ကျေးရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီ၏ ခမရ-၂၀ တပ်ရင်းမှူးမှ သတိပေး ခြိမ်းခြောက် မောင်းထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း KNU က ဇွန်လ ၂၄ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသေးသည်။ https://kicnews.org/2022/06/

၂၁။ ကျောက်တော်ဒေသခံတစ်ဦး မိုင်းထိမှန်ပြီး ပြင်းထန်ဒဏ်ရာရ
July 1, 2022
ကျောက်တော်မြို့နယ်၊ဝက်မှိုင်းကျေးရွာမှာ (ဇူလိုင် ၁ ရက်)၊နေ့လယ် ၁ နာရီကျော်ခန့်က နွားရှာသွားသည့် ဒေသခံ တစ်ဦး မှိုင်းထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိသွားကာ အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟုသိရသည်။ မှိုင်းထိမှန်သူမှာ အသက် ၄၀ ကျော်အရွယ် ဦးသန်းစိန်မောင်ဖြစ်ပြီး ကျေးရွာနှင့်တစ်မိုင်ကျော် ကွာဝေးသည့် လယ်ပြင်တွင် နွားရှာသွားစဉ် မှိုင်း ထိမှန်ခဲ့ပြီး ခြေထောက်နှစ်ဖက်မှာ ပြင်းထန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု ဆွေးမျိုး တော်စပ်သူ ဦးဝင်းတင်က DMG ကို ပြောသည်။ “ တဲနှင့်နည်းနည်းဝေးတယ်။အဲဒီမှာ ပတ်ပြီးတော့ နွားရှာသွားနေတဲ့အခါ ရထားလမ်းအနီးမှာ မှိုင်းနှင်းမိသွား တာ ပါ။ ဒဏ်ရာကတော့ ခြေထောက်နှစ်ချောင်းမှာ ညာဖက်ခြေထောက်ပြတ်ထွက်သွားပါတယ် ။နောက်တစ်ချောင်းက ပြင်းထန် ဒဏ်ရာရသွားပါတယ်။ လောလောဆည်အသက်အန္တရာယ်တော့ ပြောလို့မရသေးဘူး။ အရင်တုန်းကလည်း ဒီလမ်းမှာအမြဲ တမ်း သွားနေကြပါ။ အဲဒီအနီးမှာ တပ်ရင်း ၃၇၅ ရှိပါတယ် ။အခုလို ဖြစ်သွားတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ် ”ဟု ၄င်း က ဆိုသည်။

လက်ရှိမှာ ဒဏ်ရာရရှိသူကို ကျောက်တော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်းပလက်ဝမြို့နယ်၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ ဟင်းရှာသွားသည့် အမျိုးသမီး နှစ်ဦး မိုင်းနှင်းမိပြီးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။အလားတူ ဇွန်လ ၁၂ ရက်နေ့က မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင် စခန်း မှ အမျိုးသားနှစ်ဦး တောင်ပေါ်သို့မျှစ်ချိုးရန် သွားစဉ် မိုင်းနှင်းပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်းတွင် ပလက်ဝ၊မြေပုံ၊ ရသေ့တောင်တို့ မိုင်းနင်းမိမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိမှုရှိခဲ့သည်။

၂၂။ မိုင်းရှူးမြို့ နှင့် တန့်ယန်းကြားရှိ SSPP တပ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်
June 30, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအနီး စစ်ကောင်စီမှ အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မိုင်းရှူးမြို့အတွင်း စစ်ကောင်စီသည် ညအချိန်မှာ တစ်မြို့လုံးကို လျှပ်စစ်မီးပိတ်ပြီး စစ်အင်အားအပြည့်ဖြင့် မြို့မှ ထွက်သွားပြီး ပြန်လာချိန်မှာ ကားပေါ်တွင် မည့်သည်တစ်စုံတစ်ရာမှ ပြန်မပါလာကြောင်း မိုင်းရှူးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။ “သူတို့ ညဆိုရင် မီးတွေပိတ်ပစ်တယ်။ မီးတွေပိတ်လိုက်ပြီးတော့ သူတို့ မြို့ကနေထွက်သွားတာ။ ထွက်သွားတုန်းကဆို ရင် ကားပေါ်မှာလူကော၊ စားစရာတွေအပြည့်ပဲ။ ပြန်လာတော့ ကားပေါ်မှာ ဘာမှ မရှိတော့ဘူး။ သူတို့ SSPP တပ်စခန်း နေရာကိုသွားနေတာထင်တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့နောက်ဆုံးထားပြီး သူတို့ တပ်ဆုတ်ထားခိုင်းတယ်ဆိုတော့လေ” ဟု မိုင်းရှူးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ ကြားရှိ လွိုင်နိုင်းကျေးရွာ ဒေသခံများက မိုင်းရှူးမြို့ပေါ်သို့ ပြောင်းရွှေ့ လာနေကြောင်း သိရသည်။ အဆိုပါ လွိုင်နိုင်းကျေးရွာသည် SSPP တပ်စခန်း နှင့် စစ်ကောင်စီ တပ်ကြားတွင်ရှိသည့် ရွာဖြစ် ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “အခုဆိုရင် SSPP နဲ့ တပ်စခန်းနီးတဲ့နေရာဆိုရင် မိုင်းရှူးမြို့ပေါ်ကို ပြောင်း လာကြတယ်။ အခုရက်ပိုင်း တော်တော်များများက ပြောင်းလာကြတယ်။ တစ်ရွာလုံးပြောင်းလာတာတော့ မဟုတ်ဘူး။ ရွာထဲမှာ တော့ ရွာစောင့်တွေတော့ ကျန်မယ်ထင်တယ်။ တိုက်ပွဲမဖြစ်ခင် ရှောင်လာတဲ့သူတွေပေါ့” ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။ “ကျမတို့ ပြည်သူတွေလည်း တိုက်ပွဲဖြစ်မှာ ကြောက်တယ်။ စိုးရိမ်တယ်လေ။ ဘယ်ချိန် သေနတ်သံတွေ ကြားရမလဲမသိဘူး။ အခုချိန်ထိတော့ သေနတ်သံတွေ မကြားရသေးဘူး။ တိုက်ပွဲဖြစ်ရင်လည်း အထုတ်ပြင်ပြီးတော့ ထွက်ပြေး ဖို့ပဲရှိတော့တယ်” ဟု ဒေသခံ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ https://burmese.shannews.or g/archives/28924

၂၃။ ဖလမ်း-ကလေးလမ်းမတွင် ဆိုင်ကယ်တစ်စီးကမိုင်းနင်းမိတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
July 1, 2022
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ကလေးလမ်းမပေါ်မှာရှိတဲ့ ဗားလုံနဲ့ ဇောင်းလဲကျေးရွာကြားတွင် ယမန်နေ့ ဇွန် ၃၀ ရက် ဆိုင်ကယ်တစ်စီးက မိုင်းနင်းမိလို့ ဟားခါး ပညာရေးဒီဂရီ ကော်လိပ် ပထမနှစ်ကျောင်းသား ဆလိုင်းပီတာ ဒိမ်း လျန် ဆန်း (၂၂ နှစ်) ပွဲချင်းသေဆုံးတယ်လို့ သတင်းရရှိပါတယ်။ ၎င်းနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ ဆလိုင်းဗန်လျန်အုပ်ကတော့ ဒဏ်ရာ ရရှိသွားတယ်လို့သိရတယ်။ အရင်ပတ်က ကလေးမြို့ကနေ ချင်းတောင်ဘက်သို့ စစ်ကား အစီး ၂၅ ကျော်တက်လာပြီး ဖလမ်းဘက်သို့ဦးတည်လာကာ ဒီနေ့ထိ ဇောင်ကောင်းကျေးရွာအနီးတဝိုက်တွင် ခြေလျင်နဲ့တက်လာတယ်လို့သိရတယ်။ ဆိုင်ကယ် မိုင်းနင်းမိတဲ့နေရာ စစ်ကောင်စီတပ်တွေ ဖြတ်လာမယ့်ကားလမ်းမဖြစ်ပါတယ်။ https://www.zalen.info/%E1% 80%96%E1%80%9C%E1%80%99%E1%80%BA%E1%80%B8

၂၄။ မော်လမြိုင်-ရန်ကုန် မီးရထားခ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်
July 1, 2022
မော်လမြိုင် – ရန်ကုန် ‌ပြေးဆွဲနေသော မီးရထားလက်မှတ်နှုန်းထားများကို ယနေ့ (ဇူလိုင် ၁ ရက်)မှ စတင်ကာ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရသည်။ စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့် တက်လာမှုကြောင့် ရထားလက်မှတ်ခများကို တိုးမြင့်ကောက်ခံရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားဌာန (မော်လမြိုင်)မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။ မော်လမြိုင်-ရန်ကုန် ရထားလမ်းကြောင်းအတွင်းရှိ ကြားဘူတာများသို့ လိုက်ပါစီးနှင်းမည့် ခရီးသည် များအတွက် လက်မှတ်ခကိုလည်း မြို့အလိုက် နှုန်းထားတွက်ချက်ကာ တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။ ယခင်က မော်လမြိုင် – ရန်ကုန် အထူးတန်း လက်မှတ်တစ်စောင်ကို ၄၂၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးတန်း လက်မှတ် ၂၁၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်မှ စတင်ကာ အထူးတန်း လက်မှတ်တစ်စောင် ၇၀၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးတန်း လက်မှတ်တစ်စောင်ကို ၃၅၅၀ ကျပ် တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။ မော်လမြိုင်မြို့မှ ဒေသခံတစ်ဦးက “ကြားဘူတာတွေကျတော့ ရထား သွားရင် ပိုအဆင်ပြေတာပေါ့။ ပစ္စည်းရော၊ လူရော သွားလို့အဆင်ပြေတယ်။ ဈေးတက်လည်း တက်ပေါ့။ ကားခတွေလည်း တက်နေတာပဲလေ”ဟု ပြောသည်။ လက်ရှိတွင် မော်လမြိုင် ဘူတာကြီးတွင် မနက် ၈ နာရီတွင် မော်လမြိုင်-ရန်ကုန်နှင့် ည ၆ နာရီမှာ ရန်ကုန်- မော်လမြိုင်တစ်စီးသာ ပြေးဆွဲနေကြောင်း သိရသည်။ https://burmese.monnews.org/2022/07/01/%e1 %80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1

၂၅။ ရွာငံ PDF အား တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်သူ့များထံ အသိပေး
July 1, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အခြေစိုက် ရွာငံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား တရားဝင်ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်း ဇွန်လ ၃၀ ရက်၊ ညပိုင်းအချိန်က YPDF မှ ပြည်သူများထံ အသိပေး ထုတ်ပြန်ထားသည်။ အခက်အခဲအမျိုးမျိုးကြောင်း ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့သည့်အတွက် စိတ်မကောင်းခြင်းများ စွာဖြင့် ၎င်းတို့အဖွဲ့အား တရားဝင်ဖျက်သိမ်းလိုက်ရခြင်းဖြစ်ပြီး အခြားတော်လှန်ရေးလုပ်ငန်းများ၌ ဆက်လက်ပါဝင်နေမည်ဖြစ် ကြောင်း YPDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ပြီးခဲ့သည့်ဇွန်လ ၉ ရက်ကလည်း PDF များပါမက ပြည်သူများပါ အစစ အရာရာခက်ခဲကြပ်တည်းနေသောအချိန်ဖြစ်ပြီး အခြေအနေအရ ၎င်းတို့လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက်ကြောင့် ရွာငံဒေသကို စွန့်ခွာတော့မည်ဖြစ်ကြောင်းYPDFက အသိပေးထုတ်ပြန်ခဲ့သည်။

ဖွဲ့မှုအသစ်ဖြင့် ပြန်လာနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး တော်လှန်ရေးတွင်ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေမည် ဖြစ်သလို လုံးဝဇွဲလျော့သွားမည်မဟုတ်ကြောင်းနှင့် စုဖွဲ့မှုအသစ်ဖြင့် ပြည်သူများရှေ့ မားမားမတ်မတ် အရောက်ပြန်လာခဲ့မည် ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း အခက်အခဲများစွာကြောင့် YPDF အား ယနေ့၌ တရားဝင်ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ YPDF အား ယခင်နှစ် ဒီဇင်ဘာလ ၂၅ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် မဟာမိတ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရွာငံနှင့် ပင်းတယမြို့နယ်၌ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန် ရေးလုပ်ငန်းများ ပြင်းပြင်းထန်ထန်ဆောင်ရွက်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်းကိုလည်း သိရသည်။

၂၆။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် စစ်ဘေးရှောင် မြန်မာနိုင်ငံသား ၈ဝ ဖမ်းဆီးခံရ
1 July, 2022
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဇွန် ၂၈ ရက် မနက်က မြန်မာနိုင်ငံသားတွေ ခိုလှုံနေထိုင်တဲ့ ကျေးရွာတွေမှာ အိန္ဒိယ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးကာ အသက်မပြည့်‌သေးတဲ့ ကလေးငယ် အယောက် ၂၀ အပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ဒုက္ခသည် အယောက် ၈၀ ကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ ကူကီးကျောင်းသားများ အဖွဲ့အစည်း ကနေ သိရ ပါတယ်။ အဆိုပါ ဖမ်းဆီးခံ စစ်ဘေးရှောင်တွေကို နိုင်ငံခြားသားအက်ဥပဒေနဲ့ တရားစွဲ အရေးယူထားတယ်လို့ သိရပြီး မြန်မာနိုင်ငံမှ စစ်ဘေးရှောင်တွေ တရားစွဲဆိုခံထားရတဲ့အပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိတယ်လို့ ကူကီးကျောင်းသားများ အဖွဲ့ကပြောပါတယ်။ ကူကီး‌ကျောင်းသား လူငယ်တဦးက “အဲ့ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အများအားဖြင့် စစ်ကိုင်းတိုင်း တွင်းက စစ်ဘေးရှောင်တွေဖြစ်ပြီး တမူးမြို့နယ်နဲ့ ကလေးမြို့နယ်က စစ်ရှောင်တွေ အများစုပါဝင်ကာ မုံရွာနယ်က စစ်ဘေး ရှောင်တချို့လည်း ပါဝင်တယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေ အခုလို ဒုက္ခရောက်နေချိန်မှာ ကူညီထား‌သင့် ကြောင်း၊ အိန္ဒိယ နိုင်ငံခြားသားအက်ဥပဒေဟာ အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ် နိုင်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကနေ အမြန်ဆုံး ဆောင်ရွက်ကူညီပေးကြဖို့” ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးဖျက်ဆီးကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ် နေတာကြောင့် ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဖမ်းဆီးခံ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း မိမိတို့မှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားမရှိကြောင်း ဝန်ခံပြီးပြီလို့ ဆိုပါတယ်။ အခုလို မြန်မာ့နိုင်ငံရေးအခြေအနေ အခက်အခဲဆုံး အခြေအနေကာလမှာ အိမ်နီးနားချင်းနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူရ် အစိုးရအနေနဲ့ မြန်မာပြည်သူလူထုတွေ အဘက်ဘက်မှ ပိတ်မိနေတဲ့ အခြေအနေ အချိန်ကာလမှာ အခုလို နိုင်ငံခြားသားအမှုနဲ့ အမှုအကြီးကြီးတပ်ပြီး ဖမ်းဆီးနေတာဟာ လူသားချင်း စာနာထောက်ထားမှုကို အလေးမထားတဲ့အပြင် အိမ်နီးနားချင်းနိုင်ငံ မပီသတာလို့လည်း မိမိတို့မှ ရှုမြင်သုံးသပ်တယ်လို့ ကူကီးကျောင်းသားများအဖွဲ့က ထုတ်ပြန်ပါတယ်။ http://burmese.dvb.n o/archives/541338

၂၇။ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးဆေးတပ်က “ငါတို့ရဲဘော် ငါတို့ကျွေးမည်” ခေါင်းစဉ်ဖြင့် ၅ ကြိမ်မြောက် ဆန်အိတ် ၃၀၀ Challenge ပြုလုပ်နေ
July 1, 2022
ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးဆေးတပ်ဖြစ်သည့် Dove KK က “ငါတို့ရဲဘော် ငါတို့ကျွေးမည်”ခေါင်းစဉ်ဖြင့် ရှမ်းတောင်နှင့် ကရင်နီ(ကယား)ပြည်နယ်မှ PDF နှင့် စစ်ရှောင်များအတွက် ၅ကြိမ်မြောက် ဆန်အိတ် ၃၀၀ Challenge ကို ပြုလုပ်နေကြောင်း Dove KK ထံမှ သိရသည်။ Dove KK မှ လစဉ်ပြုလုပ်နေသည့် ဆန်အိတ် ၃၀၀ Challenge အား ဇူလိုင်လ အတွက် စတင်ပြုလုပ်နေပြီဖြစ်သည့်အတွက် လိုအပ်နေသည့် ဆန်အိတ်အရေအတွက်အမြန်ဆုံးပြည့်ပြီး လိုအပ်နေသည့် နေရာများသို့ အမြန်ဆုံးရောက်ရှိရန် အားစိုက်၍ တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြရန် ဇွန်လ ၂၈ ရက်က မိဘပြည်သူများထံ မေတ္တာရပ်ခံထားသည်။ လမ်းခရီးအခက်အခဲကြောင့် ဆန်အိတ်များမဟုတ်ဘဲ ငွေသားများသာ လှူဒါန်းပေးကြရန်နှင့် ဆန်အိတ် တစ်အိတ်စာအတွက် ၃၅၀၀၀ ကျပ်မှစတင်၍ ပါဝင်လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းလိုသူများအနေဖြင့် Dove KK လူမှုကွန်ယက် စာမျက်နှာ၌ ဆက်သွယ်နိုင်ကြောင်း အသိ‌ပေးထားသည်။

အဆိုပါအစီအစဉ်သည် ယခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီနှင့် မတ်လ၌ ရပ်နားခဲ့ကာ ဧပြီလမှစတင်၍ ယခုဇူလိုင်လအထိ ၄လဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကာ Challenge ပြည့်သည့်လများရှိသလို မပြည့်မှီသည့် လ များလည်း ရှိကြောင်း Dove KK ထံမှ သိရသည်။ Dove KK သည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၌သာမက ရှမ်း-ကရင်နီ နယ်စပ်၌ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ ရဲဘော်များနှင့် စစ်ဘေးရှောင်များကို ဆေးကုသမှုပေးနေသည့် ဆေးတပ်ဖွဲ့ဖြစ်သလို NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ရှမ်းတောင် ၁၀၀၈ တပ်ရင်း၌လည်း ပါဝင်လှုပ်ရှားနေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

၂၈။ ရခိုင် တိုင်းရင်းသား စာပေသင် ဆရာများ လစာမရရှိကြ၍ အခက်တွေ့
July 1, 2022
ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေသည့် တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများ (TA/LT) မှာ ဇွန်လအတွက် လစာငွေကို လကုန်သည်အထိမရရှိသေးကြောင်း ဆရာဆရာမများထံမှသိရသည်။ အဆိုပါ ကျောင်းဆရာ/ မတို့မှာ အခြေခံ ပညာကျောင်းတို့တွင် နေ့စားလပေး ဆရာအဖြစ် တာဝန်ထမ်း ဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လအတွက် လစာငွေမရရှိ သေးခြင်းလည်း ဖြစ်ကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။ မြေပုံမြို့နယ်က (TA/LT) ဆရာတစ်ဦးက “ တာဝန်ကျတဲ့ ရွာက အခြားရွာဆိုတော့ အဲဒီရွာမှာသွားနေဖို့ သူများ ဆီကငွေတွေကို ချေးပြီးသွားရတာ။ ဒါပေမယ့် လကုန်တော့ လစာမရဘူး။ ဒီတော့ ချေးထားတဲ့လူကို ဘယ်လို ပြန်ဆပ်ရ မလဲမသိဘူး။ ကျောင်းအုပ်ကြီးကိုမေးတော့လဲ ဘယ်တော့ရမယ်ဆိုတာကို တိတိကျကျ မပြောနိုင်ဘူး။ တော်တော်လေးကို အဆင်မပြေဖြစ်ရပါတယ် ” ဟု ပြောသည်။

လက်ရှိမှာ TA/LT ဆရာ/ဆရာမများအနေဖြင့် အခြား ဆရာဆရာများနှင့်တန်းတူ တာဝန်ထမ်း ဆောင်ကြရသော် လည်း လကုန်သည့်အချိန်တွင် လစာမရခြင်းမှာ လုံးဝ မဖြစ်သင့်သည့် ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း လည်း တောင်ကုတ်မြို့နယ်မှ TA/LT ဆရာမတစ်ဦးဖြစ်သူ ဒေါ်တင်မေဦးက ဆိုသည်။ “ကျွန်မတို့တွေက ကျန်တဲ့အလုပ်တွေကို အကုန်ဖျက်ပြီးတော့ ဒီအလုပ် ထဲမှာပဲ အချိန်တွေကို မြှုပ်နှံ ထားကြရတာလေ။ အားလုံးမှာလည်း မိသားစု စားဝတ်နေရေး ဆိုတာရှိတော့ လကုန်ရင် ကိုယ့်ရဲ့ လုပ်အား ခလေးကိုတော့ အားလုံးကို မျှော်လင့်ကြတာပေါ့ ”ဟု ၎င်းကဆိုသည်။ လက်ရှိတွင် လစာငွေကို မည်သည့် အချိန် တွင်ရရှိမည်ဆိုသည်ကို အတိအကျ မသိကြရသေးသော်လည်း သံတွဲမြို့နယ်တွင်မူ ဇွန်လ လစာကို ဇူလိုင်လနှင့် ပေါင်းပေး မည်ဟု ပြောဆိုမှုများရှိကြောင်း ရခိုင်ဆရာများ အသိုင်းအဝိုင်းထံမှသိရသည်။ ယခုကဲ့သို့ TA/LT ဆရာ/ဆရာမများအား လစာ ငွေ မရှိသေးခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘစိန်ကို DMG က ဆက်သွယ်မေးမြန်းရာတွင် အခြေခံပညာ ဦးစီးဌာနမှ ခွင့်ပြုခွဲဝေ ငွေမကျလာသေး၍ ဖြစ်ကြောင်း ဆိုသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။