• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                           (No. 51, July 15, 2022)

၁။ မချမ်းဘော့ COC ခရစ်ယာန်ဘုရားကျောင်း နယ်မြေကို သိမ်းယူမည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ပါးလာပြောသဖြင့် အသင်းတော်ဘက်မှလည်း စွန့်လွတ်ရန် ဆုံးဖြတ်
15 July 2022

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ခန်းကျိုကျေးရွာ (Hkang Ju Mare) ခရစ်တော်၏ အသင်းတော် (COC) ဘုရား ကျောင်းဝင်းကို ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် မြေနေရာအဖြစ် သိမ်းယူတော့ မည်ဟု စစ်ကောင်စီ ဝန်ကြီး ၃ ဦး လာပြောသဖြင့် အသင်းတော်ဘက်မှလည်း လက်လျော့ စွန့်လွတ်လိုက်သည်ဟုသိရသည်။ ခန်းကျို COC ဘုရားကျောင်း ဧရိယာတွင် ရှေးဟောင်းရုပ်တုကလေးများကို ၂ ကြိမ်တိုင်တွေ့ရှိခဲ့သည့်နောက်ပြီးခဲ့သော ဇွန်လ ၁၅ ရက်နေ့ စစ်ကောင်စီလက် အောက်ခံဝန်ကြီး ၃ ဦးလာရောက်ကာ ထိုခရစ်ယာန်ဘုရားကျောင်းနယ်မြေကို ဗုဒ္ဓဘာသာ ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် ဥပဒေနှင့်အညီ သိမ်းယူတော့မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့သည်ဟု COC အသင်းတော်တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ဌာပနာတွေ တွေ့တာနဲ့ ပတ်သက်ပြီး သုတေသနအဖွဲ့တွေကလည်း နှစ်ပေါင်း ၅၀၀ ကျော် ကြာပြီဖြစ်တဲ့ ဌာပနာ တွေဖြစ်တယ်လို့ ပြောတယ်။ ဒီနေရာကို ယဉ်ကျေးမှုအမွေအနှစ်နေရာ သတ်မှတ်သင့်တယ်။ ပြီးရင် ဝန်ကြီး ၃ ပါးလည်း အထူး လာပြောသွားတယ်။ ဌာပနာတွေ့လို့ ဗုဒ္ဓဘာသာတွေနဲ့ ပြဿနာဖြစ်တာကို ရှင်းပေးဖို့မဟုတ်ဘူး။ ဒီနေရာကို ရှေးဟောင်း အမွေ အနှစ် နေရာသတ်မှတ်လိုက်ပြီ။ ဘယ်ဘက်မဆို သဘောတူညီပေးရမယ်။ သူတို့က နိုင်ငံတော်ကနေ ဥပဒေနဲ့ အညီလာတယ် လို့ပြောတာဖြစ်တဲ့အတွက် ငြင်းပယ်လို့မရဘူး။အဲ့ကြောင့်သဘောတူတယ်ဆိုပြီး လက်မှတ်ထိုးတင်ပြထားပြီ”ဟု ပြောဆိုသည်။

အဆိုပါ COC ဘုရားကျောင်းမြေနေရာကို ၁၉၅၀ ခုနှစ်ခန့်တွင် စတင်ဆောက်လုပ်ခဲ့ကြပြီး ၁၉၇၆ ခုနှစ် စုပေါင်း ခရစ္စမတ်ပြုလုပ်ချိန်တွင် ပထမဆုံး ဌာပနာ ရုပ်ပွားတော်တစ်ခု တွေ့ရှိခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ၅ လပိုင်းတွင် ထိုနေရာ အတွင်း လက်ရှိ ဗုဒ္ဓဘာသာဝင်များ၏ စေတီရှိသောနေရာဘက်ခြမ်း ၆ ပေခန့် အကွာတွင် ရုပ်ထု ၃၀ ခန့် ဒုတိယအကြိမ် ထပ်မံ တွေ့ရှိခဲ့သည်ဟု သိရသည်။ ၁၉၇၆ ခုနှစ် ပထမဆုံး စတင် တွေ့ရှိခဲ့ချိန်မှစတင်ပြီး COC အသင်းတော်နှင့် ဗုဒ္ဓဘာသာဝင် များကြား အငြင်းပွားမှု မကြာခဏဖြစ်ပွားခဲ့သည်။ “တစ်ဖက်ကနေ စဉ်းစားကြည့်ရင်တော့ စိတ်နာစရာတွေပါဘဲ။ ကျနော်တို့ ဘုရားကျောင်းဝင်းမှာ ဌာပနာတွေ့ကတည်းက အောက်ခြေအဆင့်ဆင့် တရားရင်ဆိုင်ခဲ့တာတွေ အကြိမ်ကြိမ်ပါဘဲ။ တရားရုံးမှာ လည်းပဲ ကျနော်တို့ အမှုနိုင်ထားပြီဖြစ်တယ်။ သို့ပေမယ့်လည်း နိုင်ငံတော်ကနေ ယဉ်ကျေးမှုထိန်းသိမ်းရေး ဥပေဒဘောင်ထဲမှာ ပါသွားပြီလို့ ပြောတာပြီဖြစ်တဲ့အတွက် ဥပဒေကို လေးစားနဲ့အနေနဲ့ စွန့်လွှတ်လိုက်ရ ခြင်းဖြစ်တယ်” ဟု COC အသင်းတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။ COC ဘုရားကျောင်းနယ်မြေကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် မြေနေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည့်အတွက် ဘုရားကျောင်း မြေနေရာအစားထိုးမှုနှင့် နစ်နာဆုံးရှုံးမှုအတွက် နဂိုအတိုင်းပြန်လည် လုပ် ဆောင်ပေးမည်ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီး ၃ ဦး လာရောက်ချိန် ကတိပြုပြောဆိုထားကြောင်း သိရ သည်။ သိမ်းခံရတော့ မည့် COC ဘုရားကျောင်းသည် ခန်ကျိုကျေးရွာ၏ အလယ်တွင်တည်ရှိနေပြီး မြေနေရာအားဖြင့် ၁.၀၁ ဧက ကျယ်ဝန်းသည်။ https://burmese.kachinnews.com/2022/07/15/july15-yl1/

၂။ ဟားခါးမြို့နားက ချွန်ကျုံးကျေးရွာကနေအိမ်တချို့မီးရှို့ခံရ၊နေအိမ်၁၃ အိမ် မီးထဲပါသွား၊ မီးဆက်လက် လောင်ကျွမ်း နေဆဲလို့သိရ
July 15, 2022

ဟားခါး- ဖလမ်းကြားရှိ ချွန်ကျုံးကျေးရွာမှာရှိတဲ့ နေအိမ်တချို့ကို မနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ နေအိမ် ၁၃ လုံး မီးလောင်ပျက်ဆီးကာ ဒီနေ့ ဇူလိုင် ၁၅ ရက် လက်ရှိအချိန်အထိ ချွန်ကျုံးရွာမှာ မီးဆက်လက် လောင်ကျွမ်းနေဆဲလို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။ “မနေ့ညက သူတို့မီးရှို့လို့ နေအိမ် ၄ လုံး လောင်သွားတယ်၊ ဒီမနက် သူတို့ထက်ရှို့လိုက်တော့ ၉ အိမ်၊ စုစုပေါင်းက ၁၃ အိမ်မီးထဲပါသွားပြီ၊ ခုလောလောဆယ်တော့ မီးအနည်းငယ် ငြိမ်သွား ပြီထင်ရပါတယ်။” လို့ ချွန်ကျုံးကျေးရွာသားကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၄ ရက်နေ့၊ မနေ့ညက ချွန်ကျုံးကို ဝင်လာကြကာ နေအိမ်တွေကို စတင်မီးရှို့ခဲ့ ကြခြင်းဖြစ်ပြီး ဇူလိုင် ၁၅ ရက် ဒီမနက်နဲ့ဆို ၁၃ အိမ် မီးလောင်သွားပြီးဖြစ်တယ်လို့ သိရပါတယ်။ ချွန်ကျုံးရွာဟာ အိမ်ခြေပေါင်း ၄၀၀ ဝန်းကျင်းရှိပြီး ဒေသခံလူဦးရေပေါင်း ၂၀၀၀ ဝန်းကျင်ရှိကာ အခုလိုမျိုး စစ်တပ်က နေအိမ်မီးရှို့ခံရခြင်းဟာ ချွန်ကျုံး ကျေးရွာမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။

၃။ SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ပြောဆို
July 15, 2022

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP တပ်စခန်းနေရာများကို ၇ ရက် အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဌ -၂ ဗိုလ်ချုပ်ခွန်ဆိုင် ခေါင်းဆောင်ပြီး ဆွေးနွေးခဲ့စဥ်တွင် ပြောကြားခဲ့ ကြောင်း SSPP /SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက ပထမတစ်ချက်က မိုင်းရှူးမြို့နယ်နဲ့ မိုင်းရှူးမြို့မြောက်ဘက်မှာရှိတဲ့ ကျနော်တို့တပ်စခန်းနေရာသုံးခုကို သူတို့ကဆုတ်ခိုင်းတဲ့ကိစ္စပေါ့၊ ကျနော်တို့ က ဆုတ်နိုင်မဆုတ်နိုင် ဆိုတာကို နောက်ထပ် ၇ ရက် အချိန်ထပ်ပေးပြီး အကြောင်းပြန်ခိုင်းတယ်” ဟု ဗိုလ်မှူးဖုန်းဟန် က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတို့၏ ပြောဆိုချက်များကို SSPP/SSA တာဝန်ရှိ ဗဟိုနိုင်ငံရေး ဦးဆောင်မှု ကော်မတီများ ဆွေးနွေးပြီးမှသာ အကြောင်းပြန်နိုင်ကြောင်းလည်း ဗိုလ်မှူးဖုန်းဟန်က ဆက်လက် ပြောဆိုထားသည်။

စစ်ကောင်စီပြောဆို ချက်အတိုင်း တပ်စခန်းနေရာများ ဆုတ်ခွာမှု မရှိပါက စစ်ရေးတင်းမာမှုအခြေအနေ များလည်း စစ်ကောင်စီတို့အပေါ် မူတည် ကြောင်း ဗိုလ်မှူးဖုန်းဟန်က ပြောသည်။ “တပ်စခန်းနေရာတွေကို ဆုတ်ခွာဖို့ ပြောတာ ကျနော်တို့ တပ်ဖွဲ့မဟုတ်တဲ့ အတွက် စစ်ရေးတင်းမာမှု အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာက သူတို့အပေါ်မှာပဲ မူတည်ပါတယ်၊ ကျနော်တို့အနေနဲ့ လည်း တိုက်ပွဲမဖြစ်အောင် ပြည်သူထူထုထိခိုက်နစ်နာမှုမဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ ယမန်နေ့ တွေ့ဆုံပွဲတွင် SSPP/SSA ဘက်မှ ဒုတိယ ဥက္ကဌ-၂ ဗိုလ်ချုပ် ခွန်ဆိုင် ခေါင်းဆောင်သည့် အဖွဲ့သား ၆ ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် စစ်ကောင်စီဘက်မှ အဖွဲ့သား ၇ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်နိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြသည်။

၄။ ဆေးဝါးမလုံလောက်သဖြင့် စစ်‌ရှောင်စခန်းများကို ကုသပေးနေသည့် ခါနာန်ဆေးရုံ ရပ်နားရဖွယ်ရှိ
15 July, 2022

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ခါနာန်ဆေးရုံ (Canaan Hospital) ဟာ ကျန်းမာရေးစောင့် ရှောက်မှုနည်းတဲ့ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို မိုဘိုင်းစနစ်နဲ့ တပတ် ၂ ရက် ဆေးကုသပေးနေရာက အခုအခါမှာ ဆေးဝါးမလုံ လောက်တာကြောင့် ရပ်နားရမယ့်အခြေအနေရောက်နေတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ခါနာန်ဆေးရုံ ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO – Local PDF) ကနေ ဖွင့်လှစ်ထားတာဖြစ်ပြီး လတ်တလော မိုးရာသီကာလ အတွင်း ကလေးသူငယ် ဝမ်းပျက်ဝမ်းလျှော၊ နှာစေးချောင်းဆိုး၊ အာဟာရချို့တဲ့မှုနဲ့ ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များနေပြီး အခမဲ့ နေ့စဉ်ဆေးကုသပေးနေရတာကြောင့်ဆေးဝါးအခက်ကြုံကာ ဆေးမလုံလောက်မှု ဖြစ်နေတယ်လို့သိရပါတယ်။ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ မိုဘိုင်းလည်း အများကြီးထွက်ရ တယ် ပေါ့။ ဆေးရုံအထိုင်လည်း ရှိတယ်ပေါ့။ ရပ်ကွက်ထဲ မကျန်းမာနေတဲ့လူ အများကြီး ဒီမှာ များလာတယ်ပေါ့လေ။ မြို့တိုင်းမှာလည်း ဖြစ်တော့ အဲဒီ နှာစီးချောင်းဆိုးကလည်း နောက်ပြီး ဝမ်းပျက်ဝမ်းလျှောတာတွေ ရှိတယ်ပေါ့။ နောက်ပြီးတော့ ဆေးဝါးမလုံလောက်မှု ခဏခဏဖြစ်တယ်ပေါ့။ အခုလည်း လိုအပ်နေတယ်။ ဆေးဝါးထပ်မရောက်လာရင်တော့ မိုဘိုင်းသွားတဲ့စနစ်ကို နားမှ ရမှာပေါ့နော်။ နယ်လှည့်ပြီး ဆေးကုတဲ့စနစ်ကိုလေ နားမှရမယ်။ လူဦးရေနဲ့ဆိုရင်တော့ ကျနော်တို့ တပတ်တပတ်ကို ရာနဲ့ချီပြီး တော့ ကုရ တယ်ပေါ့” လို့ ပြောပါတယ်။

လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များနေပြီး သွေးလွန် တုပ်ကွေးရောဂါ တွေလည်း အနည်းငယ်ဖြစ်ပွားနေတယ်လို့ ခါနာန်ဆေးရုံ တာဝန်ခံဆရာဝန်က ပြောပါတယ်။ “ပြဿနာကတော့ ဆေးဝါးလို အပ်ချက်ပေါ့နော်။ ဆေးတွေက ရောက်တယ်၊ လှူတဲ့လူတွေလည်းရှိတယ်။ လူနာကများတဲ့အတွက်ကြောင့်မို့လို့ ဆေးကိုသုံးရ တာ အလျင်မမီတာပေါ့။ ဥပမာ ဝမ်းပျက်ဝမ်းလျှောအတွက် ဆေးတွေဆိုရင် ကမ့်ပ်တခုမှာ ဖြစ်လိုက်ပြီဆိုရင်၊ များသောအားဖြင့် ကလေးတွေ ဖြစ်ကြပြီဆိုလို့ရှိရင် ဓာတ်ဆားတို့ ပရိုဘိုင်ရောတစ်တို့ အဲဟာမျိုးတွေ မလုံလောက်တာပေါ့နော။ အခုလည်း ဝိုင်းတော့ ကူပေးနေ ကြပါတယ်။ ဒါပေမဲ့ လိုအပ်ချက်ကတော့ ရှိနေတာပဲပေါ့နော။ လိုအပ်ချက်ကတော့ လူနာတွေများတဲ့အ တွက် စစ်ရှောင်တွေ များတဲ့အတွက် လိုအပ်ချက်တော့ ရှိတယ်ပေါ့နော်။” ခါနာန်ဆေးအဖွဲ့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ လောက်က စတင်တည်ထောင် ဆောင်ရွက်လာခဲ့ရာ အခုအချိန်မှာ လူနာဦးရေ ၄,၀၀၀ လောက်အထိ ဆေးဝါးကုသပေးခဲ့ပြီ ဖြစ် ပါတယ်။ အပတ်စဉ် တပတ် ၂ ရက်နှုန်းနဲ့ မိုဘိုင်းစနစ်နဲ့လည်း လှည့်လည်ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ အခုအချိန်ဟာ မိုးရာသီ ဖြစ်လာတာနဲ့အမျှ ကလေးလူနာတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှု ပိုမိုအဆင်ပြေစေရေးအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို ဖြည့်တင်းနိုင်ဖို့ ပြည်တွင်းပြည်ပ မိဘပြည်သူတွေထံ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO – Local PDF) က အကူအညီတောင်း မေတ္တာရပ်ခံထားပါတယ်။ ခါနာန် ဆေးရုံ အတွက် ဆေးဖိုးကုန်ကျစရိတ်ငွေ တလကို ငွေကျပ်သိန်း ၂၀ လောက် ကုန်ကျလေ့ရှိတယ်လို့ သိရပါတယ်။ http://burmese.d vb.no/archives/543599

၅။ ကရင်လူငယ် ၂၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားတယ်လို့ KNU ထုတ်ပြန်
July 14, 2022

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုး တုတ်ကာ လမ်းမပေါ်မှာ တနေကုန်ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထား ပါတယ်။ ဇူလိုင် (၁၃)ရက်က ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ထဲက ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ကျေးရွာပြည်သူလူထုတွေကို ဖမ်းဆီးခဲ့တာပါ။ ဒီလို ကျေးရွာနေ ပြည်သူလူထုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓမ္မယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီး တွေကို ပြန်လွတ်ပေးခဲ့ပေမယ့် လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေအနက် ဗမာလူမျိုးတွေကို လက်ပြန်ကြိုးတုပ် ရိုက်နှက်ညဉ်းပန်းနှိပ်စက်ခြင်း မလုပ်ဘဲကရင်လူမျိုးကိုသာ လက်ပြန်ကြိုးတုပ်ပြီး လမ်းမပေါ်မှာ တနေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့တာယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

၆။ မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲထပ်မံဖြစ် စစ်ကောင်စီကျဆုံးမှုရှိ
July 14, 2022

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သတင်းသိရသည်။ (ဇူလိုင် ၁၃) ရက် နေ့လည်ပိုင်း ၁၂ ခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ပေါင်းစုဖြစ်သည့် ခလရ တပ် ၂၇၆ ၊ ၃၄၈ နှင့် ခမရ ၂၂၃ တပ်အနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဟော်နန်းရပ်ကွက်ရှိ ရဲစခန်းတွင်လည်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း အသက် ၅၀ ဝန်းကျင် မိုးမိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဖက်တောကျေးရွာဘက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းအနီး ဗုံးတစ်လုံးပေါက်ကွဲတယ်၊ ပြီးတော့ ဟော်နန်းရပ်ကွက်ဘက်မှာလည်း နောက်ထပ် ဗုံးတစ်လုံး ထပ်ကွဲတယ်၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်၊ အရေအတွက်တော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံကပြောသည်။

ထို့အပြင် ညနေပိုင်း ၅ နာရီ မိနစ် ၂၀ ဝန်းကျင်မှာလည်း KIA နှင့် PDF တပ်ပေါင်းစုတို့မှ စစ်ကောင်စီတပ်စခန်းရှိသည့် ဆိုင်းလျန်ကျေးရွာ (သဲနီကျေးရွာ) သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ “ညနေ ၅ နာရီကျော် မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တပ်စခန်းနေရာကို လက်နက်ကြီးနဲ့ ၁၀ လုံးကျော် လှမ်းပစ်တယ်၊ စစ်ကောင်စီဘက်က ၂ လုံး ပြန်ပစ်တယ်၊ ဆိုင်းလျန်ရွာမှာ စခန်းချထားတဲ့ စကစတပ်က ခမရ ၂၇၆ နဲ့ ၃၄၈ ဖြစ်တယ်၊ အဲ့တိုက်ပွဲက ၁၅ မိနစ်လောက်ကျော် တယ်၊ ပြီးတော့ စစ်ကောင်စီ ၁ ဦးသေတယ်” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ် ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေ ၅ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/29195

၇။ မြဝတီမြို့အတွင်း စစ်ကောင်စီတပ်နှင့် (BGF) တပ်ဖွဲ့ဝင်များ ကင်းစခန်းချ၊ လုံခြုံရေး ပိုမိုတင်းကြပ်လာ
July 14, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယခုရက် ပိုင်းအတွင်း မြို့တွင်းမြို့ပြင် ပတ်ကင်းနှင့် လှည့်ကင်းများ ပိုမိုလုပ်ဆောင်လာပြီး ဘုရားကုန်းများပေါ်တွင် ကင်းစခန်း ချကာ လုံခြုံရေး တိုးချဲ့လုပ်ဆောင်လာနေကြောင်း မြို့ခံပြည်သူများက ပြောသည်။ မြဝတီမြို့တွင်းရှိ မြေနီကုန်း၊ ကုန်သွယ်ရေးဇုန်၊ ဖားချောင်း၊ ရွာသစ် စသည့်နေရာများတွင် လုံခြုံရေးကင်းများတင်းကြပ် စွာချထားပြီး စစ်ကောင်စီတပ်များနှင့် (BGF) ပူးပေါင်း တပ်ဖွဲ့များက နေ့စဉ်မနက်တိုင်းလိုလို မြို့တွင်းမြို့ပြင်၌ ပတ်ကင်းလှည့််ကင်းများ အရင်လထက် ပိုမိုလုပ်ဆောင်လာသဖြင့် မြို့တွင်း ထိုးစစ်ဆင်မှုများ ရှိလာမည်ကို မြို့ခံများက စိုးရိမ်နေ ကြသည်။

မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက “မြို့အနှံ့ပဲ ပတ်နေတာ။ လမ်းမှာတော့ ကားတွေအများကြီးပဲ သွားနေကြတယ်။ မနက်တိုင်း ကားတွေ ၆စီး၊ ၇စီးလောက် ရှိတယ်။ ပုံမှန်က ဓိဌာန်အောင်လမ်းကနေ သွားသွားကြတာ။ BGF နဲ့ စစ်တပ်တွေက အင်အား တိုးနေတာပဲဖြစ်မယ်။ အူးကရိထဘက်မှာ တိုက်ပွဲဖြစ်နေတော့ အဲ့ဒီဘက်ကို စစ်ကူပို့တာလည်းပါမယ်။ ကင်းစခန်းချ ထားတယ်။ သူတို့ကအောင်မြေရွှေဘို ဘုရားကုန်းဘက်ရယ် ကျောက်လုံးကြီးဘက်မှာ ကင်းစခန်းချထား တယ်လေ။ မြေနီကုန်း၊ ကုန်သွယ်ရေးဇုန်၊ ဖားချောင်း၊ ရွာသစ်၊ ညီနောင်အထိ ပတ်နေတာ။ စမတ်တောင်ဘုရားကုန်း မှာရောပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။ ဝေါလေလမ်းတစ်လျှောက်တွင်လည်း ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲမှာ အရှိန်အဟုန်က ပြင်းထန်နေပြီး မြို့အတွင်းသို့ ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။ အမှတ် (၄)ရပ်ကွက်ရှိ အောင်မြေရွှေဘို ဘုရားကုန်း နှင့် ဓိဌာန်အောင်ဘုရားကုန်းတို့တွင် ကင်းစခန်းချတပ်စွဲထားကာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့် လေးကေ့ကော်၊ ဝေါလေ၊ ဖလူးဒေသများတွင် စစ်ကောင်စီတပ်များက ၎င်းတို့တပ်စွဲထားသည့် နေရာများမှ လက်နက်ကြီးများဖြင့် ကူပစ်ပေး လေ့ရှိသည်။ “စစ်ကားတွေပတ်နေတာဆိုတော့လေ နေရတာစိတ်ကမလုံဘူး။ ဘာဖြစ်ဦးမလဲလို့ စိတ်ပူနေရတာပေါ့။ အိမ်မှာက ကလေးတွေလည်း ရှိတယ်။ အဖေကလည်း ကျန်းမာရေးမကောင်းတော့ တစ်ခုခုဆိုရင် ပြေးရလွှားရဖို့ကလည်း မလွယ်ဘူး လေ။ မြို့ပြင်ဘက်တွေမှာဆိုလည်း အလုံးကြီးသံတွေ ရော လေယာဉ်လာ ပစ်တာရော တစ်ခါတစ်လေဆို သေနတ် သံတွေ ပါကြားရတော့ အခုမြို့ထဲဘက်ကို ပိုနီးလာမလားလို့ ကြောက်နေရတာ။ တကယ်တမ်းဖြစ်ကြပြီးဆိုရင် ဒီကလေးတွေ လူကြီး တွေနဲ့ ဘယ်ပြေးရမှန်းမသိဘူး။ ကြောက်ကြောက်နဲ့ အပြင်လည်း ထွက်မရဲ ဘူး။”ဟု ပြောသည်။ https://kicnews.org/2022 /07/%E1%80%99%E1%80%BC%E1%80%9D%E1%80%90%E1%80%

၈။ ပလက်ဝဒေသခံ ၆ ဦးကို AA က ဖမ်းဆီးထိန်းသိမ်းထား
July 13, 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံ ၆ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခ က အတည်ပြုပြောဆိုသည်။ “ကျွန်တော်ဖက်က ထိန်းသိမ်းထားတာတော့ ၆ ယောက်ပဲရှိတယ်။ သူတို့ပြော သလို ၁၅ ယောက်မဟုတ်ဘူး၊ ၆ ယောက်ပဲရှိတယ်။ အဲဒီထိန်းသိမ်းထားတဲ့ ၆ ယောက်ကိုလည်း ကျွန်တော်တို့က လူမျိုးရေး၊ ဘာသာရေး မတူတဲ့အပေါ် ဖမ်းဆီးတာမျိုးမဟုတ်ဘူး။ ရန်သူကိုသတင်းပေးလို့ သူရဲ့ပြစ်မှုကျူးလွန်မှုအပေါ်မှာ ထိန်းသိမ်းထား တာဖြစ်တယ်”ဟု ဦးခိုင်သုခက DMG ကို ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ပလက်ဝဒေသမှ ချင်းလူမျိုး ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားရှိကြောင်း ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် လူအရေအတွက်မှာ များပြားနေပြီး ၆ ဦးကိုသာ ဖမ်းဆီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ဖြေရှင်းချက်ပေးသည်။ အဆိုပါထုတ်ပြန်ချက်တွင် “၎င်းတို့မှာ သာမန်အရပ်သား များသာဖြစ်ပြီး AA က ခေါ်ယူထိန်းသိမ်း စစ်ဆေးမှုပြုလုပ်ရသည်အထိ ဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း”လည်း IKACC ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ ရက္ခိုင့်တပ်တော် (AA) ကတော့ ထိုသို့ဖမ်းဆီးထားသူများမှာ မြန်မာစစ်တပ်ကို သတင်း ပေးနေသူများဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများ၏အမည်များကို လုံခြုံရေးအရ ထုတ်ဖော်မပြောလိုသေးကြောင်းနှင့် မိသားစုဝင် များအနေဖြင့် လာရောက်တွေ့မည်ဆိုပါက တွေ့နိုင်ကြောင်းလည်း ဦးခိုင်သုခပြောသည်။ ပလက်ဝဒေသသည် မြန်မာစစ်တပ် နှင့် AA တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး ပြီးခဲ့သည်ဇွန်လကလည်း အဘောင်သားကျေးရွာအနီးတွင် ၎င်းတို့အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ တိုက်ပွဲဖြစ်စဉ်များနှင့်ဆက်စပ်ပြီး မြန်မာစစ်တပ်က ဒေသခံနှင့် အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီး ထားခြင်းများရှိသလို AA ဘက်ကလည်း မြန်မာစစ်တပ်ကို သတင်းပေးသည်ဟုဆိုကာ ဒေသခံများကို ဖမ်းဆီးမှုများရှိနေ ခြင်းဖြစ်သည်။ https://www.dmgburmese.com/%E1%80%9E%E1…/plw-6ps-dt.html

၉။ ဖယ်ခုံ NLD အမတ်အပါအဝင် ခြောက်ဦး ထောင်တစ်သက်နဲ့ သေဒဏ်ချခံထားရ
July 14, 2022

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတယ်အောင်နဲ့ NLD ပါတီဝင် တွေ ဖြစ်ကြတဲ့ ဦးလိုင်ကြူနဲ့ ဦးမောင်တက်တို့ကို လွိုင်လင်ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဇွန်လက ထောင်တစ်သက် တစ်ကျွန်းချမှတ် လိုက်သလို ဖယ်ခုံဒေသခံတွေဖြစ်တဲ့ ဦးမောင်ခုံး၊ ဦးမောင်ငြိမ်း နဲ့ ဂျိုးဇက် တို့ကတော့ တောင်လေးလုံးအကျဉ်းထောင် တရားရုံး မှာ သေဒဏ်ချမှတ်ခံထားရတယ်လို့ အကျဉ်းကျခံ နေရ သူတွေအကြောင်း စာရင်းပြုစုနေတဲ့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF) က RFA ကိုပြောပါ တယ်။ အမိန့်ချခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက တရားဝင် သတင်း ထုတ်ပြန် တာမရှိတာကြောင့် အခုမှအတည်ပြုနိုင်တာလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူက ပြောပါတယ်။

“အဖမ်းခံရတာက နှစ်ဖွဲ့ပေါ့နော်။ ဦးပီတယ်အောင် ပါတာကတစ်ဖွဲ့၊ ဦးမောင်ခုံး ပါတာက တစ်ဖွဲ့ပေါ့။ ဦးပီတယ်အောင် ကျတော့ PDF ခေါင်းဆောင်ဆိုပြီး ဖမ်းခံရတာ။ နောက်တစ်ဖွဲ့ကျတော့ ပြီးခဲ့တဲ့နှစ်က ဖယ်ခုံ မှာ စစ်တပ်အရာရှိနဲ့ တပ်သား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ အဖမ်းခံထားရတာ။ အမိန့်ချတာ ပြီးခဲ့တဲ့လကလို့ ပြောပေမယ့် ကျနော်တို့အခုမှ သိရတာ” ဖယ်ခုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပီတယ်အောင်၊ ဦးလိုင်ကြူ နဲ့ ဦးမောင်တက် တို့ဟာ ၂၀၂၁ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဦးမောင်ခုံး၊ ဦးမောင်ငြိမ်းနဲ့ ဂျိုးဇက် တို့ကတော့ ၂၀၂၁ မတ်လမှာ အဖမ်း ခံခဲ့ရတာလို့ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု၊ လူသတ်မှု၊ လက်နက်မှု စတာတွေနဲ့စွဲဆိုပြီး အမိန့်ချမှတ်ခဲ့တာလို့လည်း သူကပြောပါတယ်။ “မောင်ခုံး၊ မောင်ငြိမ်း၊ ဂျိုးဇက် သုံးယောက်က သေဒဏ်ချမှတ် ခံရတာပေါ့နော်။ ဖယ်ခုံမှာဖြစ်တဲ့ လူသတ်မှုကိစ္စအတွက် ရာဇသတ် ကြီး ဥပဒေပုဒ်မ – ၃၀၂ (၁) (ခ) နဲ့ အမိန့်ချ ခံရတာ” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ကရင်နီ ပြည်သူ့အင်အားစုရဲ့ ဇူလိုင်လ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယား ပြည်နယ် အတွင်းမှာ စစ်ကောင်စီက တရားစွဲဆိုထားလို့ အမှုရင်ဆိုင် နေရသူ ပေါင်း ၁၁၇ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူဦးရေ ၁၄၀ ရှိတယ်လို့ ဖော်ပြ ထားပါတယ်။ https://www.rfa. org/burme se/ news/six-people-including-nld-mp-have-been-sentenced-to-lifein-prison-07142022064808.html

၁၀။ အင်ဝန့်ကောင် ပြည်သူ့စစ်ဂိတ်စခန်းကို KIA သွားရောက်တိုက်ခိုက်
July 14, 202205

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နဲ့ ဆဒုံးမြို့နယ်ကြားက အင်ဝန့်ကောင် (N’wan Kawng) ပြည်သူ့စစ် ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက် အစောပိုင်း(၂)နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့စစ် စစ်သားအင်အား (၂၀) ဝန်းကျင်လောက်ရှိတဲ့ အဲဒီပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီလို့လည်း သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အဲဒီဂိတ်စခန်းက ပြည်သူ့စစ် စစ်သားတွေ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူရှိပြီး လက်နက်တွေ ကိုလည်း KIA က သိမ်းဆည်းရမိခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။ “အဲဒီ ဂိတ်က ဝါးတန်းတွေ တားထားတာတော့ မရှိဘူး။ စခန်းတော့ လုပ်ထားတာပေါ့။ ရွာနဲ့က (၃)ဖာလုံ‌ လောက်ဝေးတာပေါ့။ ဆိုင်ကယ်(၂)စီးအပါ လက်နက်တွေရော သိမ်းဆည်းရမိတယ်။ ပြည်သူ့စစ် စစ်သား‌တွေ သေတဲ့သူ ရှိတယ်။ ဘယ်နှစ်ယောက် ဆိုတာတော့ မသိဘူး”လို့ သူက ပြောပါတယ်။https://www.myitkyinanewsjournal.com/kia-went-to-attack-the-

၁၁။ အမ်းမြို့ ပဲပဒုံ စစ်ဘေးရှောင်စခန်းတွင် ရိက္ခာလုံး၀ပြတ်
July 14, 2022

လူဦးရေ ၆၀ ကျော်ရှိသည့် အမ်းမြို့ ၊ ပဲပဒုံ စစ်ဘေးရှောင်စခန်းတွင် အစိုးရ အပါအဝင် တခြား အလှူရှင်များနှင့် လူမှု အဖွဲ့အစည်းများမှ ထောက်ပံ့မှု မရှိသည့်အတွက် ဆန်ရိက္ခာလုံး၀ပြတ်သွားပြီး အကြွေးဝယ်နေရသည်ဟု စခန်းတာဝန်ခံက ပြောသည်။ “လုံး၀ပြတ်ထွက်သွားလို့ မနေ့က ကျွန်တော် ဆန်ဆိုင်တွေမှာသွားပြီး ဆန် (၁၀) အကြွေးဝယ်ပြီး ပေထားရတာပေါ့ နော်။ ပရဟိတ လူမှုအဖွဲ့တွေကိုလည်း ကျွန်တော်ဆက်သွယ်ပြီး ရိက္ခာပြတ်နေပြီ ဆိုတဲ့ အကြောင်းတွေ ပြောထားတယ်” ဟု စခန်းတာဝန်ခံ ကိုသန်းချိုက ပြောသည်။ ယခုကဲ့သို ရိက္ခာပြတ်သွားရခြင်းမှာ အစိုးရအပါအဝင် တခြားမည်သည့် အဖွဲ့အစည်းမှ ထောက်ပံ့မှု မရှိသလို ဒုက္ခသည်များမှာလည်း စခန်းထဲတွင်သာနေရပြီး အပြင်ထွက် အလုပ်မလုပ်နိုင်ခြင်းကြောင်း ဖြစ်သည်ဟု ကိုသန်းချိုက ယခုကဲ့သို့ ဆက်ပြောသည်။ “သူတို့မှာ အပြင်ကအထောက်အပံ့လည်းမရှိတော့ အားလုံး အခက်အခဲဖြစ်သွား တယ်။ အရင်က ယောင်္ကျားတွေ ဆောက်လုပ်ရေး အလုပ်တွေမှာ ဝင်လုပ်တယ်။ တောင်တက်ထင်းခုတ်၊ ဝါးခုတ်ပြီး အမျိုးသမီး တွေဖျာရက်တာတွေ လုပ်လို့တယ် အခုက မိုးရာသီကျတော့ ဒါတွေလုပ်လို့ အဆင်မပြေ။ မိုင်းတွေလည်း မကြာခဏ ပေါက်နေ တော့ တောထဲတောင်ထဲ ဘယ်သူမှ မသွားရဲဘဲ ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ ပဲပဒုံ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၄ စုနှင့် လူဦးရေ ၆၄ ဦးရှိကြောင်း သိရှိရသည်။ ၂၀၂၁ နှစ်တွင် ဘေး စီမံဌာနမှ ထောက်ပံ့မှုတချို့ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီနှင့် မေလတွင် တစ်ကြိမ်စီသာ ထောက်ပံ့မှုရရှိခဲ့ သည်ဟုဆိုသည်။ ၂၀၂၁ ဇွန်လမှစပြီး အလှူရှင်များနှင့် လူမှုအဖွဲ့အစည်းများမှာလည်း ပဲပဒုံ စစ်ရှောင်စခန်းသို့ လာရောက် လှူဒါန်း ထောက်ပံ့မှု ရပ်သွားခြင်း ဖြစ်သည်ဟုလည်း ကိုသန်းချိုက ပြောသည်။ လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ တစ်လအတွက် တစ်ဦးလျှင် ကျပ် ၁၈၀၀၀ ထောက်ပံ့သော်လည်း အဆိုပါငွေမှာ မီးဖိုချောင်သုံး ပစ္စည်းများ အတွက်တောင် လောက်ငှမှုမရှိသည့်အတွက် ကျန်းမာရေးမကောင်းသူများမှာ ပိုပြီး ဒုက္ခရောက်နေရကြောင်းလည်း ကိုသန်းချိုမှ ပြောဆိုသည်။ https://burmese.narinjara.com/…/62cfa485c1470104a6244e7f

၁၂။ သီပေါအမျိုးသမီးတစ်ဦး လောက်ကိုင်အလုပ်သွားလုပ်ရန် ဖြားယောင်းခေါ်ဆောင်ခံရ
July 14, 2022

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို လောက်ကိုင်ဘက်သို့ အလုပ်သွားလုပ်ရန် သူငယ်ချင်းအရင်းမှ လိမ်လည်ဖြားယောင်းမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လ ၁၂ ရက် (ဝါဝင် ဥပုလ်နေ့) တွင် သီပေါမြို့ စံဖိတ်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ်ရှိ နန်းယု (အမည်လွှဲ) ကို ကျောင်းနေဘက် ငယ်သူငယ်ချင်းဖြစ်သူ နန်းမွေနွံဆိုင် မှ လောက်ကိုင်သွားရန် လိမ်လည်ဖြားယောင်းခဲ့ ခြင်း ဖြစ်စဥ်ကိုသိရှိသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော် ဆင့်ကိုပြောသည်။ “ဖြစ်စဥ်က နန်းမွေနွံဆိုင် နဲ့ သူ့သူငယ်ချင်းနှစ်ယောက်က နန်းယု ကို နမ့်ဟူးနွဲ့ ရေတံခွန်သွားလည်မယ် ဆိုပြီးတော့ ဆိုင်ကယ်နှစ်စီးနဲ့ အိမ် မှာ လာခေါ်တာ၊ ဒါပေမယ့် လားရှိုးပန်းခြံကို ခေါ်သွားတယ်၊ သူတို့ လားရှိုးကို ရောက်သွားတဲ့ အချိန်တော့ လောက်ကိုင်သွားဖို့ စည်းရုံးပြောဆိုခံရတာတဲ့” ဟု ၎င်းအမျိုးသမီးက ပြန်ပြောပြသည်။

နန်းမွေနွံဆိုင် နှင့် သူငယ်ချင်းနှစ်ဦးသည် နန်းယု ကို သီပေါမြို့မှ လားရှိုးပန်းခြံသို့ အလည်ဟု လိမ် လည်ပြောဆိုခေါ် ဆောင်ခဲ့ပြီး၊ ညနေမိုးချုပ်အချိန်တွင် အိမ်ပြန်ရန် အချိန်မရှိတော့သဖြင့် လားရှိုးမြို့ ရပ်ကွက် ၁ ရှိ နေအိမ်တလုံးသို့ ခေါ်ဆောင် သွားသည်။ လားရှိုး နေအိမ်ရောက်သည့်အချိန်တွင် လောက်ကိုင်မြို့သို့ သွားပြီး အလုပ်လုပ်ရန် စည်းရုံး ပြောဆိုခဲ့သည်။ “ သူ့ (နန်းမွေနွံဆိုင်) အဒေါ် လို့ပြောတယ်၊ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာ သူတို့ပြောတာက လောက်ကိုင်မှာ အလုပ်ကောင်းရှိ တယ်။ လစာလဲကောင်းတယ် သွားမလားတဲ့၊ ဒါပေမယ့် သူ (နန်းယု) က သူ့မှာကလေးနဲ့ မိဘတွေရှိသေးတယ်၊ အခု အိမ်က မပြောဘဲ ထွက်လာမိတာ စိတ်ပူမှာစိုးလို့ မနက်ဖြန် အိမ်ပြန်အုံးမယ်လို့ ပြန်ပြောခဲ့တော့ သူ့ကို အခန်းတစ်ခုထဲမှာ သွား နေခိုင်းတာတဲ့”ဟု ထိုအခြေအနေကို သိသည့်အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြန်လည်ပြောပြခြင်းဖြစ် သည်။ ထို့နောက် တွင် နန်းမွေနွံဆိုင် သည် နန်းယု ၏ လက်ကိုင်ဖုန်းကို ခဏငှားယူမည်ဟု ဆိုကာ ဖုန်းထဲရှိ ဖုန်းနံပါတ်များနှင့် အချင်းချင်းပြော ဆိုထားသည့် လူမှုကွန်ရက် ( Facebook) မှ မက်ဆင်ဂျာ မက်ဆေ့များကို အကုန်ဖျက်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။ နန်းယု (နာမည်လွဲ) သည် လားရှိုးနေအိမ် တစ်လုံးတွင် တစ်ညတာအိပ်စက်ပြီး တခြားသူမနှိုးခင် အိပ်ရာထကာ ကားဂိတ်အထိ လမ်းလျှောက်လာပြီး အလွတ်ရထား သည့် အိမ်ဖုန်းနံပါတ်ခေါ်ဆိုကာ အကျိုးအကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် လားရှိုးမြို့ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှ သွားရောက်ခေါ်ဆောင်လာပြီး သီပေါမှ လာကြိုသည့် မိဘနှင့် အဖွဲ့သားများထံသို့ လွဲအပ်ခဲ့သည်။ လက်ရှိတွင် နန်းယု သည် မိဘများထံ ပြန်ရောက်ပြီး ကြောက်လန့်စိုးရိမ်မှုအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတချို့ ခံစား နေရသည်။ https://burmese.shannews.org/archives/29171

၁၃။ မြန်မာစစ်တပ်က ရှာဖွေနေသောကြောင့် တောင်ကုတ်ဒေသခံတစ်ဦး တိမ်းရှောင်နေရ
July 13, 2022

မြန်မာစစ်တပ်က နေအိမ်အထိ သွားရောက်ပြီး ရှာဖွေနေသောကြောင့် တောင်ကုတ်မြို့နယ်၊ ကံပြင်ကျေးရွာမှ ကိုအောင်ကျော်နိုင် မှာ ကျေးရွာတွင်မနေရဲတော့ဘဲ တခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရသည်ဟု ကာယကံရှင် ကပြောသည်။ ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်သည် ကိုအောင်ကျော်နိုင်နေအိမ်သို့ လာရာက် ရှာဖွေခဲ့သည်။ ရက္ခိုင့်တပ်တော်(AA)အတွက် ငွေကြေးကောက်ခံကာ ထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးရန် သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။ “ကျနော့်ကိုရှာတာက အေအေအတွက် ငွေကောက်ခံပေးနေတာကြောင့် လာရှာတာလို့ သိရတယ်။ သူတို့ရှာတဲ့အချိန် ကျနော်နဲ့ ကျနော့်ဇနီးက လယ်ထဲကိုရောက်နေတယ်။ ကျနော်ဘယ်အဖွဲ့အစည်းအတွက်မှ ငွေလည်းမကောက်ဖူးဘူး”ဟု ၎င်းကဆိုသည်။

စစ်တပ်က နေအိမ်သို့လာရောက်ရှာဖွေပြီးနောက်တွင် ကိုအောင်ကျော်နိုင်အပါအဝင် မိသားစုတစ်စုလုံးမှာ မိမိနေရပ်မှ ထွက်ခွာတိမ်းရှောင်နေရသည်ဟုဆိုသည်။ “ကျနော်တို့ အခု နေအိမ်မှာမနေရဲဘူး။ တိမ်းရှောင်နေရတယ်။ ကျနော်က ရပ်ရွာမှာ ပရဟိတလုပ်ပါတယ်။ လူငယ်တွေနဲ့ စုပေါင်းပြီး။ ဘယ်အဖွဲ့အစည်းအတွက်မှလည်း တစ်ခါမှ ပိုက်ဆံကောက်တာ မရှိခဲ့ဖူး ဘူး”ဟု ကိုအောင်ကျော်နိုင်က ဆိုသည်။ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခု၊ နိုဝင်ဘာလ မှစတင်ကာ ၂၀၂၀၊ နိုဝင်ဘာလအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ နားလည်မှုသဘောဖြင့် နှစ်ဘက်အပစ်ရပ်ခဲ့သည်။ သို့သော် ယခုနှစ် ဆန်းပိုင်းမှစတင်ကာ ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုရှိလာပြီး စစ်ရေးတင်းမာနေကာ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများရှိနေသည်။

၁၄။ ကလေး-ဖလမ်းကြား ကားလမ်းမြေသားပြတ်ကျတာကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလို့မရသေး
July 15, 2022

ချင်းပြည်နယ်မြောက်ပိုင်း ကလေး-ဖလမ်း လမ်းပိုင်းမှာရှိတဲ့ မိုင်တိုင် ၃၂နဲ့ ၃၃ကြားလောက်မှာ မနေ့ ဇူလိုင်လ (၁၄) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကားလမ်းမှာ မြေသားပြတ်ကျပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရဘူးလို့သိရပါတယ်။ ကလေး-ဖလမ်းကို ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ယောက်က “လမ်းကတော့ ပဲ့တာပေါ့၊ တစ်ဝက်ကျော်ကျော်၊ တစ်လမ်းလုံးနီးပါးပဲ့သွားတယ်၊ မြေသားတွေ အက်တယ်၊ ကမ်းပါးကနေပြို တာမဟုတ်ဘူး လမ်းက အောက်ဖက်ကိုကျသွားတာ”လို့ ပြောပါတယ်။ ကလေး-ဖလမ်းကားလမ်းပိုင်း မြေသားပြတ်ကျမှု ကြောင့် ကလေးမှဖလမ်းမြို့ကို ထွက်ခွာသည့် ကုန်တင်ယာဉ်များ၊ ခရီးသွားတင်ယာဉ်များ ပိတ်မိသဖြင့် ကလေးမြို့ကို ပြန်လှည့် လာရတယ်လို့ သူကဆက်လက်ပြောကြားပါတယ်။ အခုလို ကလေး-ဖလမ်း ကားလမ်းပိုင်းမြေသားပြတ်ကျတာနဲ့ပတ်သက်လို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက အခုထက်ထိ ရှင်းလင်းဆောင်ရွက်တာမျိုးတွေမရှိသေးဘူးလို့သိရပါတယ်။

၁၅။ ခဲဈေးကျတာကြောင့် မော်ချီးလုပ်သားတွေ စားဝတ်နေရေးအခက်ခဲ
July 14, 2022

ကရင်နီပြည် ဖားဆောင်းမြို့ မော်ချီးဒေသဟာ အဓိက ခဲသတ္တုတူးဖော်မှုနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာဖြစ်ပြီး လက်ရှိ ခဲဈေးကျတာကြောင့် ခဲကျင်းပိုင်ရှင်၊ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ ခဲကျင်းပိုင်ရှင် တစ်ဦး က ပြောပါတယ်။ “ခဲဈေးကျတဲ့အခါကျတော့ အလုပ်သမားက သူ့လုပ်အားခကိုပြန်လျော့ချရင်လည်း သူ့ရဲ့စားဝတ်နေရေးက အခက်အခဲရှိသွားလိမ့်မယ်။ မလျော့ချပြန်တော့လည်း အုံနာက သူ့ခဲဈေးမရှိတဲ့ခါကျတော့ သူ့မှာလည်းအခက်အခဲရှိပြန်ရော။ နောက်ပြီးမှ အဖက်ဖက်ကနေ ပြန်ကြည့်တဲ့အခါကျတော့ အဓိကတော့ ခဲဈေးပဲ။ ခဲဈေးတက်သွားလို့ရှိရင် အတည်တကျရှိစေ ချင်တယ်။” လို့ ခဲကျင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ယခင်က ခဲပေါက်ဈေးက တစ်ပိဿာ၅သောင်းဝန်းကျင်ရပေမယ့် လက်ရှိ မှာ နှစ်သောင်းဝန်းကျင်သာရရှိတော့တယ်လို့ ဆိုပါတယ်။ ခဲအရည်အသွေးကောင်းရင်ကောင်းသလို ဈေးရတယ်လို့ ဆိုပါ တယ်။ ခဲကျင်းအလုပ်သမားတစ်ဦးအတွက် တစ်ရက်လုပ်အားခ တစ်သောင်းဝန်းကျင်ရှိတာကြောင့် ခဲကျင်းပိုင်ရှင်အနေနဲ့ အလုပ်သမား လုပ်အားခပေးဖို့ ရေရှည်မှာ မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

မော်ချီးခဲသတ္တုတွင်းကို အမှီပြုလုပ်ကိုင်နေတဲ့ ကျင်းလုပ်သားတွေက ခဲအရောင်းအဝယ်သမားတွေက အဓိက အသက် မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းမြင့်မားနေတာတဲ့အပြင် ခဲဈေးကလည်း ကျတဲ့အတွက် နောက် ပိုင်းမှာ စားဝတ်နေရေးအခက်အခဲဖြစ်စေနိုင်တာကြောင့် ခဲဈေးအတည်တကျဖြစ်စေချင်တယ်လို့ သူက ပြောပါတယ်။ မော်ချီး ဟာ တောင်ပေါ်ဒေသဖြစ်ပေမယ့် တောင်ယာလုပ်ငန်း၊ နှမ်းလုပ်ငန်း၊ ဖာလာလုပ်ငန်းတွေက စားဝတ်နေရေး မဖူလုံတာ ကြောင့် ခဲသတ္တုတူးဖော်တဲ့လုပ်ငန်းကို အဓိကထား လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ မော်ချီးဒေသမှ ထွက်သမျှ ခဲမဖြူ၊ အဖြိက်နက် တွေကို တရုတ် လုပ်ငန်းရှင်တွေက အဓိက ဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ခဲဈေးကျတာလောက် ယခင်ကမ ရှိဖူးသေးဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အခု အဝယ်သမားတွေက အများဆုံး နှစ်သောင်း နှစ်သောင်း တောင်မှ ရွာထဲအချင်းချင်းဝယ်တာပဲရှိတယ်။ တရုတ်တွေက ၁၅ (၁၅၀၀၀)ဈေးအလွန်ဆုံးပဲ ပေးချင်တာ အဲ့လောက်ပဲ။ အရင်တုန်းကတော့ ၅သောင်းလောက်ရှိတာပေါ့။ အဲ့လောက်ထိ ကျဖူးတာတခါမှမရှိသေးပါဘူး ဒီတစ်ခေါက် ကတော့ ပစ်စလက် ခတ်ကျသွားတာပေါ့ ပြောရမယ်ဆိုရင်။ နိုင်ငံရေးကောင်းတုန်းကတော့ ခဲဈေးက ဘယ်လိုပြောရမလဲ ပုံမှန် ရှိသေးတယ်ပေါ့နော ကျရင်ကျတဲ့ဈေး အဲ့လောက်ထိမကျဘူးပေါ့။ စဖြစ်ခါကျဆို နည်းနည်းပုံမှန်ဖြစ်သေးတာပေါ့ အခုတလောပဲ တအားကျသွား တာ။” လို့ မော်ချီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

၁၆။ ပူတာအိုဒေသတွင် သဘာဝဆေးမြစ် ရှာဖွေရန် ခက်ခဲ၊ ဈေးကောင်းလည်း မရှိခြင်းကြောင့် စားဝတ် နေရေး ခက်ခဲနေ
July 13, 2022

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသက ဆေးမြစ်ရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ဒေသခံတွေဟာ အခုနောက်ပိုင်း သဘာဝဆေးမြစ် ရှာဖွေရတာခက်ခဲလာသလို ဈေးကောင်းလည်း မရရှိတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေ ကြတယ်လို့ သိရပါတယ်။ Covid –19 ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နယ်စပ်ဂိတ်ပိတ်ပင်ထားတာ ကြုံတွေ့ ရသလို ရှားပါးလာတဲ့ဆေးမြစ်တွေကို ခက်ခဲစွာရှာဖွေရပေမယ့် ဈေးကောင်းမရရှိတဲ့အပြင် ဆက်တိုက်မြင့်တက်နေတဲ့ ကုန်စည် ဈေးနှုန်းတွေကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။ “အရင်တုန်းက အဲဒီလောက်ရှာဖွေတဲ့သူ မရှိတဲ့အခါမှာ နည်းနည်းပါးပါးတော့ တောထဲမှာ ဆေးတွေရှိတယ်။ အခုဆို ပိုပိုပြီး ပြောင်သွားတာပေါ့နော်။ ရတာတွေကလည်း ဈေးကောင်းကောင်းမရောင်းရဘူး ။ ရှားလည်းရှားတယ်။ တော့်တော့်ကိုလည်း ခက်ခက်ခဲခဲရှာရတယ်။ ခက်ခက်ခဲခဲရှာပြီးတော့မှ နည်းနည်းပါးပါးပဲရတဲ့ဟာတွေကလည်း ဈေးမရှိတဲ့အခါ မိသားစုပေါင်းများစွာ က စားသောက်ဖို့ မလုံလောက်ဘူး။”လို့ ဆိုပါတယ်။

ရှီးပတီ၊ ခန်းတောက်မြစ်၊ ဖေးချီ၊ ခါ့မရ၊ ဆားချီ စတဲ့သဘာဝဆေးမြစ်တွေကို ခက်ထန်ကြမ်းတမ်းတဲ့ တောတောင် ချိုင့်ဝှမ်းတွေနဲ့ ရေခဲတောင်တန်းတွေမှာ ခက်ခက်ခဲခဲရှာဖွေရတာဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တောစီး ဖိနပ်တွေ ဝယ်ယူရရှိဖို့ ခက်ခဲလာတာကြောင့်လည်း ဆေးမြစ်ရှာဖွေသူတွေ အခက်ကြုံနေရတယ်လို့ လည်း သိရပါတယ်။ “ ဘယ်လောက်ထိအခက်အခဲရှိလဲဆိုရင် ဆေးမြစ်ရှာဖွေနေတဲ့သူတွေက ကြမ်းတမ်းတဲ့လမ်းပေါ်မှာ တောစီးဖိနပ်တွေ၊ မိုးကာ တွေဝတ်ပြီးမှ ရှာဖွေတာပါ။ အခုနောက်ပိုင်း နိုင်ငံရေးမကောင်းတဲ့အချိန်မှာ တောစီးဖိနပ်ကအစ စစ်ကောင်စီကနေ တရားဝင် မရောင်းခိုင်းဘူးပေါ့နော်။ တရားမဝင်တဲ့အရာတွေလို့ သတ်မှတ်လိုက်တဲ့အခါမှာ အဲဒါတွေလည်း သူတို့အတွက် အရမ်းအခက် အခဲရှိတယ်။”လို့လည်း ဒေသခံက ဆိုပါတယ်။ “ဈေးက ပုံမှန်မရှိဘူး။ အရင်က ဆားချီခေါ်တဲ့ ပိန်းဥတစ်မျိုးက ဈေးကောင်းတဲ့ အချိန်တုန်းကဆိုရင် တစ်ပိဿာကို လေးသိန်း ၊ အခုကျတော့ ဈေးလုံးဝကို မရှိတော့တာ။ သူတို့ဝယ်ချင်တဲ့အချိန်၊ သူတို့လိုအပ် တဲ့အချိန်ကျတော့ ဈေးကောင်းပေးတယ်။ မလိုတော့ရင်တော့ ရောင်းလို့လည်းမရတာပေါ့။”လို့ ဆိုပါတယ်။ ပူတာအို၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်၊ နောင်မွန် စတဲ့မြို့နယ်တွေက ဒေသခံအများစုဟာ တောတောင်တွေထဲက သဘာဝ ဆေးမြစ်ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ https://www.myitkyinanewsjournal.com/in-putao-it-is-difficult-to-find-natural-medicine-and-it-is-

၁၇။ စစ်မြေပြင်မှာ ကျန်နေခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေ ထုတ်ယူလာနိုင်ခဲ့ပြီး ပြန်ဖြန့်ဝေမယ်လို့ ထုတ်ပြန်
July 13, 2022

စစ်မြေပြင်ဖြစ်လို့ ပိတ်ထားရတဲ့ ဒီးမော့ဆိုမြို့နယ် အထက်တန်းကျောင်းက ကျောင်းသုံးစာအုပ်တွေကို ဒီးမော့ဆို PDF က ထုတ်ယူလာနိုင်ခဲ့ပြီး လိုတဲ့နေရာတွေ ဖြန့်ဝေသွားမယ်လို့ထုတ်ပြန်ပါတယ်။ ကျောင်းသုံးဖတ်စာအုပ်နဲ့ ဗလာစာအုပ် အများ အပြားကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို(DMO-LPDF)နဲ့ ဒီးမော့ဆိုကျောင်းသားသမဂ္ဂပူးပေါင်းပြီး သွားရောက်ထုတ်ယူခဲ့ တာဖြစ်ပါတယ်။ အဲဒီစာအုပ်တွေကို ကျောင်းပေါင်း(၁၂)ကျောင်းကို ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေတဲ့စာအုပ်အများအပြားကို ကျောင်းသားသမဂ္ဂထံ အပ်နှံထားပြီးလိုအပ်တဲ့ကျောင်းတွေဆီ ဆက်လက်ဖြန့်ဝေသွားမယ်လို့ ဒီးမော့ဆို PDF ကဖော်ပြပါတယ်။

ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီဖွင့်လှစ်နိုင်ခဲ့တဲ့ ကျောင်းပေါင်း မြို့ပေါ် (၁၀)ကျောင်းသာ ရှိခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျောင်းဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဒီးမော့ဆိုမြို့နယ်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုအောက်ရှိ ကျောင်းပေါင်း(၃၀၀)ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး အထက် တန်း (၂၀)ကျော်၊ Volunteer ဆရာ/ မ ပေါင်း(၂၀၀၀)ကျော်နဲ့ ကျောင်းသူ/ သားပေါင်း(၄၀၀၀၀)ကျော်ကို သင်ကြားပေးနေ တယ်လို့ သိရပါတယ်။

၁၈။ ပလက်ဝ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်နဲ့ မျက်လုံး ၂ဖက်ပျက်စီး
July 14, 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့ မြို့မဘော်လုံးကွင်းစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဝင်းခင် (၄၂ နှစ်) ဟာ တောထဲ ဟင်းရှာစဉ် မိုင်းနင်းမိလို့ ညာခြေ‌ေထာက်တစ်ဖက်ပြတ်ကာ မျက်လုံး ၂ ဖက်စလုံးပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ ဖြစ်စဉ်မှာ အရင်လ ဇွန်လ ၂၀ ရက်က သကာချောင်းရွာကနေ ပလက်ဝမြို့ထဲစစ်ဘေးရှောင်တဲ့ ဒေါ်ဝင်းခင် ဟာ မြို့အနီး ရုပ်ချောင်းထဲ ဟင်းရှာစဉ် မိုင်းနင်းမိလို့ ညာဖက်ခြေထောက်ပြတ်၊ မျက်စိနှစ်ဖက်ပျက်စီး၊ ညာမေးရိုးကျိုး၊ နှာခေါင်း မျက်နှာ ယမ်းမီးလောင်၊ ညာလက်ယမ်းမီးလောင် ဒဏ်ရာရရှိသွားပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံမှာ ကုသနေပြီး အစားအစာနဲ့ လေကို ပိုက်နဲ့သွင်းနေရတယ်လို့သိရတယ်။ ၎င်းတို့ဟာ နွမ်းပါးတဲ့မိသားစုဖြစ်တာကြောင့် ဆေးဝါး ကုသတဲ့ကျန်ကျစရိုက်အတွက် စေတနာရှိသလောက်ပါဝင် လှူဒါန်းနိင်ပါတယ်။ လူနာရဲ့ ဆေးဝါးခအတွက်ကူညီလိုပါက Zalen inbox ကနေ ၎င်းတို့ရဲ့ Kpay နံပါတ်ကို မေးမြန်းနိင်ပါတယ်။

၁၉။ မူးယစ်ဆေးဝါးရောင်း၀ယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးငွေညှစ်နေ
July 15, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်အတွင်း ကျေးရွာများဘက်တွင် နယ်ခြားစောင့်တပ်-BGF မှ မူးယစ် ဆေးဝါး ရောင်း၀ယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီး နှိပ်စက်ငွေညှစ်တောင်းခံမှု များလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ ကျုံဒိုးမြို့နယ်၊ ကျုံဘိုင်း ကျေးရွာသားက “မူးယစ်ဆေးရောင်းတဲ့ သူ၊ ရောင်းတဲ့အိမ်က အေးအေးဆေးဆေးပဲ၊ မြင်းဆေးက ရောင်းတဲ့ကို သူမဖမ်းဘူး၊ သုံးတဲ့ကလေးကိုဖမ်းတယ်၊ ပြီးရင် ခြိမ်းခြောက် ငွေညစ်တယ်၊ ဖမ်းမိတဲ့ ဆေးအလုံးအရေ အလိုက် ဒဏ်ဆောင်ခိုင်းတယ်၊ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ လိုမျိုး ငွေတောင်း ပြန်လွှတ်တယ်၊ ပြန်ပြောရင် ရိုက်နှက်နှိပ်စက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် လက်ရှိ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ဖယိုဖရဲဖြစ်နေပြီး တရားဥပဒေစိုးမိုးမှုမရှိတော့သဖြင့် မည်သည့်အဖွဲ့ကို အားကိုးရ မှန်းမ သိတော့ကြောင်းနှင့် လူငယ်များအား ယခုလို ဖမ်းဆီးနှိပ်စက်ငွေညှစ်မှုများကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံဘက် ဆွေမျိုးမောင်နှမများထံ သို့ ပို့ဆောင် ထားကြရသည့်အခြေအနေဖြစ်နေကြောင်း အဆိုပါ ကျုံဘိုင်းရွာသားက ဆက်ပြောသည်။

“ဘယ်သူ အာဏာရှိပြီး ဘယ်သူကို ကြောက်ရ၊ ဘယ်သူ့ကိုအကူအညီ တောင်းရမှန်းမသိဘူး။ ရွာတွေမှာ ဘုန်းကြီး လည်းမကယ်နိုင်၊ အုပ်ချုပ်ရေးမှူးလည်းမရှိ၊ BGF လက်နက်ကိုင်တွေပဲ အမျိုးမျိုးစည်းကမ်း ထုတ်ပြီး လုပ်ချင်ရာလုပ် နေကြ တာ မျိုးဖြစ်နေတယ်၊ အနေချောင်ချင်ရင် သူတို့နဲ့ တည့်အောင်ပေါင်းပြီး ကိုယ့် အလုပ်ကိုယ် လုပ်နေကြရတယ်။ ရွာက အရွယ် ရောက်တဲ့ ကလေးမိဘတွေ တောင်ပေါ်ပဲ သွားခိုင်းကြတော့တဲ့ အခြေအနေ ဖြစ်လာတယ်။ “ဟု ထိုကျုံဘိုင်း ကျေးရွာ သားက ပြောသည်။ “အရင်က ဆေးဖမ်းမိရင် ရဲဌာန ကိုအပ်တယ်၊ သူတို့က ဂုဏ်ပြုဆုယူတယ်၊ အခုက အဲ့လို မဟုတ်တော့ဘူး ၊ ဆေး ဖမ်းတယ်၊ တစ်လုံးမိ တစ်သိန်း၊ ၂ လုံးမိ ၂ သိန်း၊ အများကြီး အထုပ်နဲ့ မိတာဆို သိန်းဆယ်၊ ရာချီတောင်း ငွေညှစ်ဖမ်းထား တာမျိုးလုပ်တယ်၊ စစ်ကောင်စီဘက်တော့ ဖမ်းပြီးမအပ်ဘူး၊ တစ်ကယ့်ကို ဆေးရောင်းနေတဲ့ အိမ်တွေကျတော့ ဖမ်းတာ မျိုးမရှိ ဘူးဖြစ်နေတော့ ရပ်ရွာကလည်း လက်နက်ကိုင်အဖွဲ့တွေ တင်မဟုတ်တော့ဘူး။ သူတို့နဲ့ နီးစပ် ပတ်သက်သူတွေပါ ကြောက်နေ ကြရတာမျိုး ကြုံနေကြရတယ်”ဟု ကော့ဘိမ်းကျေးရွာ အရပ်ဖက်လူမှုရေးကူညီလုပ်ဆောင်သူတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ဒေသတွင်း မြို့ရွာများ ပုံမှန်အနေအထား ပြန်လည် နေထိုင်လည်ပတ်နေသည့် အခြေအနေအဖြစ် ထင်ဟတ်စေရန် စစ်ကောင်စီ ဘက်မှ ကျေးရွာများတွင် ပွဲလမ်းသဘင် အခမ်းအနား ၊ နေ့ထူးနေ့မြတ်ပွဲတော် များတွင် လောင်းကစားအာဝါ ဒေးပွဲများ၊ မူးယစ်ဆေး ရောင်းချသူများ၊ တရားမ၀င် ဂိမ်းရုံများ၊ လိုင်စင်မဲ့ ဖျော်ဖြေရေး လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန် ပြန်လည်ခွင့်ပြုလာသည်ဟု ဒေသခံရွာသားများက ပြောသည်။ https://kicnews.org/2022/07/%e1%80%99%e1%80%b0%e1%80%b8%e1%80%95%e1%8

၂၀။ မိုင်းရှူးမြို့နယ် စစ်ကောင်စီ နှင့် SSPP/SSA တို့ စစ်ရေးတင်းမာသည့်ကြား စစ်ရှောင်နေရပ်ပြန်
July 14, 2022

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ စစ်ရေးတင်းမာမှု ရှိသော်လည်း စစ်ရှောင်တချို့ နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။ စိုက်ပျိုးရေးရာသီဖြစ်သည့်အတွက် စစ်ရေးတင်းမာမှုများရှိနေသော်လည်း စိုးရိမ်စိတ်တစ်ဖက်နှင့် နေရပ်ပြန် ရခြင်းဖြစ်ကြောင်း နေရပ်ပြန်စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “နှစ်ဖက်လုံးက စစ်ရေးတင်းမာမှုရှိနေဆဲဆိုပေမယ့် ကျနော်တို့ဝမ်းရေးအတွက်လည်း ရှိနေသေးတော့ စိုးရိမ်စိတ်နဲ့ ပြန်ရမှာပဲ၊ လယ်တွေခြံတွေ မလုပ်ရင်လည်း မဖြစ်နိုင်ဘူးလေ၊ ဒါကြောင့်ပြန်ရတာပါ”ဟု နေရပ်ပြန်စစ်ရှောင် အမျိုးသားက ပြောသည်။ လက်ရှိတွင် ပြီးခဲ့သည့် လအတွင်းမှ စစ်ဘေးတိမ်း ရှောင်လာသည့် လွိုင်နိုင်းရွာခံ အိမ်ထောင်စု (၁၀) စုကျော် သည် နေရပ်ပြန်သွားကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိလွိုင်နိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP /SSA တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။ “လွိုင်နိုင်းဘက်က ရွာခံတွေက စစ်ကောင်စီတွေ ဒုတိယအကြမ် သတိပေးပြီး စစ်ရေးတင်းမာလာတဲ့ အချိန်ကတည်းက စစ်ဘေးဒဏ်ကိုတိမ်း ရှောင်လာတဲ့သူတွေဖြစ်တယ်၊ ပြီးတဲ့ ၇ ရက်နေ့ကလည်း တတိယအကြိမ်မြောက် တပ်ဆုတ်ဖို့ပြောပေမဲ့ SSPP/SSA က မဆုတ် တော့ စစ်ကောင်စီတွေကလည်းစစ်အင်အားထပ်ဖြည့်ပြီး စစ်ရေးတင်းမာနေတုန်းပါ” ဟု အသက် ၄၀ ဝန်းကျင် မိုင်းရှူး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/29152

၂၁။ တရုံချောင်းတံတားအနီး စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်
July 13, 2022

ကချင်ပြည်နယ်၊ တနိုင်းမြို့ တရုံချောင်းတံတားထိပ်နားမှာ ခြေလျင်စစ်ကြောင်းနဲ့ တောလမ်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်း တို့ကနေ မနေ့ကညနေ (၆)နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်(၉)ရက်နေ့က တနိုင်းမြို့ဘက်ကနေ ပိန္နက်ကျေးရွာဘက် ခြေလျင် ဝင်ရောက်ခဲ့ပြီး ညတွင်းချင်း တောထဲကို စစ်ကြောင်း ပြန်လည် ချီတက်သွားရာကနေ ဇူလိုင်လ(၁၁)ရက်နေ့ညနေပိုင်းတရုံဘက် ပြန်လာချိန် မိုင်းဆွဲခံရတာ ဖြစ်တယ်လို့ သတင်း အရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုအခုလို ပြောပါတယ်။ “မနေ့ည(၆)နာရီခွဲလောက်မှာ တရုံချောင်းတံတား ထိပ်မှာ မိုင်းဆွဲတိုက်ခိုက်တာ။ (၄)လုံးလောက်ရှိမယ်”လို့ သူကဆိုပါတယ်။

အဲဒီ စစ်‌ကောင်စီစစ်ကြောင်းဟာ လူအင်အား(၇၀)ထက်မနည်းရှိပြီး မိုင်းဆွဲတိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား တွေ ထိခိုက်ဒဏ်ရာ ရရှိသူ ရှိတယ်လို့လည်း အထက်ပါ သတင်းအရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိအချိန် တရုန်ကျေးရွာမှာ တစ်ညတာ စခန်းချပြီး‌နောက် ဒီကနေ့မနက်ပိုင်း(၄)နာရီလောက်မှာ ခလုံးတပ် စခန်းဘက် စစ်ကြောင်းပြန်လည် ထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ https://www.myitkyinanewsjournal.com/kia-detonates-landmines-on-military-council/

၂၂။ ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံး
July 14, 2022

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာက တိုက်ပွဲမှာစစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလော PDF က ထုတ်ပြန်ထားပါတယ်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့က မနက်၄ နာရီကျော်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း KNU တပ်မဟာ ၄ က တပ်ရင်း ၇၊ တပ်ခွဲ ၂ က ဗိုလ်ဖအေး၊ ပုလောPDFတပ်ခွဲမှုးကိုစော်ဘွားနဲ့ KNDO ရဲဘော်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲဖြစ်ပြီး ချိန်တွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးအလွန်အကျွံအသုံးပြုပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

၂၃။ မိုင်းဝီးဒေသခံများကို TNLA မှ မူးယစ်အကြောင်းပြဖမ်းဆီး ပိုက်ဆံတောင်း
July 14, 20220

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုအတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့မှ ဒေသခံပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် TNLA တပ်ဖွဲ့တို့သည် မိုင်းဝီးကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ရွာသားများကို မူးယစ်ဆေးဝါး သုံးစွဲမှုရှိ၊ မရှိ ဆီး စစ်ခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရွာထဲကို ရောက်လာတဲ့ TNLA စစ်အင်အားက ၃၀ လောက်ရှိတယ်၊ ရွာသားတွေကို မူးယစ်ဆေးဝါး သုံးမသုံးစစ် မယ်ဆိုပြီးတော့ ခွက်တစ်ခုပေးပြီး ဆီး စစ်တာ၊ အဖြေပေါ်တဲ့သူတွေက အဖမ်းခံထားရပြီးတော့ ပြန်လွတ်စေချင်ရင် ရွာလူကြီး ထောက်ခံချက်နဲ့ ပိုက်ဆံ ၅ သိန်း ၆ သိန်း တောင်းတယ်” ဟု အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရွာသားများသည် ၂၀ ဦး ထက်မနည်းရှိနေပြီး အများစုသည် သျှမ်းလူမျိုးများဖြစ်ကြောင်း လည်း ၎င်းက ဆက်လက် ပြောသည်။

ထို့အပြင် ယမန်နေ့ ဇူလိုင် ၁၃ ရက်တွင်လည်း တပ်သားအင်အား ၂၀ ကျော်ရှိသည့် TNLA တပ်ဖွဲ့သည် မိုင်းဝီးကျေးရွာ အုပ်စုအတွင်းသို့ ထပ်မံဝင်ရောက်လာပြီး နောက်ထပ် သျှမ်းလူမျိုး ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသခံ များထံမှသိရသည်။ TNLA တပ်သားတို့မှ မူးယစ်ဆေးအကြောင်းပြကာ ရွာသားများကိုဖမ်းဆီးနေခြင်းသည် ဒေသခံရွာသားများ ကို စိုးရိမ်ထိတ်လန့်စေသည့်အပြင် လုပ်ငန်း ဆောင်တာများကိုပါထိခိုက်စေကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောဆို ဝေဖန် ထားသည်။ “သူတို့ဒီလိုလာလုပ်တော့ ရွာသားတွေက ညမိုးချုပ်တာနဲ့ အပြင်မထွက်ရဲကြတော့ဘူး၊ ပြီးတော့ အခုက လယ်စိုက် ချိန်ဆိုတော့ တချို့လယ်တွေက ရွာနဲ့ဝေးရင် အိမ်ကို စောစောပြန်ရောက်ဖို့ အလုပ်ကိုစောစောသိမ်းခဲ့ရတယ် ဆိုတော့ အလုပ် တွေက ပြီးသင့်သလောက်မပြီးဘူးပေါ့” ဟု ၎င်းက ပြောသည်။ TNLA တပ်သားတို့သည် မိုင်းဝီးကျေးရွာအုပ်စု အတွင်းသို့ ညစဥ် နီးပါး ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရွာခံများကို ဖမ်းဆီးခြင်း ပိုက်ဆံတောင်းခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများ များစွာ အခက်တွေ့နေရကြောင်း သိရသည်။ အဆိုပါဖြစ်စဥ်များနှင့် ပက်သက်ပြီး TNLA ပြောရေးဆိုခွင့်ကို အကြိမ် ကြိမ်ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ https://burmese.shannews.org/archives/29182

၂၄။ စစ်ကောင်စီစစ်ကြောင်းကို ကွတ်ခိုင်မြို့နယ်တွင် ကေအိုင်အေတိုက်ခိုက်
July 15, 2022

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တိုကြား ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ အင်အား ၃၀ ခန့်ပါရှိသောစစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေတပ်ရင်း ၉ က နမ့်ဖာလွန်အထက် ဖာခေတ်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “သူတို(စစ်ကောင်စီ) နားနေတဲ့အချိန် တိုက်လိုက်တယ်။ လက်နက်ငယ်ကတော့ အများကြီးကြားတယ်။ လက်နက်ကြီးသံတွေလည်း ကြားရတယ် ၁၀ ချက်မကဘူး သူတိုအများကြီးပစ်ကြတယ်။ ရွာထဲက အိမ်နည်း နည်းထိသွားတယ် မိုင်းစတွေ ဘာတွေလာကျတယ် ပြောတယ်။ သွားတော့ မကြည့်ရသေးဘူး” ဟုသူကပြောသည်။

နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ထိခိုက်မှုရှိ၊ မရှိကို မသိရှိရသေးကြောင်း သူကဆက် ပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် ပြည်သူထိခိုက်မှုရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအနီးတွင်လည်း ဇွန်လ ၁၆ ရက် နေ့က စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တိုကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၂၅။ ဖားကန့်မှာ အမျိုးသမီး (၇) ဦးနှင့် ယဉ်မောင်းတစ်ဦးအား စစ်ကောင်စီဖမ်းဆီး
July 14, 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ် ဒေသခံ အမျိုးသမီး(၇)ဦးအပါ ယာဉ်မောင်းတစ်ဦးတို့ကို စစ်ကောင်စီ တပ်သား‌တွေ မနေ့က ညနေ(၄)နာရီခွဲ‌လောက်မှာ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ဆိုင်းတောင် ကနေ ဆန်းကြွယ်အပြန် ကျောက်စိမ်းတောင်နားအရောက်မှာ စစ်ကောင်စီတပ်သားတွေက ကားကိုတားပြီး သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။ “ဆိုင်းတောင်က အပြန် ကျောက်စိမ်းတောင်ဘက်အရောက် စကစတွေ(၇)ယောက်၊ (၈)ယောက်လောက်က သူတို့ရဲ့ ကားကို ရှေ့မှာ သေနတ်တွေချိန်တားပြီး ဖမ်းသွားတာ။ အမျိုးသမီး(၇)ယောက်ပါတယ်၊ ကားမောင်းလူတစ်ယောက်ပါတယ်။ လမ်းမှာ ကားတားပြီး သေနတ်တွေထောက်ပြီးတော့ ခေါ်သွားတာ“လို့ ဒေသခံက ဆိုပါတယ်။

အဲဒီ ဆန်းကြွယ် ဒေသခံ(၈)ဦးကို ဘယ်လို အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။ အထက်ပါဒေသခံရဲ့ သုံးသပ်ပြောဆိုချက်အရ အဲဒီနေ့က ဆိုင်းတောင်ဘက်မှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်ရှိတာကြာင့် အဲဒီဒေသခံတွေကို ဆန်ဒပြပွဲမှာပါဝင်သူတွေအဖြစ်ထင်မှတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်နိုင်တယ် လို့လည်း သိရပါတယ်။ https://www.myitkyinanewsjournal.com/the-military-council-arrested-seven-women-and-a-

၂၆။ မန်းကန်တွင် စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီအဖွဲ့ကို ကိုးကန့်တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်
July 14, 2022

မုံးကုံးခရိုင် ကျယ်လန်ဒေသတဝိုက်တွင် စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီအဖွဲ့ဟာ မန်းကန်ဒေသကို ရောက်ရှိလာတဲ့ အတွက် ကိုးကန့်တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ The Kokang သတင်းရင်းမြစ်မှာဖော်ပြထားပါတယ်။ ဇူလိုင် ၁၂ ရက် မနက်ပိုင်းလောက်က စစ်ကောင်စီအဖွဲ့တွေဟာ မန်းကန်ဒေသကို ချဉ်းကပ်ဝင်ရောက် လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဝင်ရောက်လာတဲ့အခြေအနေကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) ဘက်က သတင်း ထောက်လှမ်းရရှိပြီးနောက် စစ်ဆင်ရေးအဖွဲ့နဲ့ ကျယ်လန်ဒေသ အနောက်ဘက်တောင်ကုန်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီ ၂၁ မိနစ်အချိန်မှာစတင်ခဲ့တဲ့ တိုက်ပွဲဟာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး MNDAA ဘက်က တိုက်ပွဲနေရာကနေ ဦးစွာထွက်ခွာခဲ့တယ်လို့ ဆိုထားပါတယ်။ တိုက်ပွဲကြောင့် MNDAA ဘက်က ထိခိုက် ကျဆုံးမှုမရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၇။ နန်ဇော်ယာန်တိုက်ပွဲသို့ စစ်ကူသွားရန်အမိန့်လွန်ဆန်သူ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးစစ်ဆေးခံနေရသည်ဟုဆို
14 July 2022

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) စစ်ကောင်စီဩဇာခံပြည်သူ့စစ်စခန်းမှ ပြည်သူ့စစ် ၂ ဦးသည် နန်ဇော်ယာန်တိုက်ပွဲသို့ စစ်ကူသွားရန် အမိန့်လွန်ဆန်ပြီး စခန်းသို့ပြန်ထွက်ပြေးလာခဲ့သည့်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင်လ ၁၀ ရက်မှ ၁၂ရက်နေ့အထိ ကေအိုင်အေ နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့ သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့၍ နွားလှည်းနှင့် ကားများဖြင့် သယ်ယူသွား သည်ဟု ဒေသခံများက ပြောခဲ့သည်။

၎င်းနန်ဇော်ယာန်ကျေးရွာအနီး ကေအိုင်အေနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် ပြည်သူ့စစ်အဖွဲ့လည်း စစ်ကောင်စီတပ်နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒူးလေးပါတီဥက္ကဌ ဦးရွှေမင်းက အတည်ပြုဖြေကြားခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် ၎င်း တို့၏ပြည်သူ့စစ်အဖွဲ့ဝင်များ တစ်ယောက်မှ အထိအခိုက် မရှိခဲ့ကြောင်း Kachinwaves ကို ပြောသည်။ “ကျွန်နော်ကြားတာ ပေါ့ဗျ၊ ကြားတယ်ဆိုတော့လည်း မှန်ချင်မှလည်း မှန်မှာပေါ့။ ဒီဘက်ကတော့ အကျအရှုံး မရှိဘူး။ တစ်ယောက်မှကို မရှိဘူး။ စကစ ဘက်ကလည်း ရှိတယ်လို့ မကြားဘူး။ အဲဘက်မှာ ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့သူတွေရှိတယ်။ သူတို့ ပြောတာတော့ တစ်ယောက်မှ အကျအရှုံးမရှိဘူး။ တစ်ယောက်မှ အထိအခိုက်မရှိဘူးလို့ပြောတယ်”ဟု ဦးရွှေမင်းက ပြောသည်။ ပြည်သူ့စစ် အဖွဲ့တွင် တိုက်ရိုက်ခေါင်းဆောင်ကွပ်ကဲခြင်း မရှိသော်လည်း အကြံပေးအဖြစ် ဆောင်ရွက်ခြင်းတော့ရှိသည်ဟု ဦးရွှေမင်းက ပြောသည်။ ဝိုင်းမော်မြို့နယ် နန်ဇော်ယာန်ဘက်တွင် လီဆူအများစု လယ်ယာလုပ်ကိုင်စားသောက်နေပြီး ပြည်သူကို ကာကွယ် ရန်တာဝန်ရှိသည့်အတွက် နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားရကြောင်းလည်း ၎င်းကပြောသည်။

၂၈။ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို တစ်လနီးပါးကြာသည်ထိ ပြန်လည်မဖွင့်ပေးသေး
July 14, 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA )တို့ စစ်ရေးတင်းမာလာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထား သော ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို လက်ရှိအချိန်ထိ ပြန်လည်မဖွင့်ပေးသောကြောင့် ကားသမားများနှင့်ဒေသခံများ အခက်တွေ့နေကြသည်။ ၂၂ မိုင်နှင့် ၆ ဖာလုံရှည်လျားတွင် အဆိုပါကားလမ်းတွင် လက်ဝဲစာတိုက်၊ ပိန္နဲတော စစ်ဆေးရေး ဂိတ် များ၌ မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးထားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ “ကားလေးတစ်စီးနဲ့ လုပ်စားနေကြတာမှာ လမ်းတွေကိုလည်း ပိတ်ထားတယ်ဆိုတော့ ဖြစ်သလိုရောင်းချ၊ စားသောက်နေကြရမှာပဲလေ။ အငတ် တော့ ဘယ်သူခံနိုင်ပါ့မလဲ“ဟု ရသေ့တောင်ဒေသခံ ကိုမောင်ခင်ကပြောသည်။

အဓိက ကားလမ်းကို ပိတ်ထားသောကြောင့် အခြေခံစားသောက်ကုန် ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေသလို စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နေကာ ဓာတ်ဆီတစ်လီတာကို ၃၀၀၀ ကျပ်အထိရှိကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီလမ်းကြောင်းကိုပိတ်ထားလို့ ခရီးသည်တွေကလည်းအဆင်မပြေ။ ရေကြောင်းခရီးနဲ့ကလည်း မိုးရာသီဆိုတော့ လူတွေလည်း မသွားချင်ကြဘူး။ ခရီးသည်တွေလည်း သောင်တင်နေတယ်။ ကားသမားတွေလည်း အကုန်လုံးသောင်တင်နေကြပါတယ်။ လက်လုပ်လက်စားတွေလည်း အဆင်မပြေကြပါဘူး”ဟု ရသေ့တောင်ဒေသခံ ကိုဆံထုံးကပြောသည်။ ရသေ့တောင်မြို့မှ ပုဏ္ဏားကျွန်းမြို့သို့သွားသည့် ကားလမ်းမှာ အဆိုပါလမ်းမကြီးတစ်ခုသာရှိပြီး ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အားကိုးနေရသည့် လမ်းဖြစ်သည်။ လက်ရှိတွင် ကားလမ်းပိတ်ထားသဖြင့် ဒေသခံတစ်ချို့မှာ ရေချမ်းပြင် ရေလမ်းကြောင်းမှ မဖြစ်မနေသွားလာနေရသူများလည်းရှိသည်။

၂၉။ စစ်တွေမှ ကမ်းထောင်းကြီးသို့ ဆန်နှင့် ကုန်ပစ္စည်းအချို့ကို နယ်လုံခွင့်ပြုချက်ပါမှ သယ်ယူခွင့်ရ
July 14, 2022

ရခိုင်ပြည်နယ် စစ်တွေ-ကမ်းထောင်းကြီးသို့ သယ်ယူပို့ဆောင်ရေးလုပ်နေသည့် ဘုတ်များတွင် သံထည်ပစ္စည်းများ၊ ဘိလပ်မြေ၊ မြေဆီနှင့် ဆန်ရိက္ခာတို့ကို ရခိုင်ပြည်နယ် စစ်ကောင်စီ၏ နယ်လုံဝန်ကြီး လက်မှတ်ပါမှသာ သယ်ယူခွင့်ရကြ ကြောင်းသိရသည်။ ထိုသို့ပုံမှန်သယ်ယူခွင့်ပိတ်ထားသည်မှာ နှစ်ပတ်ကျော်ခန့်ရှိနေပြီဖြစ်ပြီး သယ်ယူခွင့်ရရှိရန်တင်ပြသည့်အခါ အချိန်ကြန့်ကြာမှုများရှိသည့်အတွက် ပစ္စည်းများမသယ်ယူရသည့်အခါမျိုးများလည်းရှိသည်ဟု ဘုတ်မောင်းနှင်နေသူ တစ်ဦးက ပြောသည်။ “ဒီလိုခွင့်ပြုချက်နဲ့ သယ်ယူရတာတော့ ၂ ပတ်ကျော်လောက်ရှိပါပြီ။ အဓိကကတော့ သံထည်ပစ္စည်းတွေ၊ ဘိလပ်မြေ၊ ဆန်ပေါ့။ ဒါတွေကိုသယ်မယ်ဆိုရင် နှစ်ဖက်အရောင်းလိုင်စင်၊ ဘုတ်လိုင်စင်တွေနဲ့တကွ သယ်ယူခွင့်ရဖို့တင်ပြရ တယ်။ အဲ့မှာ အခက်ခဲကတော့ တစ်ခါတစ်ခါ တင်ပြတာက ခွင့်ပြုချက်မကျလာဘဲ ကြာနေတာတွေရှိတယ်။

ကျနော်တို့ဘုတ်ဆို နှစ်ပတ်လောက် အဲ့ပစ္စည်းတွေမတင်လိုက်ရဘူး” ဟုပြောသည်။ ယခုကဲ့သို့ပုံမှန်သယ်ယူခွင့် ပိတ်ထားမှုကြောင့် ကမ်ထောင်းကြီးတွင် နဂိုမြင့်တက်နေသည့် ကုန်စျေးနှုန်းများအပြင် လက်ရှိဆန်စျေးနှုန်းကပါ ထပ်ဆင့်မြင့် တက်လျှက်ရှိပြီး အကျပ်အတည်းကြုံနေကြရသည်ဟု ကမ်းထောင်ကြီးဒေသခံတစ်ဦးက ပြောသည်။ “အခု နှစ်ပတ်အတွင်းမှာ ဆန်စျေးနှုန်းတက်သွားတယ်။ ဘုတ်တွေက ဆန်သယ်ယူခွင့်အရင်လိုမရဘူးလို့ကြားတယ်။ ဆန်တင်မဟုတ်ပါဘူး တစ်ခြား အရာတွေလည်း အကုန်တက်နေတာ။ ခုထပ်တက်လာတော့ပိုဆိုးတာပေါ့။ ရွာမှာလည်း ခုအရင်လိုမငြိမ်းချမ်းတော့ဘူး အကျပ် အတည်းများလာတော့ အိမ်တက်ပြီး ဓားထောက်တောင်းလာတာတွေဖြစ်နေတယ်” ဟုပြောသည်။ ဤသို့လုပ်ဆောင်မှုမှာ မည်သည့်အကြောင်းကြောင်းဖြစ်သည် ပြောကြားမှုမရှိသကဲ့သို့ အချိန်ကာလအတိုင်းအတာအားဖြင့် မည်မျှကြာမည်ကိုလည်း သိရှိမှုမရှိဟု ဘုတ်မောင်းနှင်သူများကပြောသည်။

၃၀။ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီများ ကျေးရွာများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ရွာသား များစိုးရိမ်
July 14, 2022

ကော့ကရိတ်မြို့ပေါ်တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီများသည် ဇူလိုင်လ ၁၃ ရက်နေ့က မြို့ပြင်ရှိ ကျေးရွာ များဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ရွာခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြ သည်။ အမှတ် (၃)ရပ်ကွက်၊ ကော့ကရိတ်အခြေစိုက် ခလရ (၉၇) နှင့် အမှတ် (၁)ရပ်ကွက် ချောင်း‌တောင်အထက်တန်းကျောင်းတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပြင် ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် ၇ လုံး ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း သိရသည်။ “ဒီလိုရမ်းပစ်တာ ကျနော်တို့ ပိုကြောက်ရတာ‌ပေါ့။ တိုက်ပွဲဖြစ်တာမဟုတ်တော့ ရှောင်ဖို့ သတိမရှိဘူး။ သူတို့ပစ်တဲ့ ကျည်‌တွေ ကျနော်တို့နေတဲ့ရွာမှာကျရင် အချိန်မရွေး ထိပြီးသေနိုင်တယ်။”ဟု ကော့နွဲရွာသားတစ်ဦးက ပြောသည်။

ယင်းစစ်ကောင်စီများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ကော့ကရိတ်မြို့ တောင်ဘက် ရှိ ရွာသစ်ကုန်း၊ အံကလော်၊ ကော့နွဲကျေးရွာ အနီးအနားတစ်ဝိုက်နှင့် လယ်ကွင်းများထဲသို့ ကျရောက်ပေါက် ကွဲခဲ့သဖြင့် ပျိုးစပါးပင်အချို့ ပျက်စီးမှုရှိ‌ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ထိုဒေသရှိ ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်များသည် မည်သည့် အတွက်ကြောင့် ယင်းသို့ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ကြောင်းကို မသိရသော်လည်း ညဘက်လူအိပ်ချိန်တွင် ထပ်မံ ပစ်ခတ်လာမည်ကိုလည်း စိုးရိမ်ရကြောင်း အခြားရွာသားတစ်ဦးက ပြောသည်။ https://kicnews.org/2022/07/%e1%80%8 0%e1%80% b1%e1%80 %ac%e1%80%b7%e1%80%80%e1%

၃၁။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာ
July 14, 2022

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှစပြီး ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ခွဲနီးပါးအချိန်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားကြောင်း ပုသိမ်မြို့ အခြေခံစားသောက်ကုန် ရောင်းချနေသူတစ်ဦးက ပြောသည်။ “အခြေခံ စားကုန်တွေက အာဏာစသိမ်းခါစကနေ တဖြည်းဖြည်းချင်း ဈေးတက်လာတာ။ မေလလောက်က တက်သွားတယ်။ အများဆုံး တက်နေတာဆီဈေးတွေ၊ နောက်ဆန်လည်းပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကအစ အိမ်သုံးဆားအဆုံး ဈေးတက်သွား တယ်။ ဈေးနှုန်းနှစ်ဆ သုံးဆလောက်ကို ဖြစ်ကုန်တယ်”ဟု ပုသိမ်မြို့ အခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးက ပြောသည်။

ထိုသို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ရရှိသည့်လုပ်ခလစာနှင့် ချိန်ဆသုံးစွဲနေရပြီး စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းနေရကြောင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ခံများက ပြောဆိုသည်။ “ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်နေတော့ ရတဲ့လစာနဲ့ မနည်းချိန်ဆပြီး သုံးနေရတယ်။ အဆောင်ခနဲ့ ဆိုင်ကယ်ဆီဖြည့်ခကလည်း မနည်းကုန် တယ်။ မိသားစုများတဲ့သူတွေဆို ပိုပြီးအခက်အခဲဖြစ်ကြရတယ်”ဟု မော်လမြိုင်မြို့ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦး ကဆိုသည်။ စစ်တပ်မှ အာဏာသိမ်းယူပြီး တစ်နှစ်ခွဲအကြာအချိန်တွင် စိုက်ပျိုးရေးသွင်းအားစုများ သုံးဆခန့် ဈေးနှုန်းမြင့်တက်မှုနှင့် စက်သုံး ဆီ ဈေးနှုန်း နှစ်ဆကျော်မြင့်တက်မှုကြောင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ လက်ရှိထက် ပိုမိုမြင့်တက်နိုင်ဖွယ်ရှိ နေကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

၃၂။ ဖောင်တော်ဦးဘုရားမှာ ၂ နှစ်ဆက်တိုက် ဆိုင်းငံ့ခဲ့တဲ့ ဝါဆိုပန်းကပ် ဘုရားပွဲတော် ကျင်းပ
July 14, 2022

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖော်တော်ဦးဘုရားမှာ နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ ဝါဆိုပန်းကပ် ဘုရား ပွဲတော်ကို ဇူလိုင် ၁၃ ရက်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပွဲတော်ဟာ နှစ်စဥ်နှစ်တိုင်း မြန်မာပြက္ခဒိန်နဲ့ဆိုရင် ဝါဆိုလပြည့်ကျော် ၁ ရက်မှာ ကျင်းပနေကြဖြစ်ပြီး ကိုဗစ် ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ဆက်တိုက် ရပ်နားခဲ့ရတယ်လို့ ဖော်တော် ဦးဘုရားအနီးမှာ နေထိုင်တဲ့ ရွာခံတွေက ဆိုပါတယ်။ ဝါဆိုပန်းကပ်ပွဲတော်ကို လာရောက်ဆင်နွှဲတဲ့ အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးက “ကြားထဲမှ ၂ နှစ် ရပ်ထားရတော့ အင်းသားလူမျိုးတွေ ပွဲငတ်ကြပြီလေ။ စည်ကားသိုက်မြိုက်နေတာပဲ။ နှစ်တိုင်းဒီနေ့ကရိုးရာမပျက်ပေါ့။ အင်းလေးတစ်ခုလုံးမှာရှိတဲ့ အင်းသားတွေက ဒီနေ့မှာ ဖော်တော်ဦးဘုရားကို ဝါဆိုပန်းလာကပ် ရတယ်။ ဒီနှစ်ကတော့ လောင်းကစားဝိုင်း မပါဘူး။ ရန်ပွဲလည်း မရှိဘူး။ ပွဲကတော့ လူစည်ပေမယ့် အရင်ကလို ဗမာပြည်ဘက် က စျေးသည်တွေတော့ မလာကြဘူး။ အာဏာသိမ်းထားတော့ သွားရေးလာရေး ခက်လို့ထင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၀၊ ၂၀၂၁ ခုနှစ်ကလည်း ကိုဗစ် ကပ်ရောဂါဘေးကြောင့် ဖောင်တော်ဦးဘုရားဝင်းတစ်ခုလုံး ပိတ်ထားရ ကြောင်းနဲ့ ယခု ဝါဆိုပန်းကပ်ပွဲတော်အပြင် နှစ်စဥ်ကျင်းပနေကြ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ပွဲလည်း မကျင်းပ ဖြစ်ဘူးလို့ အင်းလေး ဒေသခံတွေက ဆိုပါတယ်။ အခုလို ၂ နှစ်ဆက်တိုက် ဖောင်တော်ဦးဘုရား ပိတ်ထားရတာကြောင့် ဘုရား ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြတဲ့ အင်းလေးဒေသခံတွေလည်း ပြီးခဲ့တဲ့ နှစ်တွေမှာ စားဝတ်နေရေး ခက်ခဲခဲ့တာဖြစ် ပြီး ဒီလိုကာလမှာ ပွဲတော်တွေ ကျင်းပနေတာကို ပြည်သူအချို့က အပြစ်မြင်နိုင်ကြပေမယ့် အင်းလေးမှာနေထိုင်ကြတဲ့ အင်းသူ အင်းသားတွေကတော့ ပွဲတော်ဖြစ်မြောက်မှသာ ဘုရားဖူးဧည်သည့် လာရောက်ကြမှာဖြစ်ပြီးတော့ ၎င်းတို့အတွက်လည်း စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ ပြောဆိုထားပါတယ်။ ဒီနှစ်အတွင်းမှာတော့ ဝါဆိုပန်းကပ်ပွဲတော် ပြန်ကျင်းပဖြစ်တာ ကြောင့် ဒေသစာရီကြွချီ ပူဇော်ပွဲနဲ့ အင်းသားရိုးရာ ဆွမ်းလောင်းပွဲတွေအပါအဝင် အင်းလေးရိုးရာ ပွဲတော်အချို့ကိုလည်း ပြန်ကျင်းပဖြစ်မယ်လို့ အင်းလေးဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

၃၃။ တိုက်ပွဲနေ့စဉ်ဖြစ်ပွားသော်လည်း ကာစီနိုလုပ်ငန်းအဆောက်အဦးများ အလုပ်မပျက်ကြီးထွားလာနေ
July 15, 2022

မြဝတီ-ဝေါလေ ကားလမ်းပေါ်တွင် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသော်လည်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး တစ်လျှောက် တရားမ၀င် တည်ဆောက်လုပ်ကိုင်နေကြသည့် တရုတ်ကာစီနို၊ အွန်လိုင်း လောင်း ကစားလုပ်ငန်းအဆောက် အဦးများမှာ အလုပ်မပျက် အလျင်အမြန်ကြီးထွားလာနေသည်ဟု ဒေသခံများကပြောသည်။ လတ်တလောတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည့် ဖလူး၊ မယ်ထော်သလေး၊ ကျောက်ခက်၊ ဝေါလေဒေသတွင်းရှိ ကာစီနိုလောင်းကစားရုံများမှာ အလုပ်မပျက် အလျင်အမြန် ကြီးထွား လာနေကြောင်း မြ၀တီဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။ “တိုက်ပွဲကသာဖြစ်နေတာ နေ့တိုင်း တရုတ်တွေ အွန်လိုင်းဂိမ်း၊ ကာစီနိုတွေ၊ ဇိမ်ခန်းတွေ ဆောက်နေတာက ဘယ်လုပ်ငန်းမှ မရပ်သွား ဘူး၊ တာဝါကရိန်း တွေနဲ့ စက်ယန္တယားတွေနဲ့ နေချင်း၊ ညချင်း အမြန်ဆောက်နေတာ၊ ဒေသခံအစစ်တွေက စစ်ရှောင်နေရင်း ကိုယ့်မျက်စိရှေ့ မှာတင် အဆောက် အဦးတွေက ကိုယ့်မြေကိုယ့်ရေပေါ်မှာ တရားမ၀င် အဆောက်အဦးတွေ နေ့ချင်း၊ ညချင်း တစ်ခုပြီးတစ်ခု လုပ်နေကြတာ၊ မြ၀တီကြံခင်းရပ်ကွက်ကနေ အခုဆို မယ့်ထော်သလေး၊ ဖလူး ၊ ကျောက်ခက်၊ ဆုံဆည်း မြိုင်၊ ဝေါလေ ကမ်းနားအထိ တရုတ်ကာစီနိုအွန်လိုင်း ဂိမ်းလုပ်ငန်းရုံတွေ များလာနေပြီ”ဟု သူက ပြော သည်။

အဆိုပါ ဖွင့်လှစ်ထားသော ကာစီနိုလောင်းကစားရုံများတွင် လုံခြုံရေးအပြည့်ချထားပြီး လာရောက်ကစားသူများမှ လွဲ၍ အပြင်လူ လုံးဝဝင်ရောက်ခွင့်မရှိသည့်နေရာမျိုးဖြစ်သည်ဟု သိရှိရသည်။ “ထိုင်းဘက်ကလည်း လာကစားတယ်၊ မြန်မာ ဘက်ကလည်း ကစားကြတယ်၊ ထိုင်းဘက် ကား၀င်း၊ မြန်မာဘက်ကား၀င်း တွေမှာ ညဆိုလာကစားကြသူတွေရဲ့ ကားတွေ ပြည့်နေတယ်၊ မီးတွေထိန် လင်းနေတယ်၊ မြ၀တီမှာလည်း ကာစီနိုတွေ အွန်လိုင်းဂိမ်းလုပ်တဲ့အထောက်အထားမဲ့ တရုတ်တွေ ပိုများလာတယ်၊ BGF လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်နေတော့ အဲ့ဒီဘက်ကို ဒေသခံတွေ ဘယ်သူမှသွားမရဘူး၊” ဟု ထို မြဝတီဒေသခံက ဆက်ပြော သည်။ ဒေသအတွင်း BGF နှင့် DKBA အပစ်ရပ်အဖွဲ့ကျောထောက်နောက်ခံပြုလုပ်ငန်း ဖြစ်သော တရုတ် ကာစီနို၊ အွန်လိုင်းဂိမ်းနှင့် တရားမ၀င်လောင်းကစား၊ အပျော်အပါးလုပ်ငန်းများ တည်ဆောက် လုပ်ကိုင်နေ မှုမှာ ယခင်က မြ၀တီမြို့ ဧရိယာနှင့် ရွှေကုက္ကိုလ်ဒေသဘက်တွင်သာ လုပ်ကိုင်နေကြသည့် လုပ်ငန်းများမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တရားမ၀င်တရုတ်နိုင်ငံသားအများအပြား ရောက်ရှိ နေထိုင်လာကြ ကြောင်း မြဝတီမြို့ခံများက ပြောသည်။ တရုတ်ကာစီနိုလောင်းကစားရုံ လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်ခန့်မှစ၍ မြ၀တီ ထိုင်း-မြန်မာနယ်စပ် ကရင်လက်နက်ကိုင် အဖွဲ့ အစည်းဂိတ်များအတွင်းနှင့် ၎င်းတို့ ကျောထောက် နောက်ခံပြု လုပ်ငန်းရှင် များစတင်လုပ်ကိုင်ကြသည့် အခြေအနေမှ တရုတ် နိုင်ငံသားများစတင် ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ https://kicnews.org/2022/07/%e1%80%90%e1%80%ad%e1%80%a f%e1%80%8 %80%ba%e1%8

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။