• Today is: Sunday, April 14, 2024

စစ်ကောင်စီဟာ အရပ်သားပြည်သူလူထုအပေါ် အကာအကွယ်ပြုရမည့်အစား ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ KIO ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၁၅၊ ၂၀၂၃

နိုင်ငံလုံခြုံရေးနှင့်ကာကွယ်ရေးတပ်လို့ ပြောဆိုနေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူလူထုအပေါ် အကာအကွယ်ပြုရမည့်အစား ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)က ကန့်ဘူမြို့နယ်၊ ပဇီးကြီးကျေးရွာ ဖြစ်ရပ်နှင့်ဆက်စပ်ပြီး ဒီကနေ့ ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားလူထုများကို အကာအကွယ်ပေးရမည့်အစား ရန်သူသဖွယ် အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြကာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူလူထုများနေထိုင်သည့် ရပ်ရွာများကို လူမဆန်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းဟာ အလွန်စက်ဆုပ်ရွံရှာဘွယ် ကောင်းပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ၏ အခုလုပ်ရပ်တို့ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ရက်ညက ဖားကန့်၊ အနန့်ပါမှာ ပြုလုပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၂) နှစ်ပြည့် အခမ်းအနားအကြို ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်များ၊ ပြည်သူများ၊ စီးပွားရေး လုပ်ငန်း ရှင်များနှင့် KIO စစ်ဘက် ၊အရပ်ဘက်ဝန်ထမ်းများ ရာချီ သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။

အလားတူ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာချုပ် တည်ရှိတဲ့ အရင်ခေါ် Camp Victoria / ယခုခေါ် Victoria Base ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၀) ရက်နဲ့ (၁၁) ရက်တွေမှာ စစ်ကောင်စီတပ်တွေက ဂျက်တိုက် လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ CNF တပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ သလို လူနေအိမ်တစ်လုံး ဆေးကုသဆောင်တစ်ဆောင် အပါအဝင် ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။