• Today is: Friday, March 29, 2024

သံအမတ်ကြီး ဦးကျော်မိုးထွန်း John McCain Freedom Award ဆု လက်ခံရယူ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၀၊ ၂၀၂၁

International Republican Institute (IRI) က ဂုဏ်ပြုချီးမြှင့်သည့် ယခုနှစ်အတွက် လွတ်လပ်ခွင့်ဆု (John McCain Freedom Award 2021) ရှင်များထဲတွင် ပါဝင်သူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဝါရှင်တန်ဒီစီတွင် အင်္ဂါနေ့က ပြုလုပ်သည့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆုလက်ခံရယူခဲ့သည်။

အဆိုပါဆုကို ကမ္ဘာတဝန်းက ဒီမိုကရေစီ လွတ်လပ်ခွင့်များအတွက် ကြိုပမ်းသူများကို IRI က နှစ်စဉ် ချီးမြှင့်ခြင်းဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းကို လက်မခံဘဲ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဆုချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

John McCain Freedom Award 2021 ဆုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားများအတွက် ပေါင်းစည်းညှိနိုင်းရေးကောင်စီ ကိုယ်စားလှယ် Tatsiana Khomich၊ ကျူးဘားနိုင်ငံမှ ဂီတပညာရှင် Willy Chilino တို့ပါ ရရှိကြောင်း Freedom Award က သတင်းထုတ်ပြန်ထားသည်။

IRI သည် ၁၉၉၅ ခုနှစ်မှစပြီး Freedom Award ကို ဒီမိုကရေစီ တိုးတက်မှုအတွက် ကတိကဝတ်ပြုသော ပုဂ္ဂိုလ်များ၊ ဒီမိုကရေစီ လွတ်လပ်မှုနှင့် လူသားလွတ်မြောက်မှု ကမ္ဘာတဝန်းရှိ သန်းပေါင်းများစွာသောလူများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ ခုနှစ်တွင် အဆိုပါ Freedom Award ကို ရရှိခဲ့သည်။

ဓာတ်ပုံ – Pho Khwar