• Today is: Monday, May 20, 2024

AA နဲ့ ARSA တို့တိုက်ပွဲအပေါ် ရခိုင်လူမျိုးတွေ သဘောထားကြီးဖို့လိုတယ်လို့ (ရိုဟင်ဂျာ)မွတ်ဆလင်တွေပြော

AA နဲ့ ARSA တို့တိုက်ပွဲအပေါ် ရခိုင်လူမျိုးတွေ သဘောထားကြီးဖို့လိုတယ်လို့ (ရိုဟင်ဂျာ)မွတ်ဆလင်တွေပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၁ ရက်၊ ၂၀၂၃။

ရက္ခိုင့်တပ်တော် (AA) နဲ့ ARSA အာဆာ လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပေါ် ရခိုင်လူမျိုးတွေဖက်က သဘောထားကြီးစွာထားဖို့လိုတယ်လို့ ဆိုပါတယ်။

အာဆာတွေဟာ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်စီးနေတာဖြစ်ကြောင်းနဲ့ (ရိုဟင်ဂျာ)မွတ်ဆလင်တွေဟာလည်း အာဆာအဖွဲ့ကို လက်မခံဘူးလို့ (ရိုဟင်ဂျာ)မွတ်ဆလင်အရေး လှုပ်ရှားနေတဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ မယူတောင်တန်းမှာ AA နဲ့ ARSA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပေါ် ရခိုင်လူမျိုးတွေဖက်က သဘောထားကြီးစွာ ထားဖို့လိုအပ်တယ်လို့လည်း အဆိုပါလူငယ်က ဆက်ပြောပါတယ်။

” အာဆာဆိုတာက ရခိုင်ပြည်မှာ ကျနော်တို့အတွက် တစ်ခုမှ ကောင်းတာတွေလုပ်ပေးတာမရှိဘူး။ ရခိုင်ပြည် တည်ငြိမ်​အေးချမ်းနေတာနဲ့ သူတို့တွေလာပြီးတော့ သောင်းကျန်းနေတာတွေကိုလည်း အများကြီးတွေ့ရပါတယ်။ ဒီဟာတွေကို လေးလေးနက်နက်မစဉ်းစားရင်တော့ ငြိမ်းချမ်းရေးအတွက် အများကြီးထိခိုက်မှုရှိပါတယ်။ ရခိုင်လူမျိုးတွေဖက်က အများကြီး သဘောထားကြီးစွာနဲ့ စဉ်းစားဖို့လိုတယ်” လို့ ဆိုပါတယ်။

AA နှင့် ARSA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ရခိုင်နဲ့ (ရိုဟင်ဂျာ)မွတ်ဆလင်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ပျက်စီးသွားအောင် မလုပ်နိုင်ဘူးလို့ ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

” ရခိုင်ပြည်မှာ အခုအခြေအနေကောင်းလာတယ်။ (ရိုဟင်ဂျာ)မွတ်ဆလင်တွေကလည်း သဘောပေါက်လာတယ်။ ရခိုင်တွေနဲ့ ပူးပေါင်းနေရမယ်။ ရခိုင်တွေနဲ့ ပဋိပက္ခဖြစ်လို့မရဘူး။ ရခိုင်တိုင်းရင်းသားတွေနဲ့ (ရိုဟင်ဂျာ)မွတ်ဆလင်တွေကြားမှာ မညီညွတ်ရင် ပြဿနာတွေဖြစ်မယ်။ ရခိုင်တွေနဲ့ သင့်မြတ်အောင်နေရမယ်ဆိုတဲ့ စိတ်ဓာတ်တွေက (ရိုဟင်ဂျာ)မွတ်ဆလင်အများစုမှာ အဲလိုမျိုးစိတ်ဓာတ်တွေက တဖြည်းဖြည်းပေါ်ပေါက်လာတယ်” လို့ ပြောပါတယ်။

(ရိုဟင်ဂျာ)မွတ်ဆလင်လူမျိုးတွေဟာ ရခိုင့်ပြည်သူ့အစိုးရအပေါ်မှာ ယုံကြည်အားကိုးမှုတွေရှိလာပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာလည်း ပါဝင်လာဆောင်လုပ်နေကြသလို့ ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းတွေကလည်း ပိုမိုရရှိလာကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်ထားခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ – Getty Images