• Today is: Thursday, April 25, 2024

တိုးတက်မှုအကြောင်းရင်းခံ

▄ တိုးတက်မှုအကြောင်းရင်းခံ

– အခြေခံကောင်းတဲ့ ပညာရေးနဲ့ လွတ်လွတ်လပ်လပ်လုပ်ခွင့်၊ ဒီနှစ်ခု ရှိရင် တိုးတက်မယ်တဲ့။

– တို့နိုင်ငံမှာ အခြေခံကောင်းတဲ့ ပညာရေး ရခဲ့သလား။

– အခြေခံကောင်းတဲ့ ပညာရေးမှာ

– ဘယ်လိုအင်္ဂါရပ်တွေ ပါဝင်သလဲဆိုတာ တွေးမိတယ်။

– အကောင်း အဆိုး ၊ အကြောင်း အကျိုး၊

– အမှား အမှန်ကို ခွဲခြားသိမြင်နိုင်မယ့်

– ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားနိုင်စွမ်းကို ဖြည့်ပေးရင်

– အခြေခံကောင်းတဲ့ ပညာရေးလို့ ပြောနိုင်တယ်။

– ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးနိုင်ရင်

– အခြေခံကောင်းတဲ့ ပညာရေးလို့ ပြောနိုင်လိမ့်မယ်။

– အစုအဖွဲ့နဲ့ အလုပ်လုပ်တတ်တာ၊

– အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်တာ၊

– ဒီလို အလေ့အထတွေ ဖြစ်ထွန်းရင် အခြေခံကောင်းတဲ့ ပညာရေးလို့ ပြောနိုင်တယ်။

– အလုပ်တစ်ခုခု၊ အကြောင်းရပ်တစ်ခုခု၊

– ဘာသာရပ်တစ်ခုခု… စတဲ့ ဘယ်အရာကိုမဆို

– ဘယ်လို လေ့လာသင်ယူရမလဲဆိုတဲ့

– (How to learn) ဆိုတဲ့ နည်းနာကို ကောင်းကောင်း သင်ပေးနိုင်ရင်

– အဲဒါ အခြေခံကောင်းတဲ့ ပညာရေးကို ရတာပဲ။

– ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ကို

– အမွေပေးနိုင်တဲ့ ပညာရေးဟာ အခြေခံကောင်းတဲ့ပညာရေးပဲ။

– အလှတရားကို ချစ်မြတ်နိုးတတ်တဲ့ နှလုံးသားကို

– မွေးမြူပေးနိုင်ရင် အခြေခံကောင်းတဲ့ ပညာရေးလို့ ခေါ်နိုင်ပါတယ်။

– ဒီနေရာမှာ ချုပ်လိုက်ရင်….

– အချက် ( ၆ ) ချက်ကို သွားတွေ့ရတယ်။

– (၁) critical thinking လို့ခေါ်တဲ့ စဉ်းစားဉာဏ်။

– (၂) confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရင် ကိုယ့်အားကိုယ်ကိုးနိုင်တယ်။

– (၃) teamwork နဲ့ cooperative mindset လို့ခေါ်နိုင်တဲ့

– ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထ။

– (၄) ဘယ်လိုလေ့လာသင်ယူရမလဲဆိုတာကို သိတာ။

– (၅) ethic လို့ခေါ်တဲ့ ကျင့်ဝတ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ။

– (၆) အလှတရားကို ချစ်တတ်တာ။

– ဒီအချက် (၆) ချက်ဟာ ပညာရေးမှာ

– သိပ်ပြီး အခြေခံကျတယ်လို့ ယူဆတယ်။

– တိုင်းပြည်တစ်ခုဟာ အခြေခံကောင်းတဲ့ ပညာရေးကိုလည်း မပေးနိုင်၊

– လွတ်လပ်စွာ လုပ်ကိုင် ပြောဆို ဖန်တီးခွင့်လည်း မရ။

– ဒါဆိုရင် အဲသည့်တိုင်းပြည် တဖြည်းဖြည်းနဲ့ ပျက်မှာပဲ။

– လူ့အဖွဲ့အစည်းကို တိုးတက်အောင် လုပ်ပေးတာ၊

– တည်ငြိမ်အောင် လုပ်ပေးတာ၊

– ငြိမ်းချမ်းအောင် လုပ်ပေးတာ၊

– လွတ်လပ်အောင် လုပ်ပေးတာ၊

– ဂုဏ်သိက္ခာရှိအောင် လုပ်ပေးတာ….

– ပညာရေး အခြေခံကောင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်၊

– ဒီနှစ်ချက်နဲ့ အများကြီး သက်ဆိုင်ပါတယ်။

မင်းသေ့

Federal Journal