• Today is: Tuesday, April 30, 2024

ဘီးလင်းမြို့ မွန်လူငယ် သပိတ်ခေါင်းဆောင် ကိုသီဟစိုး အပါအဝင် (၁၁) ဦးဖမ်းဆီးခံရ

ဘီးလင်းမြို့ မွန်လူငယ် သပိတ်ခေါင်းဆောင် ကိုသီဟစိုး အပါအဝင် (၁၁) ဦးဖမ်းဆီးခံရ

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁

နိုဝင်ဘာ ၁၀ ရက် ည (၁၁) နာရီကျော်လောက်မှာ မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်မှာ မွန်လူငယ် သပိတ်ခေါင်းဆောင် ကိုသီဟစိုးအပါအဝင် (၆) ဦးဟာ စစ်ကောင်စီ တပ်သားများရဲ့ လက်နက်ဖြင့် ပစ်ခတ် ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လိုသူ ဘီးလင်း ဒေသခံတစ်ဦးက ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

“ဘီလင်း၊ ရပ်ကွက် (၈) မှာ ည (၁၁) နာရီကျော်ကျော်လောက် စစ်တပ်ကနေပြီးတော့ လူအင်အား အယောက် (၂၀) ကျော်ကျော်လောက်နဲ့ ကိုသီဟစိုးအိမ်ကိုဝိုင်းပြီးတော့ဖမ်းတယ်။ ကိုသီဟစိုးအပါအဝင် အဲ့ညတွင်းချင်းမှာပဲ လူ (၆) ယောက်ပါသွားတယ်။ မနက်ပိုင်းကျတော့ (၅) ယောက်ထပ်ပါတယ်။ စုစုပေါင်း (၁၁) ယောက်ဖမ်းဆီးခံရပါတယ်။ ကိုသီဟစိုးမှာ ပေါင်ကို သေနတ်ရှပ်မှန်ပါတယ်။ ကိုသီဟစိုးက အရင်လွတ်မြောက်နယ်မြေမှာ သွားနေတာပေါ့။ မိသားစု အကြောင်းတစ်ခုကြောင့်သူ ပြန်လာတယ်။ ပြန်လာပီး (၂) ရက်အကြာမှာ အခုလိုအဖမ်းခံရတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေခံရဲနဲ့စသုံးလုံးကို ကျွန်တော်တို့ သွားမေးတော့ သူတို့မသိဘူးတဲ့။ သက်ဆိုင်ရာ တွေကို ပြန်လည် မေးမြန်းစုံစမ်းပြီး နောက်ဆုံး သတင်းပြန်ရ ထားတာက စစ်ကြောရေးကို ပို့လိုက်တယ်လို့ ပြောတယ်။ ဘယ်စစ်ကြောရေးလဲတော့ မသိဘူး။ စစ်တပ်က သူတို့ လာဖမ်းတဲ့တစ်ယောက်ကို မတွေ့လို့ သူ့မိန်းမကိုပါ ဖမ်းခေါ်သွားတယ်။ ခုထိ တယောက်မှ ပြန်မလွတ်သေးဘူး” လို့ ပြောပါတယ်။

ကိုသီဟစိုးနဲ့ နီးစပ်တဲ့ သူပြောတာက “အခု ကိုသီဟစိုး ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကတော့ ရှင်းပါတယ် စစ်အာဏာရှင်ကိုဆန့်ကျင်တာပေါ့၊ စစ်အာဏာရှင် ဆန့်ကျင်ရေး Group တစ်ခုဖွဲ့ထားတယ်၊ အဲ့မှာ ကိုသီဟစိုးက ခေါင်းဆောင်ပေါ့။ အရင်ဘီးလင်း လူငယ်သပိတ်တွေမှာ သူကခေါင်းဆောင်ပေါ့၊ ကျွန်တော့်အမြင်ကတော့ တက်ကြွလှုပ်ရှားသူတွေ မှန်တယ်လို့ထင်တယ်။ သူတို့ကမမှန်ကန်ဘူးလို့ ထင်လို့ဖမ်းရင် မှန်မှန်ကန်ကန်နဲ့ အမှုကို တရားရင်ဆိုင်စေချင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့က အပြစ်တစ်စုံတရာ ကျူးလွန်ထားတာ မရှိတဲ့အတွက် အပြစ်မရှိတဲ့ သူတွေကို ပြန်လွတ်ပေးစေချင်တာပေါ့” ဟု ပြောပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မတရားအဖမ်းအဆီးခံရသူ ဦးရေ (၅၀၀) နီးပါး ရောက်ရှိလာခဲ့ပြီဟု ဒေသ သတင်းရင်းမြစ်များက ဆိုထားပါတယ်။

Credit – Photo