• Today is: Tuesday, April 30, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                             (No. 45, June 24, 2022)

၁။ KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို
June 23, 2022
ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ ဇွန်လ ၂၂ရက်နေ့ သေနတ် ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ မည်သည့် နေရာ တွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ၂ နာရီဝန်းကျင် အောင်မြေ ၂ ကျေးရွာ ရပ်ကွက် ၂ တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ဖမ်းဆီးပြီး နေအိမ်တစ်အိမ်တွင် ဝင်နားနေစဉ် ပြည်သူ့စစ် အဖွဲ့မှ လာရောက် ဝန်းရံ ပစ်ခတ်ခဲ့သောကြောင့် KIA အရာရှိတစ်ဦး သေနတ်ထိမှန်ကာ ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်သက် သေ အောင်မြေ ၂ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “KIA အဖွဲ့က မူးယစ်ဆေးရောင်းတဲ့နေရာကနေ လူ ၂ ယောက်ကို ဖမ်းလာတယ်။ လမ်းမှာ တစ်ယောက်က လွတ်သွားတယ်။ အဲ့လွတ်သွားတဲ့သူက အောင်မြေ ၁ မှာရှိတဲ့ ပြည်သူ့စစ် အဖွဲ့ကို သွားတိုင်လိုက်တာ။ KIA ကလည်း နေအိမ်တစ်ခုမှာ ဖမ်းလာတဲ့ တစ်ယောက်ကို စစ်ဆေးတာတွေ လုပ်နေ တဲ့အချိန် ကြားမှာ မိနစ် ၃၀ လောက်ဘဲကွာတယ်။ ခဏဆို ပြည်သူ့စစ်အဖွဲ့က သုံးဘီးကားနဲ့ လာပြီး KIA အဖွဲ့ရှိနေတဲ့ အိမ်ကိုဝိုင်းပြီး သေနတ်တွေနဲ့ အကြီးအကျယ်လာပစ်ပြီလေ။ အဲ့မှာ တစ်ယောက်ထိသွားတယ်။ ဒဏ်ရာရသွားတော့ မပြေးနိုင်တော့ဘူး။ အဲ့မှာ လဲကျသွားတော့ ပြည်သူ့စစ်အဖွဲ့က သယ်သွားတယ်”ဟု ပြောဆိုသည်။

KIA စစ်သားသည် သူ၏ ခြေထောက်တစ်ဖက်နှင့် ဝမ်းဗိုက် တစ်နေရာ စသော ၂ နေရာတွင် ပြင်းထန်စွာဒဏ်ရာရှိခဲ့ သဖြင့် လက်ရှိတွင် အသက်သေဆုံးမှု ပိုမိုများနိုင်ကြောင်း သူကယခုလို ဆက်လက်ပြောဆိုထားသည်။ “သေနတ်ထိမှန်ပြီး ပြည်သူ့စစ်က ဖမ်းသွားတဲ့သူက သေသွားပြီလို့ပြောလို့ရတယ်။ အသက်ရှင်ဖို့ အလားအလာမရှိနိုင်လောက် တော့ဘူး။ ဘာလို့လဲ ဆိုတော့ သေနတ်မှန်ပြီး လှဲကျသွားတဲ့အချိန် သွေးတွေအများကြီးမြင်ရတယ်။ အဲ့မှာတောင် သူသတိမရတော့ဘူး။ ပြီးရင် ပြည်သူ့စစ်အဖွဲ့က သေနတ်တွေနဲ့ ပြန်ရိုက်နက်။ ဘာသတိမရတော့ဘူး။ ဆိုင်ကယ်နဲ့ သယ်သွားကြတယ်”ဟုပြောဆို သည်။ အဆိုပါ KIA အဖွဲ့မှ ဖမ်းဆီးသွားသော မူးယစ်ဆေးဝါးရောင်းချသူ ၂ဦးသည် ပြည်သူ့စစ်အဖွဲ့နှင့် ဆက်စပ်သူများဖြစကြပြီး ဖမ်းဆီးသွားသော ၂ ဦးအနက်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည့်အတွက်ကြောင့် ပြည်သူ့စစ်အဖွဲ့ကို သွားရောက်တိုင် တန်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဘက်မှ စစ်အင်အား ၁၀ ဦးကျော်ခန့် အပါ KIA ရှိနေသည့် နေအိမ်အတွင်းသို့ ဝိုင်းရံပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ https://burmese.kachinnews.com/2022/06/23/jun23-yl2/

၂။ SSPP/SSA ပြောရေးဆိုခွင့်ရှိသူတစ်ဦး ကွယ်လွန်
June 23, 2022
သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန် သွားကြောင်း သတင်းသိရသည်။ SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ဗိုလ်မှူးသန်းအောင်သည် (ဇွန် ၂၂)ရက် ညပိုင်းတွင် ဗဟိုဌာနချုပ်၌ ကွယ်လွန်သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရသည်။ “ ဟုတ်ပါတယ်။ သူကွယ်လွန်သွားပြီ။ မနက်ဖန် သူ့ရုပ်အလောင်းကို သဂြိုလ်မယ်” ဟု SSPP/SSA နီးစပ်သည့် သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဗိုလ်မှူး သန်းအောင်သည် SSPP/SSA ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် ပါတီတပ်ဖွဲ့၏ ဗဟိုဌာနချုပ်မှ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်မှူးစိုင်းသန်းအောင်၏ ကြွင်းကျန်ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ် ကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/28754

၃။ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အများစု ကာကွယ်ဆေးထိုးနှံမှု မရကြသေးသည့်အတွက် ရောဂါကူးစက်ဖြစ်ပွား မည်ကို စိုးရိမ်နေ
June 24, 2022
စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစနှင့် တစ်နှစ်အောက် ကလေးငယ်များအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံကြရမည့် ကာကွယ်ဆေးများကို အများစု မရကြသေးသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ကလေးမိခင် များက ပြောသည်။ ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မေးခိုင်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံရသလို မွေးကင်းစနှင့် အသက် ၁ နှစ်ခွဲ ကလေးငယ်များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကာကွယ်ဆေးအမျိုးအစား အလိုက် ထိုးနှံကြ ရမည်ဖြစ်သော်လည်း အများစုမှာ ကာကွယ်ဆေးမရကြသေးဟု သိရှိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်နေ စောဖိုးမူးက “ မိန်းမကိုယ်ဝန်စရကတည်းက ကာကွယ်ဆေးမရခဲ့ဘူး။ ကလေး ၁၁ လရှိပြီး ခုထိကလေးရော မထိုးရသေးဘူး။ ရွာက အစိုးရ ဆေးခန်းမှာလည်း ဆေးမလုံလောက်လို့ ပြန်လာခဲ့ရတယ်။ အများစုက ခုချိန်ထိ ကိုယ်ဝန်သည်ရော ကလေးရော မထိုးနှံကြ သေးဘူးပေါ့နော်။ ခုခေတ်က ရောဂါကပေါများတာနဲ့ ကလေးအတွက် စိုးရိမ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

မြို့နယ်အသီးသီးရှိ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနဆေးခန်းများတွင် ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က ကိုယ်ဝန်ဆောင်သည်များနှင့် ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသော်လည်း ဌာနေဒေသများရှိ ကျေးလက် ဆေးခန်းများတွင် ဆေးဝါးလုံလောက်မှုမရှိသည့်အတွက် ဒေသခံအများစု ကာကွယ်ဆေးမထိုးနှံခဲ့ကြရကြောင်း ကလေးမိခင် များထံမှသိရသည်။ “ သမီးကိုယ်ဝန်ဆောင်မှာ တစ်ခါမှမထိုးဖြစ်ဘူး။ ကလေး ၁ နှစ်ပြည့်ခါနီးမှ ကာကွယ်ဆေး ခုတစ်ကြိမ်ပဲ ရသေးတယ်။ သွားရလည်းဝေးတယ်။ တစ်ခါတစ်လေ ထိုးနေမှန်းလည်း မသိခဲ့ရဘူး။ ဘယ်သူမှလည်း မပြော ပြဘူး။ အရင်က ရွာအထိ ဆင်းထိုး ပေးတယ်လေ။ ဆေးရုံမှာ ထိုးပေးတယ်ပြောတယ်။ ဝေးတော့လည်း သွားရအဆင်မပြေဘူး။ ပုံမှန်ဆို ၅ ကြိမ်၊ ၆ ကြိမ်ထိုးရမယ့်ဟာကို ခုမှတစ်ကြိမ်ရတယ်ဆိုတော့ ကလေးအတွက် စိတ်ပူတယ်ပေါနော်” ဟု ဝင်းရော် ဒေသမှ နော်မူမူ က ကေအိုင်စီသို့ပြောသည်။ ကာကွယ်ဆေးထိုးနှံမှုကို လာမည် ဇူလိုင် ၁ဝ ရက်နေ့တွင် မြို့နယ်နှင့် ကျေးလက် ကျန်းမာရေးဌာန အသီးသီးရှိ ဆေးခန်းများတွင် ကာကွယ် ဆေးထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ထမ်းများအား အသိပေးထားသော်လည်း ဆေးမထိုးနှံရသေးသည့် ဦးရေများသည့်အတွက် ဆေးလုံလောက်မှု မရှိမည်ကို ကလေးမိခင်များက စိုးရိမ်နေလျက်ရှိသည်။

၄။ KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ
24 June 2022
KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်မြို့တွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနာသူ ယခုလ အတွင်း စုစုပေါင်း ၄၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလ စစ်ရှောင်စခန်းများနှင့် ကျေးရွာအချို့တွင် ငှက်ဖျားရောဂါပိုး ကူးစက် ဖျားနာသူ များပြားလာခြင်းကြောင့် ငှက်ဖျားပိုး စစ်ဆေးမှုနှင့် ဆေးရည်စိမ်ခြင်ထောင်များ အသုံးပြုနိုင်ရန် လုပ်ဆောင်နေ ကြောင်း ဗန်းမော်မြို့ ကျန်းမာရေးဌာနမှ Dr. Lahtaw Zau Gam KNG ကို ပြောသည်။ “အရင်နှစ် မိုးရာသီက ငှက်ဖျားဖြစ်တဲ့သူ မရှိသလောက်ပဲ။ ဒီနှစ်လယ်လောက်မှ ဖျားတဲ့သူ ၄၀ ကျော် တွေ့ တယ်။ ကျနော်တို့ စစ်ရှောင်စခန်းအချို့တွေမှာ ငှက်ဖျားဖြစ် တဲ့သူ ၂-၃ ယောက်ကို တွေ့တယ်။ ဒါကြောင့် စစ်ရှောင်စခန်းက သူတွေ အားလုံးကို ငှက်ဖျားပိုး ရှိမရှိ စစ်ပေးတယ်။ ဆေးရည် စိမ်ခြင်ထောင်တွေကို အသုံးပြုဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။

ဗန်းမော်မြို့နယ် လနာဇွပ်ဂျာ ၊ဘွမ်စစ် ၊မိုင်ဘတ် ကျေးရွာ ၊ကောင်းဂျာကျေးရွာ နှင့် အင်ဘာပါ နင်းထောန်ဟူးနာပါ ကျေးရွာ များရှိ ဒေသခံပြည်သူများတွင်လည်း ငှက်ဖျားရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ငှက်ဖျားရောဂါကြောင့် ဖျားနာသူများတွင် အသက် ၁ နှစ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြောင်း သိရသည်။ လက်တလော ငှက်ဖျားရောဂါ ကူးစက်ဖျားနာသူများကို ဗန်းမော် KIO ကျန်းမာရေးဌာနမှ ဆေးကုသပေး နေပြီး စစ်ရှောင်စခန်းများ နှင့် ကျေးရွာများတွင် ကျန်းမာရေး ဆေးရည်စိမ်ခြင်ထောင်များ အသုံးပြုရန် လိုက်လံ ပေးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ “ငှက်ဖျားရှိမရှိ စစ်ပြီး ဖျားတဲ့သူတွေကို ကျနော်တို့ ကောင်းကောင်း ဂရုစိုက်ဆေးကုသပေးမှာဖြစ်တယ်။ မဖြစ်တဲ့ သူတွေကို လည်း ငှက်ဖျား ကာကွယ်ရေးနဲ့ဆိုင်တဲ့ အသိပညာပေးတွေ လုပ်ဆောင်နေတယ်။ ဆေးခြင်ထောင်တွေကိုလည်း ပေးသွားဖို့ လုပ်နေပါတယ်” ဟု Dr. Lahtaw Zau Gam က KNG ကချင်သတင်းဌာနကို ဆိုသည်။ https://burmese.kachinnew s.com/2022/06/24/jun24-lp1/

၅။ ဆီဆိုင်စစ်ဘေးရှောင် ကလေးငယ်များ ရာသီတုပ်ကွေးဖြစ်ပွားနေ
June 24, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ထဲတွင် ယခုရက်ပိုင်း ကလေးငယ်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ ကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာတွင် ခိုလှုံလာသော ကရင်နီပြည်မှ ထွက်ပြေးတိမ်း ရှောင် လာသည့် စစ်ရှောင် ၃၀၀ ကျော်ရှိရာ လက်ရှိမှာ ရာသီတုပ်ကွေးများဖြစ်ပွားနေပြီး၊ ထိုထဲတွင် ကလေးငယ် အများအပြားဖြစ်နေ ကြောင်း စစ်ရှောင်ကူညီပေးသူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ကလေးတွေအဖြစ်များတယ်။ ကလေးငယ် ၁၀ နှစ်သားအောက်တွေ ချောင်းဆိုး ၊ဝမ်းလျှော၊ ဖျားနာနေတာတော့ ၄ ယောက် ရှိတယ်။ ဝမ်းပျက် ဝမ်းနာ ၂ ယောက်ရှိတယ်။ ဆီဆိုင် ကြက်ခြေနီအဖွဲ့တွေကတော့ နှစ်ပတ် တစ်ခါတော့ လာကြည့်ပေးတယ်“ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများသည် လက်ရှိမှာ စားနပ်ရိက္ခာများနှင့်အစာအာဟာရများလိုအပ်နေကြောင်း၊ စစ်ရှောင် လာရောက် ကူညီသူများကလည်း ယခင်ထက်နည်းပါးလာကြောင်း သိရသည်။ “တချို့ကပြန်သွားကြတာ ထောက်ပံ့ပေးတဲ့သူလည်း မရှိသ လောက်နည်းပါးနေပြီ ။ တချို့နေရာဆိုလည်း လုံးလုံးကို မရှိတော့ဘူး ဒီဆီဆိုင်ဘက်က စစ်ဘေးရှောင်တွေ များတယ်။ မိုးဗြဲ ၊ဖယ်ခုံ ဘက်မှာကော အခုလို ကူညီပံ့ပိုး မရတော့တဲ့ စစ်ဘေးရှောင်အများကြီး ရှိနေသေးတယ်”ဟု ၎င်းက ဆက်ပြောသည်။ ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ (၈,၀၀၀) ဝန်းကျင်လောက်ရှိနေသေးကြောင်း မိုးရာသီရောက်ရှိလာသဖြင့် မိုးကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။ https://burmese.shannews.org /archives/28772

၆။ ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက် လွှဲပြောင်းပေး
24 June, 2022
ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တောင်ပြိုလက်ဝဲ ချစ်ကြည်ရေး တံတားမှတဆင့် ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲလောက်က မြန်မာပြည်ကို တရားဝင်လွှဲပြောင်းလိုက်ပြီး ကျီးကန်းပြင်ဌာနချုပ်မှာ နယ်ခြားစောင့်တပ်က စစ်ဆေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။ “သူတို့ကို မနေ့ကညမှာ ဘင်္ဂလားက တရားဝင်လွှဲပေးလာတယ်။ အခုတော့ ကျီးကန်းပြင်ဌာနချုပ်မှာ နယ်ခြားစောင့်နဲ့ စစ်တပ်က စစ်ဆေးမေးမြန်နေပါတယ်။ ဘယ် အချိန် မိဘလက်ထဲ ပြန်လွှဲမလဲ မသိရသေးပါ” လို့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။ ပြန်ပေးဆွဲခံ ထားရတဲ့ ဆရာနဲ့ ဆရာမတို့နှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်တဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ ပြန်ပေးဆွဲအဖွဲ့က တောင်းခံထားတဲ့ မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန် ၂၂ ရက်မှာ အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနဲ့ ဆရာမနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ) Kharang Khali (ရခိုင်) ကျေးရွာအနီးမှာ လွှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ RAB အဖွဲ့က စစ်ဆေးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဇွန် ၂၃ ရက်က ပြန်လွတ်လာတဲ့ ပညာရေးဝန်ထမ်း ၂ ဦးကို ခြံချောင်းကျေးရွာကနေ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ငါးခူရ ကျေးရွာသား ၂ ယောက်နဲ့ လက်ခံထားတဲ့ အိမ်ရှင်ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးစစ်ဆေးနေတုန်းလို့ ဘင်္ဂလားဒေ့ရှ် ဘက်ရောက် ရခိုင်အမျိုးသားတဦးက ပြောပါတယ်။ “မနေ့က သူတို့ကိုလာခေါ်တဲ့ မြန်မာဘက်က ၂ ယောက်နဲ့ အတည်းခံတဲ့ အိမ်ရှင်ကိုတော့ မလွှတ်သေးပါဘူး။ BGB ကစစ်ဆေးနေတုန်းပါ။” သူတို့ဟာ ခြံချောင်းကျေးရွာ ဘုန်းကြီးကျောင်း ဆရာတော်ရဲ့ အကူအညီနဲ့ အဲဒီကျေးရွာနေ ဦးကျော်ကျော်ရဲ့ နေအိမ်မှာ ခေတ္တနေထိုင်ခဲ့ကြတာလို့ ဆိုပါတယ်။ ဇွန် ၂၃ ရက် ညမှာတော့ ပညာရေးဝန်ထမ်း ၂ ယောက်ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်မှာ ကော့ဇ်ဘဇားမြို့အခြေစိုက် အမှတ် ၃၄ BGB နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ နယ်ခြား စောင့်ရဲတပ်ဖွဲ့ထံ လာရောက်လွှဲပြောင်းအပ်နှံခဲ့တာပါ။ http://burmese.dvb.no/archives/540148

၇။ ဘီးလင်းရှိ စစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
June 24, 2022
ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားသော လေးကေ စစ်ကောင်စီ စခန်းအား နယ်မြေခံ KNDO/KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၂ ရက်တွင် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း Black Warriors Force အဖွဲ့က ယနေ့ သတင်းထုတ်ပြန်လာသည်။ အဆိုပါ တိုက်ခိုက်မှုအား ပြီးခဲ့သည့် ဇွန် ၂၂ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) နှင့် Black Warriors Force (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်က ထိခိုက်မှုများ ရှိပြီးနောက် ပြည်သူလူထုများ နေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မင်းစောကျေးရွာမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၏ ညာဘက်ခြေခုံ လက်နက် ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ် ပြန်ထားသည်။

၈။ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲပြန်ဖြစ်မည်ကို ပြည်သူများ စိုးရိမ်နေ
24 June, 2022
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (အေအေ) တို့ သူ့လူကိုယ့်လူ အပြန်အလှန် ဖမ်းဆီးတာတွေနဲ့ စစ်ရေး အခြေအနေ မတည်ငြိမ်တာကြောင့် စစ်ပွဲတွေပြန်ဖြစ်လာမှာကို ရခိုင်ပြည်သူတွေကြားမှာ စိုးရိမ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ အေအေအဖွဲ့တို့ အပြန်အလှန် ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာပါ။ စစ်ကောင်စီတပ်တွေက အေအေနဲ့ နီးစပ်သူတွေ၊ ရခိုင်နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ လုပ်နေသလို အေအေဘက် ကလည်း ဇွန် ၂၃ ရက်က စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် အရာရှိကို စစ်တွေမှာ ဖမ်းဆီးခဲ့သလို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ဝန်းကျင်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေမှာ ဖမ်းဆီးထားပါတယ်။ စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ်အတွင်း မြို့အဝင်အထွက်တွေ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးတာတွေ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပညာရေးဝန်ထမ်း တွေကို ပြန်ပေးဆွဲတာတွေကြောင့် ရခိုင်ပြည်သူတွေရဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေဟာ ဆိုးရွားလာတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့ တွေကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတပြည်လုံးအတိုင်းအတာနဲ့မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ရခိုင့်တပ်တော် (အေအေ) ကတော့ ရခိုင်ပြည်နယ်မှာ အခြေအနေဆိုးတွေ မကြုံရအောင် အတိုင်းအတာတခုအထိ ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ရက်စက်အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်ဟာလည်း စစ်ဘေးကနေရှောင်နေလို့မရတဲ့ အခြေ အနေ ဖြစ်လာလိမ့်မယ်လို့ လေ့လာသူတယောက်က သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ် နဲ့ အေအေက သူ့လူကိုယ့်လူ အပြန်အလှန် ဖမ်းဆီးနေတာနဲ့ စစ်ရေးမတည်ငြိမ်တာတွေကြောင့် ရခိုင်ပြည်သူတွေဟာ ကျီးလန့် စာစား ဖြစ်လာရတယ်လို့ ကျောက်တော်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။ စားနပ်ရိက္ခာရှားပါးတာ၊ ရာသီဥတု ဆိုးရွားတာတွေကြောင့် ရေရှည်မှာ စစ်ဘေးရှောင်အရေ အတွက်က ပိုများလာဖို့ပဲရှိတယ်လို့ ဆိုပါတယ်။ ရခိုင့်တပ်တော် အေအေက သူတို့ရဲ့ ရက္ခိတလမ်းစဉ်ကို အားစိုက်အကောင် အထည်ဖော်နေပြီး ဒီအခြေအနေအတိုင်းဆိုရင် မကြာခင်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆင်နွှဲလာရလိမ့်မယ်လို့ လေ့လာသူ တွေက ခန့်မှန်းထားပါတယ်။ http://burmese.dvb.no/archives/540185

၉။ လွိုင်ကော် ပြည်နယ်ရဲရုံးရှေ့ ပြည်သူတစ်ဦး သေနတ်ဖြင့်ပစ်ခံရ
June 24, 2022
ယမန်နေ့ (ဇွန်လ ၂၃ ရက်) ညနေ ၇ နာရီခွဲဝန်းကျင်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ပြည်နယ် ရဲရုံး အနီးမှာ ပြည်သူတစ်ဦးကို ရဲကင်းကနေ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဘယ်ဖက်ခြေဒူးခေါင်း ကျည် ထိမှန်ပြီး ဒဏ်ရာသွား ခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတ လူမှုကူညီရေးဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မနေ့ညက ဖြစ်တဲ့နေရာတွေက အသွားအလာ တော်တော်လေးပါးတဲ့ နေရာတွေပေါ့။ အဲဖက်က တော်ရုံမသွားကြဘူးလေ။ အဲချိန်မှာ သူက ဖြစ်ချင်တော့ ရဲစခန်းရှေ့မှာ ကင်းတွေရှိတယ်လေ။ ဖြစ်ချင်တော့ သူကအဲမှာ နဲနဲလောက် သောက်ထားတယ်ထင်တယ်။ ဘေးကအုတ်ခုံကို ဝင်တိုက်မိတော့ အဲမှာရဲတွေက သူ့ကိုတားတော့ သူလည်း နဲနဲ နားလေးနေတယ်။ ဆိုတော့ တားတာကို မရပ်ဘူး မရပ်ဘဲ ဆက်မောင်းနေတော့ နောက်ကနေပစ်တာလို့ပဲ ကျတော်တို့က သိရတယ်ဗျ။” လို့ ရွှေလွိုင်ကော် ပရဟိတ လူမှုကူညီရေးဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သေနတ်ကျည်ဆံ ၁၀ချက်ဝန်းကျင် ပစ်ခတ်ခံရတာဖြစ်ပြီး ခြေတောက်ကို ကျည်တစ်တောင့် ထိမိသွားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လွိုင်ကော်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေတယ်လို့ သူက ဆက်ပြော ပါတယ်။ ဒဏ်ရာရခဲ့တဲ့ သူဟာ နေအိမ်ဖြစ်တဲ့ နောင်ယား (က) ရပ်ကွက်ကို ပြန်တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ မှာ စစ်ကောင်စီ ဖက်က လွိုင်ကော်မြို့အတွင်း ညနေ ၈ နာရီမှ မနက် ၄ နာရီအတွင်း မာရှယ်လော ( Martial Law ) ထုတ်ထား တာဖြစ်ပြီး အမိန့်မလိုက် နာတဲ့ သူတွေကို အရေးယူတာတွေ မသိရပေမယ့် ပစ်ခတ်နေတာတော့ အမြဲတမ်းလိုလိုရှိနေတယ်လို့ ဒေသခံတစ်ဦး ကပြောပါ တယ်။ မည်သည့်အချိန်က မည်သည့်ရပ်ကွက်တွေကို မာရှယ်လော ထုတ်ထားတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။ ကရင်နီပြည်မှာ ဇွန်လ (၆) ရက်မှ (၁၉) ရက်အတွင်း အပြစ်မဲ့ပြည်သူ (၅) ဦး သတ် ဖြတ်ခံရပြီး၊ ထိခိုက်ဒဏ်ရာရသူ (၁၂ ) ဦး ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇွန်လ ၂၃ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

၁၀။ ဟိုပုံး- ပင်လုံ လမ်းပိုင်းတိုင်းရင်းသား လက်နက်ကိုင်များလှုပ်ရှားမှုရှိ
June 24, 2022
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ နှင့် ပင်လုံမြို့ကို ဆက်သွယ်ထားသော လမ်းမကြီး တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေကြောင်း သတင်းသိရသည်။ လက်ရှိတွင် အဆိုပါ လမ်းကြောင်းရှိ ပွန်ချောင်း မရောက် ခင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့မှ နေရာယူပြီး ၊ ထိုအနီးဝန်းကျင်တွင် ပအိုဝ်း ပြည်သူ့စစ် (PNO) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ သွားလာလှုပ် ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။ “PNO/PNA ရဲ့ စစ်ဆေးရေးဂိတ်ရှိတဲ့ နေရာဟောင်းနဲ့ နီးတယ်၊ အခုအဲ့အနားမှာ SSPP/SSA တပ်ဖွဲ့က တပ်စွဲ သွား လာလှုပ်ရှားနေတယ်၊ သူတို့နဲ့ သိပ်မဝေးတဲ့ ဟိုဘက်ရွာမှာကျတော့ PNO/PNA နဲ့ RCSS/SSA တို့ကရှိနေတယ်” ဟု အသက် ၃၀ ဝန်းကျင် ကျောက်တန်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ အနီးပတ်ဝန်းကျင် သည် PNO/PNA တပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် နှင့် သွားလာလှုပ်ရှားသည့် နယ်မြေ ဟောင်းဖြစ်သည့်အပြင် SSPP/SSA တပ်ဖွဲ့တို့မှ အင်အားဖြည့်တင်းနေရာ ယူမှုရှိလာပြီးသည့်နောက် ပွန်ချောင်း၏ အနောက်ဘက်ရှိ ယွုတ်ကျေးရွာဘက်သို့ ပြောင်းရွှေ့နေရာယူထားကြောင်းလည်း သိရသည်။

ထို့အပြင် ကျောက်တန်းအုပ်စု ဟွေးလုံရွာ၊ ဟိုဟွေးရွာတို့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/ SSA) တပ်ဖွဲ့ ရှိပြီး ထိုရွာအနီးရှိ ယွုတ်ရွာတို့တွင် PNO/PNA တပ်ဖွဲ့များက နေရာယူထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “တစ်ဖွဲ့နဲ့ တစ်ဖွဲ့နေရာယူထားတာ အရမ်းကို နီးပါတယ်၊ လမ်းလျှောက်ရင်တောင် နှစ်နာရီကျော်လောက်ပဲ ကြာမယ့်နေရာတွေပေါ့၊ အခုမှာ ဘာမှ မဖြစ်ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆိုတော့လည်း ကျနော်တို့ က စိုးရိမ်ရတယ်၊ ကြောက်ရတယ်ပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။ “တိုက်ပွဲဖြစ်တာမကောင်း ဘူးလေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ များလာတဲ့အခါတော့ ထိတွေ့မှုမဖြစ်အောင် ကြည့်ထိန်းတယ်၊ အခုထိလည်း နယ်မြေ အတွင်းမှာက အေးဆေးပါပဲ၊ ဒါပေမယ့် သျှမ်းတပ်ဖွဲ့နှစ်ဖွဲ့က ဒီနယ်မြေ ဒီဒေသအတွင်းမှာ ဘယ်လိုလှုပ်ရှားမှုရှိမယ်၊ အင်အား ဘယ်လောက်ဝင်လာတယ်ဆိုတာတော့ ကျနော်တို့ မသိရဘူး” ဟု ဗိုလ်မှူးကြီးဇော်ပျံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။ https://burmese.shannews.org/archives/28781

၁၁။ စိုက်ပျိုးရေးမလုပ်နိုင်တဲ့ ဖရူဆိုမြို့နယ် ဘက်က စစ်ရှောင်တွေ ရေရှည် စားနပ်ရိက္ခာ အတွက် စိုးရိမ်
June 23, 2022
ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေဟာ စိုက်ပျိုးရာသီမှာ ပြန်လည် မစိုက်ပျိုးနိုင်တဲ့အတွက် ရေရှည်စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်နေရပါတယ်။ စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေဟာ စစ်ကောင်စီ အခြေစိုက်တပ်တွေနဲ့ နီးကပ်နေတာတွေ၊ စစ်ရှောင်တဲ့ နေရာအနီးတဝိုက်မှာ စိုက်ပျိုးရေး လုပ်ဖို့ နေရာမရှိတာတွေ ကြောင့် စိုက်ပျိုးခွင့်မရကြဘူးလို့ စစ်ရှောင် တစ်ဦးကပြောပါတယ်။ “ တောင်ယာ ပြန်လုပ်ခွင့်တော့ အဲ့ဒါက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လုံခြုံရေးနဲ့ ကိုယ်သွားလာနေရတယ်။ လုပ်ခွင့်တော့ ၃ ပုံမှာ ၁ပုံလောက်ပဲ လုပ်နိုင်တော့တယ်။ ကျမတို့ရွာဆိုရင် တပ်နဲ့နီး တယ်လေ။ ၄၂၈ နဲ့ ၅၃၁ ။ ဟိုဖက်ခြမ်း ဒီဖက်ခြမ်း တောင်ပဲ ခြားနေတော့ မြေကွက်တွေ ခြံကွက်တွေ တော်တော်များများက မလုံခြုံတဲ့ နေရာဖြစ်နေတော့ လုံးလုံး ခြံမလုပ်နိုင်တဲ့ မိသားစုတွေရှိတယ်။ နည်းနည်းပါးပါး မြေပဲ လား။ စပါး အမျိုးလား။ အဲ့လောက်ပဲ ပြန်လုပ်နိုင်တယ်။ တော်တော်များများက အဲ့လိုပဲ။ဥပမာ ခါတိုင်းနှစ်ဆို ပြောင်းကောက်တို့ ၊ ပြောင်းဖူးတို့၊ မြေပဲ ဆို ပိုလျှံတဲ့ဟာ ရောင်းဖို့အတွက် လုပ်နိုင်ပေမယ့် ဒီနှစ်တော့ သုံးပုံမှာ တစ်ပုံပဲ လုပ်နိုင်တယ်ပေါ့။ “ လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လမ်းခရီးမှာလည်း စစ်ကောင်စီတပ် တွေရှိ နေတာကြောင့် အလှူရှင်တွေလာရောက်ဖို့ ခက်ခဲနေပါတယ်။ စစ်ရှောင်တွေကို လာရောက်ထောက်ပံ့တဲ့ အလှူရှင် တွေက နည်းပါးတဲ့အတွက် တစ်လကို လူတစ်ဦးအတွက် ဆန်သုံးပြည်သာရရှိကြပါတယ်။ ဆန်သုံးပြည်ဟာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်သာ တစ်လစာ ဖူလုံပြီး သာမာန်လူတစ်ယောက်အတွက် မလုံလောက်နိုင်ဘူးလို့ ဆိုပါတယ်။ “ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ သိုလှောင်နိုင်တဲ့ အတိုင်းအတာနဲ့ ငွေကြေးပမာဏနဲ့ ကျနော်တို့ ဝယ်နိုင်တဲ့ အတိုင်း အတာက တစ်လ၊ နှစ်လပဲ ဒီထက်ပို မရှိနိုင်ဘူး။ အခုကျနော်တို့ ဆီမှာ အရန် စားနပ်ရိက္ခာ ဘယ်လောက် သိုလှောင်နိုင်လဲဆိုရင် ကျနော်တို့ရဲ့ မှတ်တမ်းအရ အခြား အစုအဖွဲ့ မှတ်တမ်းအရ ကြည့်မယ်ဆိုရင် တစ်လစာပဲရှိတယ်။ တစ်လစာ တစ်လစာပဲ ရှိတယ်။ “ လို့ ဦးဗညားက ပြောပါတယ်။ စစ်ဘေးရှောင်အများစုဟာ တောတောင်ထဲ စစ်ရှောင်ရပြီး လက်ရှိအချိန်အထိ နေရပ် ပြန်နိုင်တဲ့လူဦးရေ နည်းပါးနေပါတယ်။ စစ်ကောင်စီက ဆန်ကို သယ်ယူဖို့ ကန့်သတ်ထားတာတွေရှိတဲ့အတွက် အလှူရှင်တွေ ကနေ စစ်ရှောင်ပြည်သူတွေ ဆီကို ရိက္ခာတွေပို့ဆောင်ပေးဖို့ အတွက်လည်း အခက်ခဲရှိနေပါတယ်။

၁၂။ သီပေါမြို့နယ် နားမွန်းကျေးရွာနေ သျှမ်းအမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ
June 23, 2022
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမွန်းကျေးရွာနေ သျှမ်းအမျိုးသမီးငယ်တစ်ဦးသည် တလနီးပါး အဆက် အသွယ်မရ ပျောက်ဆုံးနေသည့်အတွက် မိဘများက စိတ်ပူနေကြောင်း သတင်းသိရသည်။ ဇွန်လ ၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားပြီး ယနေ့အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် သီပေါမြို့ နားမွန်းကျေးရွာမှ အသက် ၁၉ နှစ် အရွယ် နန်းအောင်ခမ်းသည် ရောက်ရာအရပ်မှ ပြန်လာရန် မိဘများက တောင်းဆိုထားသည်။ “အိမ်ကနေသူငယ်ချင်းနဲ့ မြို့ထဲ သွားလည်မယ်လို့ ပြောပြီးထွက်သွားတာပါ၊ အဲ့နေ့ ဇွန် ၂ ရက်နေ့ ညနေအထိ အိမ်မရောက်သေးလို့ ကျနော်ဖုန်းဆက်ကြည့် တော့ လားရှိုးရောက်နေပြီ၊ ဒီက စားသောက်ဆိုင်မှာ အလုပ်လုပ်မယ် ဆိုပြီးတော့ပဲ သိရတယ်၊ ကျန်တာကျနော်တို့ကို ဘာမှ မပြောဘူး၊ ဒီနောက်ပိုင်းလည်း ဘာအဆက်အသွယ်မှ ထပ်မရတော့ဘူး” ဟု နန်းအောင်ခမ်း၏ ဖခင်ဖြစ်သူ လုံးအောင်လှ က သျှမ်းသံတော်ဆင့်ကို ပြောသည်။ နန်းအောင်ခမ်းသည် လုံးအောင်လှ နှင့် ပါခမ်းအိမ်တို့၏ အကြီးဆုံး သမီးဖြစ်ပြီး မွေးချင်း မောင်နှမ စုစုပေါင်း ၇ ယောက်ရှိကြောင်းလည်း သတင်းသိရသည်။

လက်ရှိတွင် အဆက်အသွယ်မရပျောက်ဆုံးနေသည့်အတွက် မသမာလူတစ်စုနှင့်တွေ့ပြီး အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေ ကြောင်းနှင့် မသင့်တော်သည့် နေရာရောက်သွားမည်ကို စိုးရိမ်နေကြကြောင်း မိဘများက ပြောဆို ထားသည်။ “မိန်းကလေး မို့ အရာရာကို စိတ်ပူရပါတယ်၊ မကောင်းတဲ့သူနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ၊ အခုက အဆက်အသွယ် လည်း မရတော့ ဘယ်ကနေ ဘယ်လိုလိုက်ရမှန်းမသိဘူး၊ သူ့ကို အိမ်ပြန်လာစေချင်ပါတယ်” ဟု အဖေဖြစ်သူက ဆက်လက်ပြောဆိုထားသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း ကွတ်ခိုင်မြို့မှာပင် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည် ဖြစ်စဥ်များ ဖြစ်ပွားခဲ့ဖူးသည်။ https:// burmese.shannews.org/archives/28757

၁၃။ ဘီးလင်း NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး
June 23, 2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပေါ်ခီးကျေးရွာအနီးမှာ ဇွန် ၂၂ ရက်က မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း အပါ အဝင် လေးဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးသေဆုံးသွားတယ်လို့ ဘီးလင်းမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ “ပေါ်ခီးကျေးရွာနားမှာ သူတို့က လယ်ကတဲရွာဘက်ကို သွားတဲ့ အချိန်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာနဲ့ဆုံတော့ သူတို့က လူလေးယောက်၊ အဲဒါကို ပစ်ခတ်ပြီး ဖမ်းဆီးတဲ့ အချိန်မှာ အခုလက်ရှိ ဦးကျော်မျိုးမင်းနဲ့ နောက်နှစ်ယောက်က အဖမ်းဆီးခံလိုက်ရတယ်။ ရွာသားတစ်ယောက်ကတော့ အပစ်ခံရပြီး ဆုံးသွားတယ်“ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ရပ်ကျေးပါတီဝင်တွေဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသားတစ်ဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့အတူ လယ်ကတဲကျေးရွာဘက်ကို သွားရာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူ သုံးဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့ သူက ဆက်ပြောပါ တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ အာဏာ သိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (က) အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/nld-chair man-arrested-in-bilin-06232022054544.html

၁၄။ လားရှိုးမြို့နယ် လူငယ် ၂၀ ကျော်ဖမ်းဆီးခံရ၊ ထောက်ပို့နှင့် အလှူငွေကောက်ခံသူများ ပိုမိုခက်ခဲလာ
June 23, 2022
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် နှစ်ရက်အတွင်း လူငယ် အယောက် ၂၀ ကျော် ဖမ်းဆီးခံရသည့်အပြင် PDF များအတွက် ထောက်ပို့လုပ်ငန်းနှင့် အလှူငွေကောက်ခံသူများ ပိုမိုခက်ခဲလာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်တွင် စစ်ကောင်စီမှ လားရှိုးမြို့ပေါ်နေ အမျိုးသား ၂၀ ဦးကိုဖမ်းဆီးခဲ့ပြီး၊ ထိုထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို မွေးနေ့ဆုတောင်းပိုစ့်တင်ပေးသည့် လူငယ် တစ်ဦးလည်း ပါဝင်ကြောင်း လားရှိုးမြို့ခံတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ဖုန်းပါမိထားတဲ့လူငယ်တွေကို ဖုန်းထဲစစ်ကြည့်ပြီး NUG တို့ PDF တို့အတွက် အလှူငွေတွေကောက်ခံတာ တော် လှန်ရေးနဲ့ ပက်သက်တာတွေ့ရင် စစ်ကြောရေးကို ပို့တယ်၊ တချို့လူငယ်တွေကျတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ်ပေးတာ ရှိပါတယ်” ဟု ၎င်းမြို့ခံ ကဆိုသည်။ ထို့အပြင် စစ်ကောင်စီတို့သည် ၎င်းတို့ ဝင်ဖမ်းသည့် နေအိမ်မှ လူငယ်ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်မှု များ ရှိပါက ဆိုးကျိုးဆက်ရှိလာသည့် ပြောဆိုခြိမ်းခြောက်မှုများလည်း ရှိကြောင်းသိရသည်။

လက်ရှိဖမ်းဆီးခံထားရသည့် လူငယ်များ၏ဖုန်းများမှတစ်ဆင့် တခြားလူငယ်များနှင့်အချိတ်အဆက်တို့ကို စစ်ကောင်စီ တို့မှ သိရှိသည့်အတွက် တော်လှန်ရေးအတွက် ထောက်ပို့နှင့် အလှူငွေကောက်ခံပေးနေသူများလည်း လှုပ်ရှားရခက်ခဲသွား ကြောင်း ထောက်ပို့လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပထမဆုံးအခက်အခဲက အလှူခံရခက်ခဲလာတယ်၊ တော်လှန်ရေးအတွက် အလှူခံပေးနေတယ်ဆိုပေမဲ့ မိသားစု တွေကိုလည်း ငဲ့နေကြရတယ်၊ သူတို့ထိခိုက်မှာတွေ နေအိမ်ကို ချိတ်ပိတ်တာတွေကိုလည်း ရှောင်ရတယ်၊ ဒါကို အခွင့်ကောင်းယူပြီး လုပ်စားတဲ့သူလည်းရှိလာတော့ အလှူထည့်တဲ့သူတွေနည်း လာတယ်လေ” ဟု အထက်ပါ ထောက်ပို့က ပြောသည်။ အာဏာသိမ်း စစ်ကောင်စီတို့သည် ၎င်းတို့ကို တော်လှန်တိုက်ခိုက် နေသည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ များကို နှိမ်နင်းနိုင်ခြင်းသော်လည်း မြို့ပေါ်လှုပ်ရှားသည့် ထောက်ပို့များနှင့် အလှူငွေကောက်ခံ ကူညီနေသူများကို ဒလန်သတင်းပေးမှုများဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သတင်းသိရသည်။ https://bur mese.shannews.org/archives/28743

၁၅။ တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ
24 June 2022
ကချင်ပြည်နယ် တနိုင်းမြို့တွင် ၃ ရက်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာပြီး ယနေ့ နံနက်ပိုင်းမှ မြို့ပေါ်ရပ်ကွက်အတွင်း ရေကြီးရေလျှံဖြစ်ကာ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများကြုံတွေ့နေရ ကြောင်း ဒေသခံများထံမှသိရသည်။ ဇွန်လ ၂၂ ရက်နေ့မှစပြီး အဆက်မပြတ် မိုးရွာသွန်းနေသဖြင့် တနိုင်းချောင်းနှင့် တပီချောင်း ၂ ခု သည် ရေကြီးရေလျှံဖြစ်ကာ မြို့ပေါ်ရှိသော ပုံခုံးနှင့် ဆမ့်ဆရပ်ကွက်တို့တွင် ရေဝင်ရောက်လာသောကြောင့် အိမ်ခြေ ၁၀၀ ကျော်ခန့်က ရေဘေးဒဏ်ကို ကြုံတွေ့နေရသည်ဟု တနိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထား သည်။ “အခုရေဝင်နေတဲ့ နေရာက ၃နေရာလောက်ရှိပြီ။ အိမ်ခေါင်မိုးတွေအထိတော့မရောက်သေးဘူး။ ဒါပေမယ့် တဝက် လောက်တော့ကြီးနေပြီ။ ရေဝင်ရောက်တဲ့ရပ်ကွက်က ပြည်သူတွေက နီးစပ်တဲ့နေရာတွေမှာ ဆိုင်ကယ်၊ ကား ပစ္စည်းတွေ ရွှေ့ပြောင်းထားကြတယ်။ ရေကတက်နေတုန်းဘဲ။ ဒီထက်ကြီးလာရင် ပြည်သူအများအတွက် အစားအသောက်တွေလိုအပ် လာမယ်လို့ ထင်တယ်”ဟုပြောဆိုပြောဆိုသည်။

တနိုင်းဒေသတွင် လက်ရှိအချိန်အထိ မိုးရွာသွန်းနေသည့်အတွက် ချောင်းရေမြင့်တက်မှုများရှိနေပြီး ရေဝင်ရောက်မှုရှိ နေသော ရပ်ကွက်ဒေသခံပြည်သူများသည်လည်း လက်ရှိအခြေအနေထက် ရေကြီးရေလျှံမှု ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ယမန်နှစ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းအထိ ရေဝင်ရောက်မှုမရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးများသည့်အတွက် မြို့ပေါ်ရပ်ကွက်အထိ ရေဝင်ရောက်မှုများ ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။ https://burmese.kachi nnews.com/2022/06/24/jun24-yl1/

၁၆။ ပိတ်ထားသည့် ဖယ်ခုံမြို့နှင့် ဆက်သည့် လမ်းတချို့ပြန်ဖွင့် စစ်ကောင်စီ မှ စစ်ဆေးမှုတင်းကြပ်နေ
June 23, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ထိစပ်နေသည့် လမ်းကြောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယခင်ပိတ်ထားရာမှ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း စစ်ဆေးမှုတင်းကြပ် နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၈ရက်မှ စတင် ပိတ်ထားသည့် ပင်လောင်း – တောင်ကြီး – ကျောက်တလုံး – ဆိုက်ခေါက် နှင့် ဖယ်ခုံမြို့နယ်တို့ ဆက်သွယ်ထားသည့် မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီတို့ ယခုရက်ပိုင်း ပြန်လည်ဖွင့်လှစ် လိုက်ကြောင်း သတင်းသိရသည်။ “မှော်ဘီလမ်းကြောင်း ကိုလည်း သူတို့ပြန်ဖွင့်လှစ်လိုက်ပါပြီ၊ စစ်ဆေးမှုကတော့ ရှိနေတုန်းပါ၊ အစောင့်စစ်သား နဲ့ PNO စစ်သားတွေကလည်း စောင့်နေတုန်းပေါ့၊ ပိုက်ဆံတောင်းတဲ့အခါလည်းရှိတယ်” ဟုဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က အဆိုပါလမ်းကြောင်းကို ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေနယ်စပ် တိုက်ပွဲဖြစ်ပွားစဥ်တွင် ဒေသအတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆေးဝါးအကူအညီနှင့် တခြားထောက်ပံ့ကူညီမှုများ မရရန် ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင် စစ်ကောင်စီတပ်သားများ နှင့် PNO စစ်သားများပူးပေါင်းကာ အဆိုပါလမ်းကြောင်းတစ်လျှောက် လုံခြုံရေး ကင်းပုန်း ကင်းတဲချထားခြင်းများ ပြုလုပ်နေ လျက်ရှိပြီး လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများကို ငွေကြေးကောက်ခံမှုများ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်နေကြောင်းသိရသည်။ https://burmese.shannews.org/archives/28761

၁၇။ ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ
24 June 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင်ရှိသော ဆိပ်မူအထက်တန်းကျောင်းဝင်းအတွင်း ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဆိပ်မူကျေးရွာ(ယခင်အခေါ်အဝေါ် ဆိုင်းတောင်ကျေးရွာ) အထက်တန်းကျောင်းဝင်းအတွင်းသို့ အမည်မသိအဖွဲ့အစည်းတစ်ခု၏ လက်ချက်ကြောင့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့သည်ဟု ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “ပေါက်ကွဲမှုဖြစ် သွားတာက ဒီနေ့ ၁၂ နာရီ ဆယ်မိနစ်လောက်ကဖြစ်သွားတာ ဟုတ်တယ်။ စာသင်ကျောင်းဝန်းထဲကစာကြည့်တိုက် ရှိတယ်။ အဲ့ဒီစာကြည့်တိုက်နောက်ကြောမှာကွဲသွားတာ။ ထောင်ထားပြီး ခွဲခံရတယ်လို့ သိရတယ်။ ကျောင်းထဲဆိုတော့ ထိအောင်မလုပ် ချင်လို့ ထိအောင်လုပ်ချင်ရင်တော့ထိမှာပဲ”ဟုပြောဆိုသည်။

ယင်းမိုင်းကွဲမှုကြောင့် ထိုကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းသား/သူများ ထိခိုက်မှုမရှိခဲ့သော်လည်း စာကြည့်တိုက်ဆောင် တံခါး၊ ပြတင်းပေါက် မှန်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရပြီး ပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်သွားကို မသိရသေးကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ အဆိုပါ ဆိပ်မူအထက်တန်းကျောင်းသည် လတ်တလော စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်ထားသည့် ကျောင်းတစ်ခုတွင်ပါဝင်ပြီး တစ်ထောင်နီးပါး တက်ရောက်နေ ကြောင်း စုံစမ်းသိရှိရသည်။ https://burmese.kachinnews.com/2022/06/24/jun24-az2/

၁၈။ ရေဖြူတွင် မူးယစ်ဆေးရောင်းဝယ်သည့်နေရာအား မြို့နယ်ပကဖနှင့် ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး
24 June, 2022
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ရွာအနီး မူးယစ်ဆေး ရောင်းဝယ် ဖြန့်ဖြူးနေတဲ့ နေရာကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ ပူးပေါင်းတပ်ဖွဲ့ ဇင်ယော်တပ်စုတို့က ဇွန် ၂၃ ရက် ညနေ ၃ နာရီလောက်မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သွားရောက်ရှင်းလင်းရာမှာ WY စိတ်ကြွ ရူးသွပ်ဆေး ၁,၂၀၀ ပြား၊ အိုက်စ် ၁၆ တောင့် အထုပ် ၃ ထုပ်၊ ဟန်းဖုန်း ၇ လုံး၊ ပုဆိန် ၂ လက်နဲ့ ငွေသား ၉ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေသူတွေကို ဖမ်းဆီးရမိမှု ရှိမရှိကိုတော့ မဖော်ပြထား ပါဘူး။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားတွေကိုတော့ သူတို့အဖွဲ့တွေရဲ့ လက်နက်ဝယ်ယူရေးမှာ အသုံးချသွားမယ်လို့ သိရပါတယ်။

ရေဖြူမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးတဲ့ ကိစ္စတွေဟာ သိသိသာသာ များပြားလာကြောင်း ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း လောင်းလုံးမြို့နယ်၊ မောင်းမကန် ရွာမှာ မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ လင်မယား ၂ ယောက်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ် ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့ကြပါသေးတယ်။ http://burmese.dvb.no/archives /540139

၁၉။ PDF ဖမ်းသွားသည့် ရှမ်းနီလူငယ်ခေါင်းဆောင် ပြန်လွတ်လာ
24 June, 2022
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌလည်းဖြစ် ရှမ်းနီစာပေ ဗန်းမောက်တောင်ပိုင်း တာဝန်ခံလည်းဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းဟာ ဇွန် ၂၃ ရက် ညနေပိုင်းက ပြန်လွတ်လာပြီဖြစ်ပါတယ်။ PDF အဖွဲ့ဝင်တွေဟာ စိုင်းဆေလိုင်း ကို ဖမ်းခေါ်သွားခဲ့တဲ့ ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာကိုပဲ ဇွန် ၂၃ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လာပို့ပေးခဲ့တယ်လို့ သွားကြိုလာခဲ့တဲ့ ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး စိုင်းထွန်းမြင့် က ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ချိန်းထားတာက နေ့လယ် ၁၂ နာရီဆိုတော့ ကျနော်တို့လည်း ၁၂ နာရီကတည်းက သွားစောင့် နေတာပေါ့၊ ဘုန်းကြီးကျောင်းကို လာပို့ပေးဖို့ပေါ့၊ ဒါပေမဲ့ ဖုန်းလိုင်းတွေလည်း မကောင်းဘူး၊ ဆက်သွယ်ရ အဆင်မပြေဘူး။ တကယ်ရောက်လာတာ ညနေ ၃ နာရီခွဲမှ၊ ဘုန်းကြီးကျောင်းမရောက်ခင် လမ်းမှာပဲ ကျနော်တို့ ကြိုလာခဲ့ တယ်။ ဘာဖြစ်လို့ ဖမ်းသွားသလဲဆိုတာကို သိပ်မေးချင်ပါတယ်။ ဒါပေမဲ့ သူတို့က လက်နက်တွေနဲ့၊ ကျနော်တို့က ဘာမှမှမရှိဘဲ၊ ပြန်လွှတ်ပေး တာပဲ တော်လှပြီဆိုပြီး မမေးလိုက်ပါဘူး။ သူ့ကိုခေါ်သွားတုန်းက မျက်နှာကို အဝတ်နဲ့အုပ်ပြီး ခေါ်သွားလို့ ဘယ်နေရာမှန်း မသိဘူးတဲ့။ ဟိုမှာ ခြေထောက်နဲ့ အကန်ခံရတယ်၊ ကျောကိုလည်းရိုက်တယ်၊ ကြိုးတုတ်ခံရတယ်၊ ပြင်ပဒဏ်ရာ ကြီးကြီးမားမား မရှိပေမဲ့ နာကျင်ကိုက်ခဲတယ်၊ အတွင်းကြေလို့ ယူဆပါတယ်။ သူ့ကို ဆေးခန်းပို့ပြီး ဓာတ်မှန်လည်း ရိုက် ထားပါတယ်။” အဓိကမေးမြန်းခံရတာကတော့ ရှမ်းနီတပ်မတော် SNA နဲ့ ပတ်သက်မှုရှိမရှိ ဆိုတာဖြစ်ကြောင်း၊ စိုင်းဆေလိုင်း ကလည်း သူဟာ စာပေယဉ်ကျေးမှုနဲ့ လူမှုရေးလုပ်ငန်းတွေသာ လုပ်လို့ မသိကြောင်းပဲ ဖြေကြားလို့ ရိုက်နှက်ခံရတာလို့ ဆိုပါတယ်။ နောက်တော့ သူ့ကို SNA နဲ့ မပတ်သက်ဖို့၊ ဘက်လိုက်မှုမရှိဖို့ ပြောပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းခေါ်သွားတဲ့အဖွဲ့မှာ စစ်ကိုင်းတိုင်း PDF နဲ့ ဒေသခံ PDF တွေဖြစ်ကြောင်း၊ စိုင်းဆေလိုင်းဟာ စာပေယဉ်ကျေးမှုနဲ့ လူမှုရေးလုပ်ငန်းတွေသာ လုပ်ဆောင်ပြီး စစ်သုံ့ပန်းလည်း မဟုတ်ပါဘဲနဲ့ ခုလို ရိုက်နှက်ကန်ကျောက်ခံရတဲ့အပေါ် ရှမ်းနီ စာပေယဉ်ကျေးမှုအဖွဲ့အနေနဲ့ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ နေရထိုင်ရတာလည်း လုံခြုံမှုမရှိသလို ဖြစ်ရတယ်လို့ဗ န်းမောက် ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့က ပြောသွားပါတယ်။ အခုလို တိုင်းရင်းသားလူမျိုးချင်း အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက် တာဟာ NUG အစိုးရရဲ့ မူဘောင်အတိုင်းမဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်မှုဖြစ်လို့ NUG အနေနဲ့ မိမိအောက်ခြေ အဖွဲ့ဝင်တွေပေါ် အတတ်နိုင်ဆုံး ထိန်းသိမ်း လမ်းညွှန်ပေးစေလိုကြောင်း တိုက်တွန်းထားပါတယ်။ http://burmese.dvb.no/archives/540187

၂၀။ မြောက်ဦးမြို့နယ်မှ အသက်မပြည့်သေးသည့် မွတ်ဆလင်လူငယ်နှစ်ဦး ဖမ်းဆီးခံထားရ
June 24, 2022
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ အသက်မပြည့်သေးသည့် မွတ်ဆလင်လူငယ်နှစ်ဦးအား မြန်မာစစ်တပ်က ဇွန်လ ၂၂ ရက်နေ့တွင် ကျေးရွာအတွင်းသို့ဝင်ရောက်ဖမ်းဆီးသွားပြီး ယနေ့အချိန်အထိ ပြန်မလွတ်သေးကြောင်းသိရသည်။ မြောက်ဦးမြို့ ခမရ(၅၄၀)တပ်ရင်းမှ မြန်မာစစ်သားများသည် စစ်ကား ၂ စီးအပြည့်ဖြင့် ပေါင်းတုတ်ကျေးရွာအတွင်းသို့ ညဉ့် အချိန်ဝင်ရောက်လာကာ ပေါင်းတုတ်ရွာကြီးမှ ရာအိမ်မှူးနှင့် ရွာ(သစ်)မှ ရာအိမ်မှူးတို့ကို လာရောက်ရှာဖွေခဲ့ကြောင်း သိရ သည်။ ယင်းနောက် ရာအိမ်မှူးနှစ်ဦးအားရှာမတွေ့သဖြင့် ပေါင်းတုတ်ရွာကြီးရှိ ရာအိမ်မှူးအိမ်မှ အလုပ်သမားနှစ်ဦးနှင့် ပေါင်းတုတ်ရွာ(သစ်)ရှိ ရာအိမ်မှူး၏သားဖြစ်သူတို့ကို ဖမ်းခေါ်သွားခဲ့သည်။ နောက်ပိုင်းတွင် ပေါင်းတုတ်ရွာ(သစ်)မှ ရာအိမ်မှူး ၏ သားကို အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီရာအိမ်မှူးနှစ်ဦးကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး လာဖမ်းတာ။ ဒါပေမဲ့ ရာအိမ်မှူးတွေက ရှောင်တိမ်းနေကြ တော့ အိမ်မှာရှိတဲ့အလုပ်သမားနှစ်ယောက်နဲ့ သူတို့ရဲ့သားကို ကားပေါ်ဖမ်းတင်သွားတာ။ ရာအိမ်မှူးသားတစ်ယောက်ကတော့ အဖမ်းခံရတဲ့နေ့ကတည်းက မိသားစုတွေ အာမခံနဲ့သွားထုတ်လို့ ညဉ့် ၁ နာရီလောက်မှာ ပြန်လွတ်လာတယ်။ အလုပ်သမား နှစ်ယောက် ကတော့ အခုထိပြန်မလွတ်သေးပါဘူး”ဟု ၎င်းကပြောသည်။ ဖမ်းဆီးခံထားရသည့် ကလေးငယ် နှစ်ဦးမှာ အသက် ၁၃ နှစ်သာရှိသေးပြီး တစ်ဦး၏အမည်မှာ မာစီးရီးဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ ယခင်ကျေးရွာလူကြီးဟောင်း၏ သားဖြစ် ကြောင်းလည်း ဒေသခံများကပြောသည်။ လက်ရှိတွင် ပေါင်းတုတ်ကျေးရွာမှဒေသခံများမှာ မြန်မာစစ်တပ်မှ ထပ်မံလာရောက် ကာ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်မည်ကို စိုးရိမ်သဖြင့် ကျေးရွာမှ တချို့လူငယ်ပိုင်းများမှာ ရှောင်တိမ်းနေကြောင်းလည်း သိရ သည်။ “ကျနော်အပါအဝင် ရွာသူ၊ရွာသားတွေအကုန်လုံးကတော့ စိုးရိမ်စိတ် ဝင်နေကြတာပေါ့။ သူတို့တွေထပ်ရောက်လာပြီး စစ်ဆေးမှုတွေထပ်လုပ်မှာကိုကြောက်လို့ ညဆိုရင် ကောင်းကောင်းတောင်အိပ်မပျော်ဘူး’’ဟု ရွာခံတစ်ဦးကပြောသည်။

၂၁။ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတဦး ဒဏ်ရာရရှိ
June 24, 2022
ယမန်နေ့ (ဇွန် ၂၃ ရက်) ည ၇:၃၀ ခန့်က ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက် ပြည်နယ်ရဲရုံးအနီး ဖြတ်သန်းမောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းဒေသခံအမျိုးသား တဦး ဒူးဆစ်အနီးမှာ သေနတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်ခံရသူ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ဟာ စစ်ကောင်စီရဲ့ ဂိတ်ကို ဖြတ်သန်းစဉ်မှာ စစ်ကောင်စီက တားဆီးတာကို မရပ်ပေးဘဲ ဂိတ်က အတားအဆီးများကို တိုက်ဖြတ်မောင်းနှင်စဥ် စစ်ကောင်စီ က ပစ်ခတ်ခဲ့တာလို့ ပစ်ခတ်ခံရသူကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။

“သတိပေးတဲ့သဘောနဲ့ သေနတ်ထောင်ဖောက်သေးတယ်။ သူက မရပ်ပေးဘူး။ သူက နည်းနည်းလည်း မူးနေတယ် လေ။ ပစ်တာတော့ အချက်ပေါင်းမနည်းဘူး။ ကားတစီးလုံးလည်း ကျည်ပေါက်တွေချည်းပဲ။ သူ့ကို ဆေးရုံတော့ ပို့ထားပြီ။ ဒဏ်ရာက ကြီးပေမဲ့ ဖြတ်ရတောက်ရတာတော့ မဖြစ်လောက်ဘူးထင်တယ်။ အတိအကျတော့ မသိသေးဘူးခင်ဗျ” လို့ Karenni’s Voice ကိုပြောပြခဲ့ပါတယ်။ ပစ်ခတ်ခံရသူ ဦးပေါလူငါးရယ်ဟာ လွိုင်ကော်မြို့နယ် နောင်ယားရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦး ဖြစ်ပါတယ်။ သူအပါအဝင် ယခုဇွန်လအတွင်း စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရရှိ ထားတဲ့ အရပ်သားပြည်သူ ၁၄ ဦးရှိပြီဖြစ်ပါတယ်။ ယင်း ၁၄ ဦးအနက် အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး ပါဝင်ပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

                                                                                                           ** ပြီး **