• Today is: Friday, May 17, 2024

ကရင်နီပြည်နယ်တွင် ဖမ်းဆီးထားသည့် အကျဉ်းသား ၂၄ ဦးကို ခံဝန်ကတိဖြင့် လွတ်ငြိမ်းခွင့်ပေး

ဓာတ်ပုံ- KSCC

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၆

ကရင်နီပြည်နယ်တွင် လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၂၆ ဦးအနက် ၂၄ ဦးအား နိုင်ငံတကာ အဖွဲ့စည်းများ၏ တောင်းဆိုမှု၊ လူသားချင်စာနာထောက်ထားမှုနှင့် အကျဉ်းသားများ၏ ခံဝန် ကတိများကြောင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ-KSCC မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယနေ့ မေ ၂၆ ရက်တွင် ထုတ်ပြန်သည်။

 “အခုလွတ်ပေးတဲ့ လူတွေက ၂၄ ယောက်ပေါ့နော၊ သူတို့ရဲ့ အမှုကတော့ သံသယအမှုပေါ့ ဒလန် သူလျိုဆိုပြီးတော့ ဖမ်းထားတဲ့ လူတွေများတယ်။ သို့သော် တကယ်တမ်း စစ်ဆေးမေးမြန်းလိုက်တဲ့အချိန်မှာ စစ်နဲ့ပါတ်သက်နေတာ မတွေ့ရဘူး၊ ဒါပေမဲ့ သူတို့အလုပ်သူတို့လုပ်ကိုင်စားသောက်ရင်းနဲ့ စစ်တပ်ရဲ့ ခွင့်ပြုချက်လို စာရွက်စာတမ်းတွေနဲ့ သွားလာလှုပ်ရှားနေတော့ စစ်ကောင်စီဘက်ကို ကူညီပံ့ပိုးသလို ဖြစ်သွားတော့ပေါ့။ သို့သော် သူတို့က စစ်ကောင်စီကို တိုက်ရိုက်အလုပ်အကြွေးပြု နေသူတွေမဟုတ်ဘူး။ သူတို့ကို ထိန်းသိမ်းထားတာလည်း ရက်လည်း အနည်းငယ်ကြာလာပြီဆိုတော့ ခံဝန်နဲ့ပြန်လွတ်ပေး လိုက် တာပါ” ဟု KSCC ရဲ့ ပြောခွင့်ရက ဖက်ဒရယ်ဂျာနယ်သို့ပြောသည်။

လက်ရှိထိန်းသိမ်းထားဆဲ အကျဉ်းသားများကိုလည်း လုံခြုံစွာဖြင့် ထိန်းသိမ်းထားရှိကြောင်းဆိုသည်။

“ကျနော်တို့ဆီမှာ မြို့နယ်အလိုက် ရာဇဝတ်မှုကျူးလွန်သူတွေကို အချုပ်ခန်းစီစဉ်ပြီးထားပါတယ်။ အချုပ်ခန်း ၇ ခု လောက်ရှိပါတယ်။ အဲ့မှာ သူတို့တွေကို လုံလုံခြုံခြုံနဲ့ထားပါတယ်။ လုံခြုံရေးကလည်း CDM ထဲမှာပါဝင်တဲ့ ပြည်သူ့ရဲတွေကနေပြီး တာဝန်ယူဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ရဲလုပ်ဖို့ ကျနော်တို့ အရပ်သားလူငယ် စိတ်ပါဝင်စားတဲ့တွေသူတွေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ သင်တန်းတွေ သင်ကြားပေးပို့ထားပြီး သူတို့နဲ့ အတူ တာဝန်ယူဆောင်ရွက်နေပါတယ်။  စားရေးသောက်ရေးကတော့ လူထုကနေပြီးတော့ ကူညီပံ့ပိုးတာရှိသလို KSCC ကနေပြီး ကူညီတာလည်းရှိပါတယ် နောက် အလှူရှင်တွေကနေလည်း ကူညီပေးတာတွေရှိပါတယ်” ဟု  KSCC ရဲ့ ပြောခွင့်ရက ဆက်ပြောသည်။

ဒါ့အပြင် အကျဉ်းသားများကို ၎င်းတို့ရဲ့ မိသားစုများနှင့် တွေ့ဆုံခွင့်ပေးထားသလို တော်လှန်ရေး ကာလဖြစ်သောကြောင့် သေချာစစ်ဆေးပြီးမှ တွေ့ဆုံခွင့်ပေးကြောင်းလည်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရေး နယ်မြေထိန်းချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စစ်ကောင်စီ ဒေါက်တိုင်များနှင့် စစ်ကောင်စီထောက်လှမ်းရေးတပ်များ၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြား ရာဇဝတ်မှု ကျုးလွန်သူများကို ကရင်နီပြည်နယ် ရဲဌာန၊ ပြည်သူကာကွယ်ရေးတပ်များနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့စည်းများက ဆက်လက်ဖမ်းဆီး ထိန်း သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီထောက်တိုင်များအနေဖြင့် ပြည်သူ့အစိုးရ၊ ပြည်သူ့တပ်ဖွဲ့များထံ ပူပေါင်းကြရန် KSCC ကတိုက်တွန်းထားသည်။