• Today is: Tuesday, May 21, 2024

အပတ်စဉ် တိုင်းရင်းသတင်းများ စုစည်းတင်ပြခြင်း

(No. 129 , September 17, 2021)

 

၁။ တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်
15 September 2021

တနိုင်း ရှင်ဗွေယန်လမ်းမပေါ် တရုန်နှင့် တခက်ကျေးရွာကြား ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ယနေ့နံနက ် ၆ နာရီဝန်းကျင်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရုန်ကျေးရွာမှ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က တခက်ကျေးရွာဘက်သို့ တက်လာခဲ့ရာ KIA က ကြားဖြတ်မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါ သည်။“တရုန်ကနေ တခက်ဘက်ကို တက်လာခဲ့တာကို KIA ကလမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲက အခုချိန် ထိဖြစ်နေတုန်း။ လက်နက်ကြီး လက်နက်ငယ် အစုံဘဲ။ ထိခိုက်မှုအသေးစိတ်က မသိရသေးဘူး”ဟု ပြောဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင် လမ်းမကြီးပေါ် အနီးတဝိုက်တွင်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လက်ရှိတွင် တရုန်ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ခန့်က တပ်စွဲနေရာယူထားပြီး ယမန်နေ့တွင် ရှင်ဗွေယန်ဘက်မှ စစ်အင်အား ပြန်လည် တိုးချဲ့ထားကြောင်းလည်း သိရသည်။ စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တနိုင်း ရှင်ဗွေယန် လမ်းမပေါ်တွင် ၂ ဖက်တပ် စစ်ရေးတင်းမာမှုရှိခဲ့ပြီး တိုက်ပွဲပုံမှန်ဖြစ်ပွားနေလျက်ရှိနေသည်ဟု သိရသည်။

၂။ ၁၇ ကြိမ်မြောက် KNU ကွန်ဂရက် ကိုဗစ်ကြောင့် ဆက်လက်ရွှေ့ဆိုင်းထားဆဲ
September 16, 2021

လေးနှစ်တစ်ကြိမ် ကျင်းပရမည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်မှာ သတ်မှတ်ချိန် ထက် (၆)လကျော်လာပြီးဖြစ်သော်လည်း လတ်တလော ကိုဗစ်ကူးစက်မှုမှာဆက်လက်မြင့်မားနေဆဲဖြစ်၍ မကျင်းပနိုင်သေးကြောင်း ကွန်ဂရက်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ဗဟိုအဆင့် ကျင်းပရသည့် ယင်းကွန်ဂရက်ကြီးကို ယခုနှစ် ၂၀၂၁၊ မတ်လတွင် ကျင်းပရမည်ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကူးစက် မှုနှင့် ဒေသတွင်းစစ်ရေးပဋိပက္ခ အခြေအနေများကြောင့် ဇွန်လတွင်ပြုလုပ်ရန် ထပ်မံစီစဉ်ခဲ့သော်လည်း လက်ရှိတွင် KNU ၏ ခရိုင်၊မြို့နယ်အသီးသီး၌ ကိုဗစ်ကူးစက်မှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ကျင်းပနိုင်ရန်စောင့်ကြည့်နေရကြောင်း ကွန်ဂရက်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ပဒိုစောဆဲပွယ်က ယခုလိုပြောသည်။“ပွင့်လင်းရာသီရောက်ရင်လုပ်မလားလို့ပြော ကြည့်တော့ ခရိုင်တွေမှာ ကိုဗစ်ကူးစက်ခံနေရတာတွေရှိနေတယ်။ ကျနော်တို့ဘက်မှာလည်း တော်တော်လေးဖြစ်နေတော့ ကျနော်တို့အနေနဲ့ အဲ့ကိစ္စကိုစောင့်ကြည့်နေတယ်။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးလုပ်ချင်တယ်။ လိုက်ပြီးတီးခေါက် ကြည့်တော့ ကိုဗစ်ကြောင့် မလုပ်ပါသေးနဲ့အုံးဆိုပြီးတော့ပဲ အသံတွေထွက်လာတယ်။”ဟု ပဒိုစောဆဲပွယ်က ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကွန်ဂရက်ကို တက်ရောက်ရမည့် ခရိုင်အလိုက် ကိုယ်စားလှယ်အချို့မှာလည်း ကိုဗစ်ကူးစက်ခံထားရခြင်း၊ ကိုဗစ် ကြောင့် သွားလာရေး အခက်အခဲရှိခြင်းများကြောင့် ကျင်းပသွားနိုင်မည့်အချိန်ကိုပင် အတိအကျပြောဆိုရန် ခက်ခဲနေသေးပြီး လာမည့် နိုဝင်ဘာလအတွင်း ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။ လက်ရှိအချိန်တွင် စစ်အာ ဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခက်အခဲများနှင့် KNU နယ်မြေအတွင်း တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသလို လုံခြုံရေးအရ ဒေသအသီးသီးမှ ခေါင်းဆောင်များ သွားလာရေး အခက်အခဲရှိနေခြင်းကြောင့်လည်း ကွန်ဂရက် မခေါ်နိုင်သေးခြင်း ဖြစ်သည်။ KNU ၏ ဖွဲ့စည်းပုံထဲတွင် ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက်များကို ၄နှစ်တစ်ကြိမ်နှင့် ကျေးရွာအဆင့်ကို ၂နှစ် တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများအရ ဗဟိုအမြဲတမ်း ကော်မတီဝင်များ ၏ ၇၀ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ကွန်ဂရက်ကို ရွှေ့ဆိုင်းနိုင်သည်ဟု ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်။

၃။ ကျောက်မဲ ဟူးကွက်ဒေသခံ (၂)ဦး မိုင်းနင်းမိ ဒဏ်ရာရ
September 15, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအုပ်စု ဟူးကွက်ကျေးရွာဒေသခံ(၂)ဦး (စက်တင်ဘာ ၁၅)ရက်တွင် မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုမိုင်းနင်းမိသူ များသည် ကျောက်မဲမြို့နယ် ဟူးကွက်ဒေသခံ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ဖြစ်ပြီး ရွာအပြင်တွင် မိုင်းနင်းမိခဲ့တာဖြစ်ကြောင်းသိရသည်။

“ဒီနေ့မနက်ပိုင်းမှာ မိုင်းနင်းမိတာလို့ကြားတယ်၊ ကျား တစ်ယောက်၊ မ တစ်ယောက်ပါ၊ တစ်ယောက်က သတိလစ်သွားတယ် လို့တော့ကြားတယ်၊ ရွာကနေ ကျောက်မဲဆေးရုံကို သယ်လာပြီ”ဟု ဟူးကွက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ အသက် (၆၀)ဝန်းကျင် အမျိုးသားမှာ ခြံသွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသက် (၄၀)ဝန်းကျင် အမျိုးသမီးမှာ နွားသွားရှာရင်း ရွာအပြင်ဘက်တွင် မိုင်းနင်းမိဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၇)ရက်နေ့က RCSS/SSA နှင့် SSPP/SSA ၊ TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားကာ ဟူး ကွက်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် နေအိမ်(၄)လုံးခန့် ပျက်စီးခဲ့ရပြီး ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထိုတိုက်ပွဲကြောင့် ကျေးရွာအဝင်အထွက် လမ်းများကိုလည်း ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

၄။ တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော
September 15, 2021

ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။ ”အဓိက ကတော့ ဒီလိုပါ ကျနော်တို့ ပြည်နယ်မှာရှိတဲ့လူအားလုံး စုပေါင်းပြီးတော့မှ စစ်ကောင်စီကို ကျနော်တို့ တွန်းလှန်နိုင်ဖို့ အချိန် နဲ့အမျှ စစ်မျက်နှာဖွင့်မယ် စစ်ကောင်စီရှိတဲ့နေရာ ကျနော်တို့ တိုက်နိုင်အောင် ကျနော်တို့ တိုင်ပင်ပြီးတော့မှ ထုတ်လိုက်တာပါ။ အဓိက ကတော့ စစ်ကောင်စီကနေလာတာ ကျနော်တို့ စောင့်နေတာမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ ရှိရင်းဟာလေးကို တိုက်နိုင် အောင် ကျနော်တို့ ကြိုးစားပြီးတော့ ပြောလိုက်ရတာပေါ့။ ကျနော်တို့ အဲ့လိုမျိုးအဓိပ္ပါယ်နဲ့ ကျနော်တို့ ထုတ်သွားတာဖြစ်တယ်။” လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်မှာလည်း ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက် အတိအကျကိုမပြုနိုင်သေးဘူးလို့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် လေးလကြာတိုက်ပွဲအတွင်း ယနေ့အထိ တိုက်ပွဲပေါင်း ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၈၉) ဦးအထိ ရှိနေပြီလို့ ကရင်နီပြည်နယ်က လူမှုအသင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

၅။ ကန်ပက်လက်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ်များ ပျက်စီး
September 15, 2021

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ တွင် CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြား ယနေ့နံနက်ပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွား နေပြီး မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်များ ပျက်စီးမှုတွေရှိနေ သည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။“၇ နာရီနောက်ပိုင်းကဖြစ်တာ အခုထိပစ်နေတုန်း၊ လူတွေလဲ အိမ်ထဲကအိမ် ပြင်ကို မထွက်ရဲကြဘူး၊ အိမ်တွေတော့ လက်နက်ကြီးတွေ ထိမှန်တာရှိတယ်၊ ဘဏ်နား၊ လျှပ်စစ်ရုံး၊ ဆေးရုံဖက်တို့မှာ၊ လူ တွေတော့ လောလောဆယ်ထိ ထိခိုက်တာမရှိဘူး။ အခုကတော့ လူငယ်တွေ ပစ်တဲ့ပုံစံတော့မဟုတ်ပါဘူး၊ တပ်က ရမ်းသမ်း ပစ်တဲ့ပုံစံပဲ” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့ပေါ်တွင် ယနေ့ နံနက် ၇ နာရီနောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၈ လုံးမှာ မြို့တွင်း (၃) နေရာတွင်ကျရောက်ခဲ့ပြီး လူနေအိမ်တွေကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့အကြားတွင် ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း သိရသည်။

၆။ စစ်ကောင်စီတပ်ကဖမ်းဆီးထားသည့် ကေအန်ယူ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပြန်လွတ်မြောက်
16 September, 2021

စစ်ကောင်စီတပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆီး (စောချဲ) နဲ့ ကေအန်ယူရဲတပ်ဖွဲ့ဝင် စောထူးလေးတို့ ပြန်လွတ်လာပြီလို့ ကေအန်ယူမြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ဒီဗွီဘီကို ပြောပါတယ်။

ဥက္ကဋ္ဌ ပဒိုစောဆီးကို စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်နေ့မှာ ထားဝယ်ခီးမှအပြန် ထားဝယ်မြို့ နယ် ပကာရီကျေးရွာအနီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကားပေါ်လက်နက်ပါလို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၂ မှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်း သိမ်းပြီး ၅ ရက်ကြာ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ ခေါင်းဆောင်းပိုင်တွေ ညှိနှိုင်းမှု ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တာ လို့ ပဒိုအယ်နာက ပြောပါတယ်။ လူပြန်လွှတ်လာပေမယ့် လက်နက်ငယ် ၉ မမ နှစ်လက်နဲ့ ပွိုင့် ၂၂ တလက်ကိုတော့ စစ်ကောင်စီတပ်က သိမ်းဆည်းထားတယ်လို့ဆိုပါတယ်။

အလားတူ တနင်္သာရီမြို့နယ်ဘက်က ကေအန်ယူရဲတပ်ဖွဲ့ဝင်ရှိတဦးဖြစ်တဲ့ စောထူးလေးကိုလည်း စစ်ကောင်စီတပ်က အဆိုပါ နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ စောထူးလေးကို ခမရ (၉၁၅) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကောင်စီဘက်က သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

၇။ စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်
16 September 2021

မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်အနီးတွင် စက်တင်ဘာ ၁၅ ရက် ၈ နာရီခန့်က ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ည ၉ နာရီခွဲမှ ၁၀ နာရီအတွင်း လိုင်ဇာမြို့အနီးရှိ ခယာဘွမ်နှင့် ဘွမ်ရေဘွမ်ဘက်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများ တွင် ဖော်ပြထားသည်။

“တခြားဘက်ကတော့ မကြားဘူး၊ ခယာဘွမ်ကနေ ပစ်တာတော့ ၅ ကြိမ်လောက်ကြားပြီ။ ဘယ်ဘက်ကို သွားကျလဲတော့ မသိတော့ဘူး။”ဟု ခယာဘွမ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီး ကျရောက်သံကို လိုင်ဇာမြို့မှ ကြားရ ကြောင်း လိုင်ဇာမြို့ခံများကလည်း ပြောဆိုသည်။ ထို့အပြင် မြစ်ကြီးနား ၂၁ မိုင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပစ်ခတ်သံအချို့ ကြားရပြီးနောက် လေယာဉ် ၂ စီး လာရောက်ပျံဝဲခဲ့ကြောင်း မရမ်းဒေသခံများပြောသည်။

၈။ တီးတိန်မြို့မှာ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရပြီးနောက် အင်တာနက်ပြတ်
September 15, 2021

ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာအနီးက မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာ ၁၅ ရက်ဒီနေ့မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်ကတည်း တီးတိန် ပြည်သူ့ဆေးရုံအနီးက မိုင်တယ် (Mytel) တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) အဖွဲ့က ဖျက်စီးခဲ့တယ် လို့ ဒေသခံတွေကဆိုပါတယ်။ တီးတိန်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၉ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက် ဒီနေ့အထိ တစ်ပတ်အတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ မိုင်တယ် (Mytel) တာဝါတိုင် ငါးခုရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ ဖောက်ခွဲဖျက်ဆီးမှုတွေကို PDF Zoland အဖွဲ့နဲ့ Civic Defense Militia အဖွဲ့တို့က လုပ်ခဲ့တာ ဖြစ်တယ်လို့ PDF Zoland အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ တီးတိန်မြို့နယ်ထဲမှာ တာဝါတိုင်တွေ ဖျက်ဆီးခံခဲ့ရတာကြောင့် မိုင်တယ် (Mytel) အင်တာနက် လိုင်းတွေ သုံးလို့မရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းက စစ်ကောင်စီကို တိုက်စစ်ဆင်နေတဲ့ မြို့နယ်တွေမှာလည်း မိုင်တယ် (Mytel) တာဝါ တိုင်တွေ ဖျက်ဆီးခံရပြီးနောက် စက်တင်ဘာလ ၁၄ ရက် ကစပြီး အင်တာနက်မြန်နှုန်း 3G ၊ 4G နဲ့ WTTH (broadband) တွေကို ပိတ်ထားဖို့ ဆက်သွယ်ရေးအော်ပရေတာတွေ အားလုံးကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

၉။ Mytel တာဝါတိုင် လုံခြုံရေးယူမည့် BGF အတွက် ကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူးများ ငွေကောက်ခံနေ
September 14, 2021

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရခြင်း မရှိစေရန် လုံခြုံရေးတာ ဝန်ယူ မည့် နယ်ခြားစောင့်တပ် (BGF) အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက (စက်တင်ဘာလ ၁၄ ရက်) နေ့တွင် ငွေလိုက်လံ ကောက်ခံနေကြောင်း ဒေသခံရွာသားများ၏ ပြောပြချက်များအရ သိရသည်။

လှိုင်းဘွဲမြို့နယ်မှ BGF အခြေစိုက်နယ်မြေဖြစ်သည့် ဥဒေါင်းရွာနှင့် နံ့သာအုံးကျေးရွာတို့တွင် Mytel ဖုန်းတာဝါတိုင် လုံခြုံရေး ယူပေးမည့် ဒေသခံနှင့် BGF အတွက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူမှ တစ်အိမ်လျင် ၂၀၀၀ကျပ် ကောက်ခံနေ ကြောင်း ရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။“Mytel တာဝါတိုင် စောင့်ဖို့အတွက်ဆိုပြီး ဒီနေ့အုပ်ကြီးတွေက ပိုက်ဆံ လိုက်ကောက်တယ်။ ကျနော်တို့ရွာမှာတော့ ဒီနေ့ လိုက်ကောက်ပြီးကုန်ပြီး။ ရွာမှာက ဒလန်တွေများတယ်။ မပေးရင်လည်း BGF တွေကိုလည်း ကြောက်ရတယ်။ အကုန်ကြောက်ရတော့ ဘာမှမပြောရဲဘူး ပေးလိုက်တာပဲ။ ရွာမှာ ပိုက်ဆံလိုက်ကောက် ပြီးကုန်ပြီး။”ဟု ၎င်းက ပြောသည်။ ထို့အပြင် မိမိတို့ကျေးရွာအတွင်းရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရခြင်း မရှိစေရေး အတွက် BGF တပ်ဖွဲ့ အပါအဝင် ကျေးရွာရှိလူထုများလည်း တစ်ရက်လျင် (၄)ဦး အလှည့်ကျ ပူးတွဲလုံခြုံရေးယူပေးရမည်ဖြစ် သည်ဟုလည်း သိရသည်။

အဆိုပါ Mytel လုံခြုံရေး ယူပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ဒုဥက္ကဌ ဗိုလ်ချုပ် စောဖားနွီး အမိန့်နှင့် BGF (၁၀၁၂) တပ်ရင်းမှ လှကဇိုင်းရွာနေ ဗိုလ်ငြိမ်းမှတဆင့် ကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ ကို ပြန်လည်တာဝန်ပေးခြင်းဖြစ်ကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။“အစက ရွာကလူတွေပဲ လုံခြုံရေးယူရမယ်။ နောက်တော့ BGF တွေ ပါလာမယ်ပေါ့။ Mytel တာဝါတိုင်ကို ဝိုင်းစောင့်တဲ့ အပြင် ကျေးရွာလုံခြုံရေး အတွက်လည်း ဒေသခံတွေက အလှည့်ကျ စောင့်ရအုံးမှာပေါ့နော်။ ဒီနေ့ပိုက်ဆံကောက်ပြီးပြီ။ ဘယ်နေ့စမလဲတော့ မသိသေး ဘူး။ ပြီးတော့ PDF တွေရှိရင်၊ စစ်သင်တန်းတက်တဲ့ ကလေးတွေရှိရင် ပြန်လာရင် သူတို့ BGF ကို သွားအကြောင်းကြား ရမယ်လို့ ပြောတယ်။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၁၀။ စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး
15 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် နားတီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များက ဒေသခံများ ၏ လယ်ယာခြံမြေကို ဖျက်ဆီးနေသည့်အပြင် ဒေသခံတောင်သူများကိုလည်း ပစ်ခတ်ခြိမ်းခြောက်နေကြောင်း သိရသည်။

“လူကတော့ ကိုးကန့်တရုတ် လူမျိုး။ ဒါပေမယ့် စစ်ကောင်စီနဲ့ ပေါင်းတဲ့သူတွေ။ ဝတ်စုံက စစ်ကောင်စီ အုပ်ထုပ်နဲ့ ဆင်တာ ဆောင်းတယ်။ စစ်ကောင်စီ တံဆိပ်တော့ မဟုတ် ပြန်ဘူး။ စစ်ကောင်စီ အုပ်ထုပ်နဲ့ တူတာ ဆောင်းတယ်။ BGF လိုမျိုးပေါ့။ နယ်ခြားစောင့်တပ်။” ဟု နားတီးရွာခံ တစ်ဦးက ရှင်းပြသည်။ လောက်ကိုင်မှ လူငယ် ၁၀ ဦးအပါအဝင် ထို BGF အဖွဲ့တွင် လူဦးရေ ၆၀ ခန့်ရှိပြီး နာတီးဒေသခံများ၏ လယ်ယာခြံမြေ ဧကပေါင်း ၄၀၀ ဝန်းကျင်ရှိသော တောင်ကုန်းတွင် ဗုံးခိုကျင်းတူး ခြင်း၊ မြှောင်းဖောက်ခြင်းစသဖြင့် ဖျက်ဆီးမှုများပြုလုပ်နေသည်ဟု ဆိုသည်။

“တချို့ ပြည်သူတွေက စပါးခင်း ပေါင်းရှင်းနေဆဲ ဖြစ်တယ်။ ပေါင်းမရှင်းရသေးတဲ့ သူတွေလည်းရှိတယ်။ ပေါင်းရှင်းပြီး သွားတဲ့ ခြံတွေလည်း သူတို့ မြှောင်းတွေအကုန်တူးပစ်တာ။ ဖရိုဖရဲ ဖျက်ဆီးပစ်တယ်။ လယ်တွေလည်း အဲဘက် ကုန်းဘက်က လယ်တွေလည်း ရေလည်း သွားကြည့်လို့မရတော့ဘူး။ ရေခန်းကုန်ပြီလား၊ ရေရှိလား မရှိလားလည်း သွားကြည့်လို့မရတော့ ဘူး။ ခုက လယ်တွေကလည်း ထိခိုက်ရှုံးဆုံးနေရပြီ။ အဓိက စပါးများတယ်။ ပြောင်းလည်း စိုက်တော့ စိုက်တယ်။ တချို့ ပြောင်းခင်းတွေလည်း သူတို့ ကတုတ်ကျင်း တူးလို့ အကုန် ခုတ်ပစ်လိုက်တယ်။ ဖျက်ဆီးပစ်တာ။ ဒီ ရွာထဲလည်း အဝင် အထွက် သူတို့ ကြိုက်သလို သွားလာ နေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဒေသတွင် ရှမ်း၊ တရုတ်၊ ကချင် မျိုးနွယ် စုများနှင့် မြောင်ဝ် စသည့် လူဦးရေ ၅၀၀ ဝန်းကျင် လုပ်ကိုင်စားသောက်နေသော နေရာဖြစ်သည်။

၁၁။ စစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ကကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်
September 16, 2021

စစ်ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်က ကျောင်းသားလေးဦးကို စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ကျခံရန် ယနေ့စက်တင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ ကျောင်းသားလေးဦးကို ယနေ့ဗွီဒီယိုအွန်းလိုင်းစနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ရာ အမှု နှင့်ပတ်သက်ပြီး ကျောင်းသားများက ဝန်ခံခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောသည်။“ဒီနေ့ နှစ်မှု လုံးကို စွဲချက်အမိန့်ချတယ်။ ကျောင်းသားတွေက အမှုနှစ်ခုလုံးကို အပြစ်ရှိတယ်လို့ဝန်ခံတယ်။ ဝန်ခံလိုက်တဲ့အခါမှာ တရားရုံး က ၅၀၅(ခ)နဲ့ပတ်သက်ပြီး ပြစ်ဒဏ် ၂ နှစ်ချတယ်။ ဘေးစီမံနဲ့ပတ်သက်ပြီးတော့ ၆ လချတယ်” ဟု ၎င်းကပြောသည်။

ကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဘေး/စီ/မံ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံရပြီး ၎င်းတို့၏ချုပ်ရက် ၁၁ လခန့်ကို ထုတ်နှုတ်ခံစားခွင့်ရသဖြင့် ကျောင်းသားလေးဦးမှာ တစ်နှစ် ကျော် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အမှုနှစ်ခုဖြင့် တရားစွဲဆိုထောင်ချခံရသည့် ကျောင်းသားလေးဦးမှာ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

ရခိုင်ကျောင်းသားလေးဦးသည် ပြည်သူဘက်မှရပ်တည်ပြီး ပြည်သူများခံစားရနေသည်များကို ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ကို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် မှားယွင်းသည့်လုပ်ရပ်ဖြစ်ကြောင်း အမိန့်ချခံရသည့် ကိုကျော်နိုင်ဌေး၏ အကိုဖြစ်သူ ကိုကျော်မင်းဌေးကပြောသည်။“ကျောင်းသားတွေက အမှန်တရားအတိုင်းဖြစ်စေချင်လို့ ဖော်ထုတ်တောင်းဆိုတာပဲဖြစ်တယ်။ အဲဒါကို အခုလို ပြစ်ဒဏ်ချမှတ်တယ်ဆိုတာတော့ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ဟာ မှားတယ်လို့ပြောချင်တယ်။ သူတို့ရဲ့ လုပ်ရပ်ကမှားတယ်။ အဲတော့ သူတို့အမှားကြောင့် သူတို့က တချိန်ချိန်မှာ ပြန်ပြီးတော့ပေးဆပ်ရလိမ့်မယ်” ဟု ၎င်းကပြော သည်။ အဆိုပါကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ တို့ဖြင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက်တွင် ထောင်ဒဏ်အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သည့် စစ်ရေးပဋိပက္ခများနှင့် လပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုများနှင့် ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှ ကျောင်းသားအချို့ မှာလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင် ဒဏ် ချမှတ်ခံထားကြရသည်။

၁၂။ စစ်ရေးသတင်းများကြောင့် လေးကေကော်အနီးတဝိုက် ဒေသခံများ လုံခြုံရေးအတွက် ပြင်ဆင်နေ
September 15, 2021

မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလာမည့်သတင်းများကြောင့် နေအိမ်ခြံဝင်းများတွင် ဗုံးခိုကျင်းများ ကို လုံခြုံရေးအရ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောဆိုသည်။ လေးကေကော်မြို့သစ်ဧရိယာ၌ ပါဝင်သော မယ်ထော် သလေး၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံ များအနေဖြင့် နေအိမ်ခြံဝင်းများအတွင်း ဗုံးခိုကျင်းများ တူးထားကြသည့်အပြင် စားနပ်ရိက္ခာ စုဆောင်းခြင်း၊ အသိမိတ်ဆွေ များရှိရာ အခြားရပ်ရွာဒေသများသို့ စစ်ဘေးကို ရှောင်တိမ်းပြောင်းရွှေ့ထားရန် ပြင်ဆင်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ထို့အပြင် စစ်ရေးအရ လေကြောင်းတိုက်ခိုက်ခံရမှုများ စစ်ကောင်စီစခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်၌ ထိတွေ့ တိုက်ပွဲဖြစ်လာပါက စစ်ဘေးရှောင်နိုင်ရန် မိသားစုတိုင်း သတိအနေအထားဖြင့် ပြင်ဆင်နေထိုင်ကြရန် KNU ၏ ကျေးရွာအုပ် ချုပ်ရေး တာဝန်ရှိသူများမှလည်း လိုက်လံအသိပေးထားကြောင်း သိရသည်။ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်နှင့် BGF တို့ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ် ပွားခဲ့သလို ဗိုလ်ကျော်သက် ဦးစီးသည့် ခွဲထွက် DKBA တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ PDF တပ်ဖွဲ့ဝင်များနှင့် KNU လက် အောက်ခံ KNLA တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် လအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

လက်ရှိတွင် လူဦးရေ ၃၀၀၀ ကျော် နေထိုင်လျှက်ရှိသော လေးကေကော်မြို့သစ်သည် နယ်မြေအနေအထားအရ အနီးအနား တွင် စစ်ကောင်စီ၏ လက်နက်ကြီးကုန်းတစ်ခု တည်ရှိသည်။ ၎င်းမြို့သစ်ကို ယခင် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အကောင်အထည်ဖော်မှု၏ ပြယုဂ်အနေဖြင့် နေရပ် ပြန် ဒုက္ခသည်များနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ဂျပန်နိုင်ငံ အခြေစိုက် နိပွန်ဖောင်ဒေးရှင်း၏ အကူအညီများ ဖြင့် KNU နှင့် အစိုးရတို့ ပူးပေါင်းဆောက်လုပ်ခဲ့သည့် မြို့သစ်ဖြစ်ပြီး KNU ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။

၁၃။ တီးတိန်မြို့နယ် ခိုင်ကမ်းရဲစခန်းကို PDF ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်၊ ရဲ ၅ ဦး သေဆုံး
17 September, 2021

ချင်းပြည်နယ် တီးတိန်မြို့နယ်က ခိုင်ကမ်းနယ်မြေရဲစခန်း ၉ မိုင်ဂိတ်ကို စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက PDF သုံးဖွဲ့ ပူးပေါင်းတိုက်ခိုင်ရာ ရဲ ၅ ယောက်လောက် သေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရသွားတယ်လို့ PDF-Zoland က ထုတ် ပြန်ထားပါတယ်။ ခိုင်ကမ်းမြို့နယ်မြေရဲစခန်း ၉ မိုင်ဂိတ်ကို ဒီနေ့မနက် ၅ နာရီလောက်က PDF-Zoland၊ Civil Defense Mititia၊ CDF-KKG (ကလေး၊ ကပေါ်၊ ဂန့်ဂေါ) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ ပေမယ့် ပြည်သူ့ကာကွယ်ရေး မဟာ မိတ်တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံး မရှိဘူးလို့ ဖော်ပြ ထားပါတယ်။ အဲဒီတိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ် ဖွဲ့က ကလေးမြို့ကနေ ဂန့်ဂေါမြို့ ဘက်ကိုတက်မယ့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတွေကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေ ဆီ က သိရပါတယ်။ ခိုင်ကမ်းနယ်မြေရဲစခန်း ၉ မိုင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ယောက်လောက် သေဆုံးပြီးအများ အပြား ဒဏ်ရာရရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

၁၄။ နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
17 September 2021

မြစ်ကြီးနားမြို့ နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ် သတ်ခံရကြောင်း သိရသည်။

ဦးလှမြင့် ယနေ့ နံနက် အုပ်ချုပ်ရေးရုံးမှအပြန် သူ၏ နေအိမ်အဝင်ပေါက်တွင် လူ ၂ ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ် သည်ဟု နီးစပ်ရာ ပြည်သူတစ်ဦးထံမှ သိရသည်။“နယ်ထိန်းရဲကိုမေးကြည့်တော့ ရုံးကအပြန် အိမ်အဝင်ဝမှာ ပစ်သတ်ခံရ တယ်လို့ပြောတယ်။ လူ ၂ယောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး နောက်ကနေ ပစ်သွားတယ်လို့ကြားတယ်။ သေနတ်ဒဏ်ရာက ၂ ချက်မှန်သွားတယ်လို့ပြောတယ်”ဟု ပြောဆိုသည်။ အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် ဦးလှမြင့်အပြင် သူ၏ သားဖြစ်သူလည်း ပစ်ခတ်ခံရသည်ဟု သိရသည်။ သို့သော် သားဖြစ်သူမှာ လက်တစ်ဖက်တွင် ထိခိုက်ဒဏ်ရာသာ ရရှိထားကြောင်း သူက ဆက် ဆိုထားသည်။

ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် လက်ရှိနောင်းနန်တိုက်နယ် အုပ်ချုပ်ရေးရုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် တရားဝင်ခန့် အပ်ခြင်းမရှိသေးသော်လည်း သူ၏စိတ်ဆန္ဒအရ လိုက်ပါဆောင်ရွက်ပေးနေသူသာဖြစ်ကြောင်းသိရသည်။ ဦးလှမြင့် သည့် အသက် ၆၇ နှစ်အရွယ်ရှိသူဖြစ်ပြီး စစ်တပ်ထွက်တစ်ဦး ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နောင်းနန် တိုက်နယ် အုပ်ချုပ်ရေးရုံးတွင် တရားဝင်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးက တာဝန်မှ ရပ်နားခဲ့သည်။

၁၅။ ရေးမြို့ PDF က စစ်ကောင်စီ ဆက်သွယ်ရေးလိုင်းတခုအား ဖြတ်တောက်ဖျက်ဆီး
17 September, 2021

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး လိုင်းအား စက်တင်ဘာလ ၁၅ ရက်နေ့က ဖြတ်တောက်ဖျက်ဆီးခဲ့တယ်လို့ ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ရေးမြို့ PDF က အခုလို စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ပိုက်လိုင်းတခုကို ပြီးခဲ့တဲ့ ရက်တွေကလည်း တစ်ကြိမ် ဖျက်ဆီးထားခဲ့ သလို အခု ထပ်မံပြီး စစ်ကောင်စီရဲ့ စစ်ဘက်သုံး ဆက်သွယ်ရေးလိုင်းတခုကို တစ်စိမ်ဒေသတခုအနေနဲ့ ဖြတ်တောက်ခဲ့တာလို့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး မြို့တွင်းနေရာအနှံ့ လှည်ကင်း ဝပ်ကင်းစတာတွေ လုပ်ဆောင်လာခဲ့သလို PDF တွေ ခိုအောင်းတဲ့နေရာတွေကို လိုက်လံရှာဖွေနေပေမဲ့ PDF နဲ့ ထိပ်တိုက်တွေ့ဆုံတာ မရှိသေးပါဘူးလို့ ဆိုပါတယ်။ ရေးမြို့ PDF ကတော့ မြို့တွင်း ပြောက်ကျားတိုက်ခိုက်ရေးကိုသာ ကျင့်သုံးပြီး ရဲစခန်းတွေကိုပါ ဗုံးခွဲတိုက်ခိုက်ထားခဲ့သလို ရဲတပ် သား ၁ ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

၁၆။ ကုန်စျေးနှုန်းမြင့်တက်လာ၍ ရခိုင်မှ စစ်ဘေးရှောင်များ စားရေးသောက်ရေး ခက်ခဲလာနေ
September 15, 2021

အခြေခံစားသောက်ကုန်စည်များ စျေးနှုန်းမြင့်တက်လာ၍ ရခိုင်မှ စစ်ဘေးရှောင်များ စားရေး၊ သောက်ရေးအခက်အခဲဖြစ် လာနေကြောင်း သတင်းရရှိသည်။ စစ်ဘေးရှောင်များသည် လူကယ်ပြန်နှင့် NGOs/ INGOs များ၏ လစဉ်ထောက်ပံ့ပေး သည့် ဝေစု ဆန်အချို့အား အခြားအသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ရောင်းချသုံးစွဲရကြောင်း၊ လက်ရှိတွင် စားသောက် ကုန်များ စျေးနှုန်းမြင့်တက်လာသဖြင့် အခက်အခဲဖြစ်လာနေကြောင်း ကျောက်တော်မြို့ တောင်မင်းကုလားစစ်ဘေးရှောင် စခန်းမှ အမျိုးသမီးနှင့် ကလေးစောင့်ရှောက်ရေးတာဝန်ခံ ဒေါ်မအေးခင်းက ပြောသည်။

“နေမကောင်းရင်တောင် အားရှိတဲ့အစားအစာလို့လည်း ဝယ်မစားနိုင်ကြဘူး။ ထမင်းကို အသီးအရွက်လေးတွေနဲ့ ချက်ပြုတ် စားသောက်နေကြရတယ်။ အပြင်မှာထွက်လုပ်ကြတဲ့ အလုပ်ကလည်း ကိုဗစ်နဲ့ မလုပ်ကြရတော့ဘူး။ စားသောက်ကုန်တွေ စျေးကြီးတာကို။ ကြက်ဥ တစ်ထောင်ဖိုး အရင်က ၇ လုံးရတယ်။ အခု ၅ လုံးပဲ။ ၅ဝဝ ဖိုးကို ၂ လုံးရတယ်။ ဘယ်လိုစား ကြ မလဲ။ အကုန်စျေးတက်နေတာပါ” ဟု ပြောသည်။ သူမတို့စစ်ဘေးရှောင်စခန်းအားထောက်ပံ့နေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လူတစ်ဦးလျှင် ငွေ ၁၅,ဝဝဝ ကျပ်ထောက်ပံ့ခဲ့သော်လည်း မရရှိသည်မှာ ဇူလိုင်မှ ယခု စက်တင်ဘာအထိ ၃ လ ခန့်ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် လူကယ်ပြန်က ထောက်ပံ့သည့် လူတစ်ဦးလျှင် တစ်နေ့ဆန် နို့်ဆီဗူးခွံ ၂ လုံးရရှိကြောင်း သူမက ဆက်ပြောသည်။

၄င်းတို့စစ်ဘေးရှောင်စခန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်း ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် လူသုံးကုန် ပစ္စည်းအချို့ရရှိကြောင်း၊ သို့ရာတွင် ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်လာကြသည့်အတွက် အခြားအခြေခံစားသောက်ကုန်နှင့် နေ့စဉ်လူသုံးကုန်ပစ္စည်းများ ဝယ်ယူရန်ရရှိလာသည့် ဆန်များအား လဲလှယ်ရောင်းချ စားသောက်နေရကြောင်း လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှ သားသမီး (၃) ဦး၏ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဦးက ပြောသည်။“ICRC ကရတဲ့ပစ္စည်းတွေကို တစ်ခါ တည်း ရောင်းပြီးပြန်လာရတာပေါ့။ ကိုဗစ်ကြောင့် ဟင်းချိုမှုန့်တစ်ထုပ်ကို ၂ ထောင်ကျော်ကနေ ၄ ထောင်ကျော်ဖြစ်သွားပြီ။ ကြက်ဥကလည်း အရင်တစ်ထောင်ဖိုး ၈ လုံးရတာ အခု ၆ လုံးဖြစ်သွားပြီ။ ICRC ကရရင် ပြန်ဆပ်မယ်ဆိုပြီး ဝယ်စား ထားတဲ့ဟာတွေကို ICRC ကရတာနဲ့ ပေးပစ်ခဲ့ရတာပေါ့။ ပြန်လာရင် ပစ္စည်းနည်းနည်းနဲ့ ပြန်လာရတာပါပဲ” ဟု ပြောသည်။

၁၇။ မိုင်းကိုင် စစ်ရှောင် (၂၃၀၀) ခန့် ရောက်ရှိလာ
September 15, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ရွာတွင် စစ်ရှောင် (၂၃၀၀) ခန့် မိုးကာအရေးပေါ် လိုအပ် နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၄) ရက် သျှမ်းတပ် (၂) တပ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ရွာအနီး တိုက်ပွဲဖြစ် ပွားပြီး စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

“အရေးပေါ် လိုအပ်တာကတော့ မိုးကာတွေ အရမ်းလိုအပ်နေတယ်။ မိုးတွေလည်းရွာ၊ ကျောင်းပေါ် ၊ ကျောင်းအောက် ကား ပေါ်တွေ နေထိုင်နေကြတယ်။ တစ်ချို့ အမျိုးအိမ်တွေ သွားနေကြတယ်”ဟု နမ့်အွန်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ နှစ်ဖက် စစ်အင်အား ဖြည့်တင်းမှုရှိပြီး စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ် နေကြကြောင်း စုံစမ်းသိရှိရသည်။“ဒီမနက် (၁၀) နာရီကျော်လောက်က လက်နက်ကြီးသံတွေ ကြားနေရတယ်။ နှစ်ဖက် စစ်အင်အားဖြည့်တင်းနေကြတယ်” ဟု နမ့်အွန် ကျေးရွာ ဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိ စစ်ရှောင်များသည် မိုးကာများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးပစ္စည်းများ၊ ကိုဗစ် ကာကွယ်ရေး ပစ္စည်းများ အရေးပေါ်လို အပ်နေကြောင်း သိရှိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ဇွန်လဆန်းပိုင်း ကတည်းက တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ပြည်သူများ မကြာခဏ စစ်ဘေးရှောင်နေရသည်။

၁၈။ TIME မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ရာမှာ မြန်မာအမျိုးသမီး သုံးဦးပါဝင်
September 15, 2021

မြန်မာနိုင်ငံက တိုင်းရင်းသူအမျိုးသမီးနှစ်ဦးနဲ့ NASA အမေရိကန် အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာနက မြန်မာ အမျိုးသမီးသိပ္ပံပညာရှင်တို့ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းက ၂၀၂၁ နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း မှာ ထည့်သွင်းရွေးချယ်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကချင်အမျိုးသမီး Esther Ze Naw Bamvo နဲ့ ရှမ်းနီအမျိုးသမီး ဒေါ်အိသဉ္စာမောင်တို့အပြင် အင်္ဂါဂြိုဟ် လေ့လာစူးစမ်းရေးမှာ Ingenuity မောင်းသူမဲ့ စူးစမ်းရေး စက်ရုပ်ယာဉ်လွှတ်တင်ရေး စီမံကိန်း ဦးဆောင်သူ မြန်မာအင်ဂျင်နီယာ ဒေါက်တာမီမီအောင်တို့ကို TIME မဂ္ဂဇင်းက ရွေးချယ်လိုက်တာပါ။

Ingenuity ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ် ဒီနှစ် ဧပြီ ၁၉ ရက်က သမိုင်းဝင်ပထမဆုံး ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီစီမံချက်မှာ အင်ဂျင်နီယာပေါင်းများစွာနဲ့ သိပ္ပံပညာရှင် ပေါင်းများစွာ အတူတကွ လုပ်ဆောင်ကြပေမယ့် ဒေါက်တာမီမီအောင်က ညွှန်ကြား ခဲ့တယ်လို့ TIME မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဒေါ်အိသဉ္စာမောင်ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီးလည်း ဖြစ်ပါတယ်။

၁၉။ မတူပီမြို့တွင် အချင်းချင်းပစ်ခတ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ၁ ဦးသေဆုံး
17 September, 2021

ချင်းပြည်နယ်၊ မတူပီမြို့မှာတပ်စွဲထားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကသာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၀၉) က အရာရှိဗိုလ်မှူးတစ်ယောက်နဲ့ စစ်သည်တစ်ယောက်တို့ စက်တင်ဘာလ ၁၆ ရက် ည ၁၂ နာရီလောက်မှာ အချေအတင်စကားများပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးသေဆုံးသွားခဲ့ပါတယ်။

နေရာမှာတင်သေဆုံးသွားခဲ့တဲ့ ခမရ ၃၀၉ ဒုတပ်ရင်းမှူးအလောင်းကို မတူပီမြို့နယ်ဆေးရုံမှာ ထားရှိတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ဒီဗွီဘီ သတင်းဌာနကို ပြောပါတယ်။ ဒုတပ်ရင်းမှူးက အဲဒီမြို့နယ်က တော်လှန်ရေးအဖွဲ့တွေကို စစ်ဆင်ရေးထွက်ခိုင်းတဲ့အခါမှာ စစ်သည်က မတိုက်ခိုက်လိုကြောင်းပြောရာကနေ စကားများပြီး အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ တာလို့ဆိုပါတယ်။

၂၀။ အကြမ်းဖက်နှင့် တရားစွဲခံရသူ ၃၀ ကျော်ပြန်လွတ်သော်လည်း ထင်ရှားသည့် အမှုများမပါဝင်သေး
September 16, 2021

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး အကြမ်း ဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရ သူများထဲက ၃၀ ကျော် ပြန်လွှတ်သော်လည်း တစ်ချို့ထင်ရှားသည့်အမှုများမပါဝင်သေးကြောင်း ရှေ့နေများကပြောသည်။ ရခိုင်ပြည်နယ် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်း ဖေ့စ်ဘွတ်လူမှုကွန်ရက် စာ မျက်နှာပေါ်တွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က) ၊ ၅၀(ခ) ၊ ၅၀(စျ) ၊ ၅၂ (က) တို့ဖြင့် တရားစွဲခံထားရသည့် အမှု ၁၄ မှုနှင့် အမှုရုတ်သိမ်း ကြောင်း သြဂုတ်လ ၃၁ နေ့က ဖော်ပြခဲ့သည်။ ယင်းနောက် အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ည)၊ ၅၂ (စ) ၊ ၅၂ (ည) စသည့် အကြမ်းဖက်မှုဥပဒေပုဒ်မ တို့ဖြင့် တရားစွဲခံထားရသူ စက်တင်ဘာ ၉ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ၄ ဦး၊ ကျောက်ဖြူ အကျဉ်း ထောင်မှ ၆ ဦးနှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ၆ ဦးအပြင် စက်တင်ဘာ ၁၄ ရက်နေ့က မြောက်ဦး ခရိုင် တရားရုံးက ၁၆ ဦး လွတ်လာသည်။

စက်တင်ဘာ ၁၄ ရက်နေ့က စစ်တွေ အကျဉ်း ထောင် မှ ၃ ဦးပြန်လွှတ်မြောက်လာသည်ဟုသိရှိရသော်လည်း Western News မှ အတည်ပြုချက်ရရင်ကြိုးစားနေဆဲဖြစ်သည်။ ယင်းကဲ့သို့ အကြမ်းဖက်အမှုများဖြင့် တရားစွဲခံရသူ ၃၀ ကျော်ပြန်လွှတ်ပေးခဲ့ သော်လည်း ရခိုင်မှ ထင်ရှားသော အမှုများဖြစ်သည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုနှင့် လက္ကာကျေးရွာသား ၂၃ ဦးတို့၏ အမှုမှာပါဝင်မှု ရှိမသေးပေ။ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်မှ ဦးမင်းစိုးနှင့် မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်းတို့ကို AA နဲ့ ဆက်စပ်သည်ဟုဆိုကာဖမ်းဆီးခဲ့သည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အမျိုးသမီး ၁ ဦးအပါအဝင် ၂၃ ဦးမှာလည်း AA နှင့် ဆက် စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ( က )၊ ၅၀ ( ဈ ) ၊ ၅၄ ၊ နှင့် ၁၉၄၉ လက်နက်အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂၁ (က) တို့ဖြင့် ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မြောက်ဦး ခရိုင်တရားရုံး၌ တရားစွဲခံခဲ့ရသည်။ ရုံးချိန်းပေါင်း မြောက်များစွာကို ချိန်းဆို ၍ တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော်အထိရှိလာပြီးဖြစ်ပြီး အပြစ်မရှိသည့်အတွက် တခြားလွတ်မြောက်လာသူများကဲ့သို့ လွတ်မြောက်လာစေချင်ပြီဖြစ်ကြောင်း လက္ကာကျေးရွာမှ ဖမ်းဆီး ခံတရားရင်ဆိုင်နေရသည့် ဦးခင်မောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်သန်းမရီကပြောသည်။“တခြားတရားရင်ဆိုင်နေရတဲ့သူတွေ လွတ်မြောက်လာတယ်ကြားရတော့ ကျွန်မတို့ရွာကလူတွေအကုန်လုံးလည်းအပြစ်မရှိတဲ့အတွကပြန်လွှတ်စေချင်တယ်။ ရုံးချိန်း တွေလည်းများစွာ ချိန်းဆိုသွားခဲ့ပြီးပြီ၊ အိမ်ထောင် ဦးစီးယောက်ျားတွေကိုဖမ်းထားတော့ ကျွန်မတို့ အမျိုးသမီးတွေက မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရတာ အဆင်မပြေကြဘူး။ လွတ်မြောက်လာဖို့ကိုပဲ ကျွန်မတို့ မျှော်လင့်နေကြပါတယ်”ဟု ပြောသည်။

၂၁။ မန္တလေးမြို့ ဖလမ်းနှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာတော် အဖမ်းခံရ
September 17, 2021

မန္တလေးမြို့မှာရှိတဲ့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် သိက္ခာတော်ရ ဆရာ သျှန်လျှန်ဆန်း (Thian Lian Sang ) ကို စက်တင်ဘာလ ၁၆ ရက် မနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက အင်အား ၂၀ ခန့်နဲ့ ၇၉ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းက နေအိမ်မှာ လာဖမ်းသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ဆရာတော်ကိုင်တဲ့ လက်ကိုင် ဖုန်းအပါအဝင် မိသားစုတွေရဲ့ဖုန်း သုံးလုံးနဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သေဆုံး သွားတဲ့ ဆရာတော်ရဲ့ ဖခင်အတွက်ရရှိထားတဲ့ နာရေးထောက်ပံ့ငွေ သိန်း ၄၀ ကျပ်ကိုပါ သိမ်းယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“ဆရာတော်က နိုင်ငံရေးလည်းကင်းရှင်းသူပါ၊ ချင်းပြည်နယ်က နာမကျန်းတဲ့သူတွေနဲ့ ငွေကြေးခက်ခဲတဲ့ သူတွေကို ကူညီ နေတဲ့သူပါ၊ အခုလိုဖမ်းလိုက်တော့ ကျန်တဲ့သူတွေပါ ဒုက္ခရောက်ရပါတယ်၊ နောက်ပြီး ဆရာတော်ကိုယ်တိုင်ကလည်း ကိုဗစ် ပျောက် ကင်းကာစ ဆေးဝါးသောက်နေရသူဖြစ်လို့ အခုသူနဲ့အတူ ဆေးတွေပါမသွားသလို ဘယ်မှာရောက်နေလဲဆိုတာလည်း မသိရတော့ စိတ်ပူနေရတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရသေးပါဘူး၊ အမြန်ဆုံး အမှန်ကန်ဆုံးနည်းလမ်းနဲ့ ပြန် လွှတ်ပေးစေချင် ပါတယ်”လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။ ဆရာတော်ရဲ့လက်ကိုင်ဖုန်း လျှို့ဝှက်နံပါတ်ကို စစ်ကောင်စီ တပ်သားတွေက ညီမဖြစ်သူကို ဖွင့်ခိုင်းတာမှာ မသိဘူးဆိုတာကြောင့် မျက်မှန်ကျိုးအောင် ရိုက်သွားတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဆရာတော် သျှန်လျှန်ဆန်းကိုဖမ်းဆီးသွားပြီးတဲ့နောက် မိသားစုဝင်တွေကိုလည်း ဘယ်ကိုမှမသွားဖို့နဲ့ သူတို့ စောင့်ကြည့်နေ ကြောင်း စစ်ကောင်စီတပ်သားတွေက ပြောသွားတယ်လို့လည်း ဆိုပါတယ်။ လက်ရှိ ဆရာတော် သျှန်လျှန်ဆန်းကို ဘယ်နေရာ ကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိ သေးပါဘူး။

၂၂။ တာချီလိတ်မြေကိစ္စ ပစ်ခတ်မှုဖြစ် (၂)ဦးသေ တစ်ဦးဒဏ်ရာရ
September 16, 2021

သျှမ်းရှေ့ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းတွင် (စက်တင်ဘာ ၁၆)ရက် မွန်းလွဲ (၁)နာရီ၌ သေနတ် ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

တာချီလိတ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲဝန်းကျင်အချိန်က မြေယာကိစ္စကြောင့် သေနတ်ဖြင့်လာရောက် ပစ်ခတ်တာဖြစ်ပြီး အလုပ်သမား (၂)ဦး သေဆုံးကာ တစ်ဦးက ခြေထောက်တွင် ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း ဒေသခံထံမှ သိရ သည်။“ခြံဝင်းထဲထိ ကားနဲ့ဝင်လာပြီး သောင်းကျန်းတာ၊ ပြီးတော့ သေနတ်နဲ့ ရမ်းသမ်းပြီး ပစ်တယ်၊ ပစ်တာ တော်တော်များ တယ်၊ (၂)ယောက် သေပြီး တစ်ယောက်ကတော့ ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်၊ သူက နည်းနည်းကြောင်နေသလိုပဲ၊ အရင်က တည်းကလာပြီး ခြိမ်းခြောက်တာတွေလည်း ရှိခဲ့ဖူးတယ်” ဟု ထိုရပ်ကွက်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော် ဆင့် ကို ပြောသည်။ အဆိုပါပစ်ခတ်မှုကြောင့် သားငယ်(၃၃)နှစ် နှင့် မဲကြီး (၃၇) နှစ် တို့ သေဆုံးခဲ့ပြီး နိုင်ဝင်းဆိုသူက ခြေထောက် တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့သည် အလုပ်သမားများသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၃။ ဟိုပင်မြို့နယ်တွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးကို စစ်တပ်ကဖမ်းဆီး
16 September, 2021

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှာ ကလေးငယ်တွေအပါအဝင် ဒေသခံ ပြည်သူ ၁၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းနဲ့ ညသန်းခေါင်အချိန်က ဖမ်းခံလိုက်ရတာဖြစ်ပြီး သဲဂုဏ်ရွာက မိသားစုလိုက်အပါအဝင် ၈ ယောက် ဖမ်းခံရတယ်လို့ သိရပါတယ်။

“ည ၁၂ နာရီကျော်မှာ လာဖမ်းတာ။ ဦးမိုးရယ်၊ သူ့မိန်းမရယ်၊ ၉ နှစ်အရွယ် သူ့သားလေးရယ် ဖမ်းခံရတယ်။ ဦးမောင်နိုင်း မှာ လည်း ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် သား နှစ်ယောက်ပါ ဖမ်းခံရတယ်။ နောက် ခြေတဖက်မသန်တဲ့ ဦးငြိမ်းချမ်းဦး၊ စိုင်းလွင်မျိုး ဆိုတော့ အားလုံးပေါင်း ရှစ်ယောက်ပါ။ ဘာကြောင့် ဖမ်းသွားမှန်းလည်း မသိသေးဘူး။ ဘယ်မှာဖမ်းထားမှန်းလည်း မသိ သေးဘူး”လို့ သဲဂုဏ်ရွာ ဒေသခံတယောက်က ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ဟိုပင်မြို့နဲ့ တကွင်းရွာ ကြားမှာရှိတဲ့ တပ်ရင်း ၄၀ နားမှာ ပစ်ခတ်ပေါက်ကွဲတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာကြောင့်ဖြစ်မှန်း မသိရပေမဲ့ လမ်းသွားလမ်းလာ လူငယ် ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

“ပစ်ခတ်တာတွေဖြစ်ပြီး မိုးကောင်းက စစ်ကူလာတယ်။ ဟိုပင်တကွင်းရွာက ကောင်လေးက သူ့အမေဆန်တိုဟူးရောင်းလို့ သွားကြိုတာ ဖမ်းခံရတယ်။ နောက် သုံးယောက်ကတော့ ဟိုပင်ကပါ။ တယောက်က မြဇေယျာရပ်ကွက်က၊ ကျန်တဲ့ နှစ် ယောက်ကတော့ ဘယ်ရပ်ကွက်လဲ မသိသေးဘူး။ သူတို့ကိုတော့ တပ်ရင်း ၄၀ မှာ ဖမ်းထားတယ်လို့ သိရတယ်” လို့ ဒေသခံ တယောက် ပြောပါတယ်။ “ရွာကသေးသလောက် ဒလန်ကပေါတယ်။ ဘာကြောင့်မှန်းမသိဖမ်းခံနေရတာ။ ခုဆို လူတချို့ လည်း ရှောင်နေကြရတယ်။ အားလုံးကလည်း စိုးရိမ်နေကြတာပါ။ မလုံခြုံတော့ဘူး” လို့ ဒေသခံ တယောက် ပြောပါ တယ်။

၂၄။ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့ကို စစ်ကောင်စီက အစားအသောက် ပစ္စည်းများ ထောက်ပံ့
September 16, 2021

PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့အား စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် အစားအသောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ခဲ့သည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး လှဦး တို့က ဆန် ၅၁ အိတ်၊ ဆီ ၁၃၅ ပိဿာ၊ ငါးခြောက် ၁၃၅ ပိဿာ၊ ကြက်ဥ ၅၄၀၀ လုံး၊ စုစုပေါင်း တန်ဖိုးငွေ ၆၇၅၀၀၀၀ ကျပ်နှင့် Mask အခုရေ ၂၀၀၀၀ အား PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထောက်ပံ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က မိတ်ဖက်ညီအစ်ကိုသဖွယ် ကူညီ စောင့်ရှောက်ပေးသည့် PNO အသွင်ပြောင်း ပြည်သူ့စစ်ကို ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အေးချမ်းတည် ငြိမ်မှုတွင် PNO ပြည်သူ့စစ်မှ စောင့်ရှောက်မှုများလည်း ပါဝင်ကြောင်း၊ လုံခြုံရေး လုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ပူးပေါင်း ဆောင်ရွက်ပေးသည့် PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု ယင်းထုတ်ပြန်ချက် သတင်းတွင် ပါရှိသည်။

၂၅။ မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ
15 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့တွင် ရောက်ရှိလာသော စစ်ဘေးဒုက္ခသည် ၂၆ ဦးတွင် COVID-19 ရောဂါ ပိုး တွေ့ရှိကြောင်း စခန်းတာဝန်ရှိတစ်ဦးထံမှ သိရသည်။“မနေ့ရဲ့ ရှေ့နေ့ ညက မသင်္ကာလို့ စစ်တာ ၁၀ ယောက် Positive ဖြစ် တယ်။ မနေ့က Camp တိုင်းက စစ်တဲ့ အချိန်မှာ ဒီ KBC ဘုရားကျောင်းဝင်းက ၂၅ ယောက်။ ဘုန်းကြီး ကျောင်းက ၁ ယောက်။ ၂၆ ယောက် Positive ပြန်စစ်ဆေးတွေ့ရှိတယ်။ အမျိုးသမီး ဘယ်လောက်၊ အမျိုးသား ဘယ်လောက်ဆိုတာတော့ စာရင်း ဘာမှ မသိရသေးဘူး။ နာမည်စာရင်းတွေ မရောက်သေးဘူး။” လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်နေ့များတွင် ဘုရားကျောင်းမှ လူဦးရေ ၃၀၀ ခန့်၊ ဘုန်းကြီးကျောင်းမှာ ၁၃၀ စသည်တို့ကို စစ်ဆေးခဲ့ရာ ၂၆ ဦးတွင် ပိုးတွေ့ခဲ့သည်ဟု သိရသည်။ စစ်ရှောင် တစ်ဦးလျှင် တစ်ရုတ်ယွမ်ငွေ ၁၀၀ ပေးကာ ကိုဗစ်ပိုးစစ်ဆေး နေရသောကြောင့် စစ်ရှောင်များအတွက် အကြီးမားဆုံး အခက်အခဲ ပြဿနာတစ်ခု ဖြစ်နေကြောင်း စခန်းတာဝန်ခံများပြော သည်။ ပိုးတွေ့လူနာများကိုလည်း မုံးကိုး ဆေးရုံတွင် ဆေးကုသမှု ခံယူစေမည်ဟု သိရသည်။

မုံးကိုးမြို့အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လကစတင်ပြီး စစ်ကောင် နှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စသည်ကျေးရွာများမှ ဒေသခံ ၇၀၀ ကျော် လက်ရှိ မုံးကိုးမြို့ပေါ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ လီဆူဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်း ရှောင် နေခြင်းဖြစ်သည်။

၂၆။ တပ်တွင်းကိုဗစ်လူနာသေဆုံးမှုဖြစ်ပွားပြီးနောက် မတူပီတမြို့လုံးကို ရက်အကန့်သတ်မရှိ Lockdown ချ
September 15, 2021

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားကာ သေဆုံးမှုရှိလာသောကြောင့် မတူပီ တမြို့လုံးကို စက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ရက်အကန့်အသတ်မရှိ Lockdown ချထားသည်ဟု သိရသည်။

“အခုမတူပီတော့ အကုန်လုံးကို ဒီနေ့ကစပြီး Lockdown ချထားတယ်၊ ကိုဗစ်ပိုးတွေ့များတဲ့အပြင် တယောက်လဲသေလို့ ရက်ကန့်သတ်တော့မရှိဘူး၊ ကိုဗစ်အခြေအနေက နည်းနည်းဆိုးနေတာ။ မနက်စျေးလည်းမရောင်းရဘူး။ ပြီးတော့ ဘယ်မှ လည်းမသွားရဘူးဆိုပြီး၊ ဒီနေ့ ၁၄-၁၆ ရက်အထိ ကိုဗစ်ပိုးစစ်ဆေးပေးမှာ”ဟု မတူပီဒေသခံ တစ်ဦးက ပြောသည်။ မတူပီမြို့ ပေါ် ခလရ (၁၄၀) တပ်ရင်းတွင် တပ်သားတစ်ဦးနှင့် ဇနီးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ စက်တင်ဘာ လ ၁၂ ရက်နေ့ ကသေဆုံးသွားသည့်အတွက် တမြို့လုံးအား ရက်အကန့်အသတ်မရှိ Lockdown ချလိုက်ခြင်းဖြစ်သည်။

မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ(၁၄၀)၊ ခလရ (၃၀၄) နှင့် စစ်ဗျူဟာတပ်တို့ရှိပြီး တပ်တွင်းကိုဗစ်ကူးစက်မှုပြန့်နေ သည် ဟုလည်း စုံစမ်းသိရှိရသည်။ မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိလာသောကြောင့် မတူပီခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ဦးဆောင် ပြီး ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ပိုးရှိ၊မရှိ အ.ထ.က (၂) ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့ တွင် လက်ခံ စစ်ဆေးပေးနေပြီး ယနေ့တွင် စန်ဘောင်ရပ်ကွက်၊ ၁၅-၁၆ ရက်နေ့တွင် အနောက်ခိုဘွေ၊ လောင်ပန်းနှင့် ငလား ရပ်ကွက်တို့ တွင် ထပ်မံ စစ်ဆေးပေးသွား မည်ကြောင်းလည်း မတူပီဒေသခံများထံမှ သိရသည်။

၂၇။ ကျိုက်ထိုတွင် မလေးရှားပို့မည့် ကျပ်သန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
16 September, 2021

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မလေးရှားပို့မဲ့ ငွေကျပ် သန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့ တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC MYANMAR)က စက်တင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက် မနက် ပိုင်းက ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်က မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ စစ်တောင်း တံတားဘက်နေ ကျိုက်ထိုဘက် မောင်းလာတဲ့ ကား ၂ စီးကို စစ်ဆေးခဲ့ပါတယ်။

မြင့်ကို မောင်းနှင်ပြီး ဒေါ်မီမီအေး(ခ)မီမီအေးကျော်လိုက်ပါလာတဲ့ Alphard ကားပေါ်က နေ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းကို သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။ ဒီကားနောက်မှာ စိုးသူရမောင်းနှင်ပြီး မင်းထင်နဲ့ စောမြင့်တို့လိုက်ပါလာတဲ့ Tipper အဖြူရောင် ၆ ဘီးယာဉ်ကို စစ်ဆေးရာမှာတော့ ကားနောက်ခန်းမှာ စားသောက်သီးနှံတွေနဲ့ ဖုံးအုပ် သယ် ဆောင်လာတဲ့ ဆာလာအိတ် ၅၂ အိတ်ထဲကနေ ဒေသကာလတန်ဖိုးငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံ (ကျပ်သန်းပေါင်း ၄၁၁၇၅ ကျော်) တန်ဖိုးရှိတဲ့ အိုက်စ်(မက်သာအဖက်တမင်း) ကီလို ၁,၀၀၀၊ ကက်တမင်း ၄၇ ကီလိုကို ဖမ်းဆီးရမိခဲ့ပါတယ်။

၂၈။ အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီ က အင်အားသုံး အကြမ်းဖက်ဖမ်းဆီး
September 16, 2021

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အား သုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထား သည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို စစ်ကောင်စီတပ်ဖွဲ့တို့က အင်အားအများအပြားဖြင့် လာရောက်ဖမ်းခေါ်သွား ကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“မနေ့ က နေ့လည် ၁ နာရီဝန်းကျင်မှာ သူတို့ပွဲရုံကို စကစ က အင်အားအများအပြားနဲ့ လာဝိုင်းထားတာ တွေ့ရတယ်၊ ပြီးတော့ ပွဲရုံပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကို ဖမ်းသွား တယ်၊ ရိုက်နှက်မှုတွေလည်း ရှိတယ်လို့ ကြားမိတယ်၊ ဘာကြောင့် ဖမ်းသလဲ ဆိုတာတော့ မသိရပါဘူး၊ ဒီအမျိုးသမီးရဲ့ ဖခင်က စစ်မှုထမ်းဟောင်း ဖြစ်ဖူးတယ်” ဟု ၎င်းအမျိုးသား က ဆိုသည်။

ဖမ်းဆီးခံရသူ အောင်ပန်းမြို့ရှိ “ရှမ်းမလေး” သီးနှံပွဲရုံလုပ်ငန်းရှင်သည် မကေဇင်ကြိုင် ဖြစ်ပြီး၊ သူမကို စစ်ကောင်စီတို့က အင်အားအလုံးအရင်းနှင့် လာရောက်ဖမ်းဆီးစဉ်တွင် ကိုယ်ဝန်ရှိနေကြောင်း၊ မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ် ဆောင်သွားခြင်းကိုမသိရကြောင်း ပြည်သူတစ်ဦးကလည်း သျှမ်းသံတောင့်ကို ပြောသည်။“သူ (မကေဇင်ကြိုင်) က သူ့ဖခင် ကသာ စစ်မှုထမ်းဟောင်းဖြစ်ဖူးတာပါ၊ သူကတော့ နိုင်ငံရေးနဲ့ပက်သက်တဲ့ လုပ်ဆောင်မှုမရှိ ပါဘူး၊ သဘောထားကောင်း တယ်၊ အလှူအဒါန်းလည်း ရက်ရောပါတယ်၊ ပြီးတော့ လက်ရှိ သူ့မှာက ကိုယ်ဝန်နဲ့။ ဘယ်နေရာကို ဖမ်းခေါ်သွားလဲ မသိရဘူး” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

၂၉။ ကလေးမြို့မှာ လူငယ် ခြောက်ဦး ဖမ်းဆီးခံရ
September 16, 2021

စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေထိုင်တဲ့ လူငယ် ခြောက်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့ မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကိုတုန်တုန်၊ ကိုဂျီဝမ်း၊ ကိုစစ်ရိပ်၊ ကိုကျီရမ်း တို့ဖြစ်ပြီးတော့ ကျန်လူငယ် နှစ်ဦး အမည်ကိုတော့ မသိရသေးပါဘူး။ သူတို့ဟာ ချမ်းမြေ့ အောင်စည်ရပ်ကွက်က နေအိမ်မှာရှိနေစဉ် မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကားသုံးစီးနဲ့လာ ရောက်ပြီး ဖမ်းဆီးသွားတာလို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီလူငယ်တွေကို စစ်ကော်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာကြောင့်ဖမ်းဆီးခံရ တယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချမ်းမြေ့အောင်စည်ရပ်ကွက်အပြင် ပင်လုံ ရပ်ကွက်မှာရှိတဲ့ စင်္ကြာလမ်းက နေအိမ်တစ်ချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့ ဟာ ဆန္ဒပြသပိတ်တွေ လက်ရှိအချိန်ထိအားကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသူ ၅၀ ကျော်နဲ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိ ပြီလို့ ဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။

၃၀။ စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ
17 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ သို့ ဦးတည်ကာ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ကျော် ပါဝင်သော ယာဉ်တန်း သည် စက်တင်ဘာ ၁၆ ရက်ည ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ရောက်ရှိလာပြီဟု ဒေသခံများပြောသည်။

“ဘော်လုံးကွင်းမှာ စစ်ကားတွေ နားနေကြတယ်။ တင့်ကားတော့ စစ်တပ်ထဲမှာ။ စစ်ကား အစီး ၃၀ ကျော်။ ခု နောက်ထပ် Vego နဲ့ ၆ စီး။ Vego ထဲကစစ်သားတွေက အရက် အရမ်းမူးနေကြတယ်။” ဟု ပန်ဆိုင်း(ကြူကုတ်) ဒေသခံ တစ်ဦးပြော သည်။ ဒေသခံများ၏ သုံးသပ်ချက်အရ စစ်ကားများကို ပန်ဆိုင်းမြို့တွင်ချန်ထားခဲ့ပြီး တင့်ကား ၂ စီးဖြင့်သာ စစ်သားများ ခြေ ကျင်ဖြင့် မုံးကိုးအထိ သွားရန် ပြင်ဆင်နေကြောင်း ပြောဆိုနေကြသည်။ အဆိုပါ တင့်ကား ၂ စီးထားရန် မြေနေရာကို ဘူဒူဇာ ဖြင့် ပြင်ဆင်ထားကြောင်း ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်သာပါပြီး တာမိုးညဲပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်ဆေးပြည် သူ့စစ်၊ ကျင်းစန်းကျော့ ပြည်သူ့စစ်များပါဝင်ကြောင်း မူဆယ် ဒေသခံတစ်ဦးက ပြောသည်။ “မနေ့ ည ၁၀၅ မိုင်မှာ လာနားတဲ့ သူတွေ မူဆယ် ဗိုလ်တည်းကုန်းနဲ့ စုပေါင်းရုံး အဲဘက်လာနားပြီး ဒီညနေ သုံးနာရီခွဲဝန်းကျင်ချိန်ခန့်က ၁၀၅ မိုင်ဘက် ချက် ချင်း ပြန်လှည့်သွားပြီ။ တင့်ကား နှစ်စီးပါတယ်။ မနေ့က ၁၀၅ မိုင်မှာ ဝင်တဲ့ စစ်ကားက ၄၄ စီး။” ဟု မူဆယ် ဒေသခံ တစ်ဦး က ပြောသည်။

၃၁။ BGF က အရပ်သားတွေကို အဓမ္မခေါ်ဆောင်နေကြောင်း KNU ထုတ်ပြန်
September 16, 2021

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ရဲ့ အမှတ် (၁၀၁၃) တပ်ခွဲ (၂) အနေနဲ့ ကြသောင်းဆိပ် စခန်းကို တပ်ချိန်းဖို့နဲ့ ရိက္ခာပို့ဖို့အတွက်ဆိုပြီး စက်တင်ဘာလ ၁၄ ရက်နေ့က ဘီးလင်းမြို့၊ မြစ်ကျိုးကျေးရွာမှာရှိတဲ့ ဒေသခံ တွေရဲ့ ယာဉ်မောင်းအပါအဝင် ထော်လာဂျီ ငါးစီးနဲ့ ကျေးရွာခေါင်းဆောင် ရပ်မိရပ်ဖ ခြောက်ဦးကို အဓမ္မခေါ်ဆောင်သွားတယ် လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ထော်လာဂျီ ငါးစီးကို ရိက္ခာတင်ဖို့အတွက် ခေါ်သွားတယ်၊ ဆန်အိတ် (၁၆၆) အိတ်တင်သွားတယ်၊ ပိုက်ဆံမပေးဘူး၊ မြစ်ကျိုး ရွာကရပ်မိရပ်ဖခြောက်ဦးကိုလည်း သူတို့လုံခြုံရေးအတွက်ခေါ်သွားတယ်”လို့ KNU ရဲ့ ဘီးလင်းမြို့နယ်သတင်းနဲ့ပြန်ကြား ရေးတာဝန်ရှိသူက ပြောတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ BGF အဖွဲ့ တပ်နယ် (၂) ဗိုလ်မှူး စောတင်ဝင်း က တော့အောက်ခြေကအခြေအနေကို သူ့အနေနဲ့သေချာမသိသေးကြောင်းနဲ့ အရပ်သားပြည်သူတွေကိုအခုလိုလုပ်ဖို့ညွှန်ကြားထား တာလည်းမရှိသလို တကယ်လို့အဲလိုလုပ်တာသိခဲ့ရင်လည်း အရေးယူဆောင်ရွက်သွားမယ်လို့ RFA ကို ဒီကနေ့ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေကို သိမ်းယူသွားတယ်ဆိုတဲ့ KNU ရဲ့ ထုတ်ပြန်ချက်အ ပေါ် တုံ့ပြန်မှုကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်း နဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ် လို့ မရပါဘူး။

၃၂။ လက်နက်ကြီးယူပြီး CDM ဝင်လာသည့်စစ်သားများကို ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်
17 September, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာပါဝင်ပြီး ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်မတော်သားတွေ၊ ရဲတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကို ချင်းပြည်နယ်ကာကွယ်ရေးတပ် (CDF)က ကျပ်သိန်း ရာချီ ဆုကြေးပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။ CDM လုပ်ပြီး ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သား၊ ရဲသားနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအပါအဝင် မိသားစုဝင်တွေအတွက် လိုအပ်တဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် ဆုကြေးတွေကိုပါ လက်ငင်း ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆုကြေးတွေအနေနဲ့ လက်နက်ငယ်နဲ့ ကျည်ဆန်တွေတစ်ပါတည်း ယူဆောင်လာနိုင်ပါက ကျပ်သိန်း ၅၀ ၊ လက်နက်ကြီးနဲ့ ကျည်ဆန်တွေ တစ်ပါတည်းယူဆောင်လာနိုင်ပါက ကျပ်သိန်း ၁၀၀ ထိ ပေးအပ်မှာဖြစ်သလို ပြည်သူတွေပိုင်တဲ့ ဌာနဆိုင်ရာ ကား တွေကိုပါ တစ်ပါတည်း ယူဆောင်လာနိုင်ပါက ကျပ်သိန်း ၅၀ ချီးမြှင့်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေဆီက အကြမ်းဖက်အာဏာလုယူကာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မတရား သတ်ဖြတ်လုယက်ဖျက်ဆီးတာတွေ ကျူးလွန်နေကြကြောင်း၊ အဲဒီလို အကြမ်းဖက်မှုတွေကို နိုင်ငံသားတာဝန်သိစိတ်အပြည့်နဲ့ ဖီဆန်ကာ ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းလိုသူတွေကို နွေး ထွေးစွာ ကြိုဆိုကြောင်း ချင်း CDF စက်တင်ဘာ ၁၆ ရက်စွဲနဲ့ သဘောထားထုတ်ပြန် ထားတာပါ။

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ တွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေး တိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ်ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၁၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

Federal Journal