• Today is: Tuesday, April 30, 2024

မွန်ပြည်သစ်ပါတီအနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရန် မွန်ပြည်သူအများစုက သဘောထား မှတ်ချက်ပြု

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၄

 

မွန်ပြည်သစ်ပါတီအနေဖြင့် စစ်ကောင်စီမှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကြိမ် တက်ရောက်ဆွေးနွေးရန် သင့်၊မသင့်ကို စက်တင်ဘာလ ၆ရက်နေ့တွင် မွန်လူငယ်များဦးဆောင်သည့် လဂွန်းအိမ်စာစဉ်က စစ်တမ်းတစ်ခု ကောက်ယူပါတယ်။ အဲဒီစစ်တမ်းအရ မွန်ပြည်သူအများစုက စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်သင့်ကြောင်း သဘောထားမှတ်ချက်များ ပေးခဲ့တာပါ။

 

အဆိုပါစစ်တမ်းမှာတော့ သဘောထားမှတ်ချက်ပြုခဲ့သူ ၇၃၇ ဦးအထိရှိခဲ့ပြီး အများစုမှာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်မသင့်ကြောင်း မှတ်ချက်ပြုခဲ့ကြသလို စစ်တမ်းများအရ ၉ ရာခိုင်နှုန်းကတာ တွေ့ဆုံဆွေးနွေးသင့်ဟု သဘောထား မှတ်ချက်ပြုခဲ့တာကြောင့် ၉၁ ရာခိုင်နှုန်းမှာ တွေ့ဆုံဆွေးနွေးရန်မသင့်ကြောင်း သဘောထား မှတ်ချက်ပြုခဲ့ ကြတာ ဖြစ်ပါတယ်။

 

စစ်တမ်းကောက်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး လဂွန်းအိမ်စာစဉ်က “ ဒီစက်တင်ဘာလမှာလည်း စစ်ကောင်စီက ငြိမ်းချမ်ရေး ဆွေးနွေးဖို့ မွန်ပြည်သစ်ပါတီကိုထပ်ပြီး ဖိတ်ခေါ်ဖို့ရှိတယ်၊ တကယ်လို့ဒုတိယအကြိမ်သာ သွားပြီး ဆွေးနွေးမယ်ဆိုလို့ရှိရင် ပြည်သူလူထုက လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို သိချင်လို့ ဒီလို စစ်တမ်းကောက်လိုက်တာပါ ”  ဟု ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

 

မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌနိုင်အောင်မင်း ဦးဆောင်သည့်အဖွဲ့ဟာ ပြီးခဲ့သည့် မေလ ၂၃ရက်နေ့မှ ၂၅ ရက်နေ့အထိ နေပြည်တော်မှာ စစ်ကောင်စီတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့တာပါ။ ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်သူများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများအကြား ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

 

စစ်ကောင်စီနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် ဒီမိုကရေစီကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်နယ်တွင်းရှိ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

 

စစ်ကောင်စီက ဖိတ်ခေါ်နေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းရန်အတွက် ကျိုးပမ်းနေခြင်းတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုကြပါတယ်။

 

မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။