• Today is: Friday, May 17, 2024

ရှမ်းတောင် တော်လှန်ရေးတပ်ပေါင်းစုတို့ ပထမဆုံးအကြိမ် တစ်ဗျူဟာပုံစံဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၂၀) ထက်မနည်းသေဆုံး၊ တပ်ပေါင်းစု စနိုက်ပါတပ်စုကြောင့် စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် (၆) ဦးလည်း သေဆုံး

ပုံစာ – (United Southern Shan Federal Union – USSFU)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ (၁၄)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသက စစ်တပ်၏ စခန်း (၂) ခုကို တော်လှန်ရေးတပ်ပေါင်းစုတို့ ပထမဆုံးအကြိမ် တစ်ဗျူဟာပုံစံဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၂၀) ထက်မနည်းသေဆုံးခဲ့တယ်လို့ ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုက ထုတ်ပြန်လာပါတယ်။
စက်တင်ဘာလ (၁၂) ရက် နေ့က အဆိုပါ စခန်းများကို စစ်ကြောင်း (၄) ကြောင်းခွဲကာ တစ်ဗျူဟာပုံစံဖြင့် တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနှစ်ဖက်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား (၂၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးအပါအဝင် စုစုပေါင်း (၆) ဦး စနိုက်ပါတပ်စု ပစ်ခတ်မှုဖြင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး တပ်ပေါင်းစုဘက်က စခန်း(၂)ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ကျည်အင်အား လုံလောက်မှု အကန့်အသတ်ရှိခဲ့ကာ လက်နက်ကြီး မလုံလောက်ခဲ့တဲ့အပြင် စစ်ကောင်စီဘက်က စက်သေနတ်ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများအဆက်မပြတ် ပစ်ခတ်လာပြီး လေယာဥ်ဖြင့် (၆) ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်လာတာကြောင့် စခန်းသိမ်းပြီး ပြန်ဆုတ်လာရ တယ်လို့လည်း ဆိုပါ တယ်။
အဆိုပါတိုက်ခိုက်မှုတွင် တပ်ပေါင်းစုအဖွဲ့ဝင် အမှတ် (၁၀၀၅) တပ်ရင်း၏ တပ်ဖွဲ့ဝင်တဦး (၇၉) ဗုံးသီး လက်နက် ဆပျက်ဆီးပြီး ပစ်ခတ်တဲ့ ရဲဘော် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရရှိခဲ့တာလို့ ဆိုပါတယ်။
ယခုတိုက်ပွဲတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Southern Shan Federal Union – USSFU)မှာတော့ အမှတ် ၁၀၀၅ တပ်ရင်း၊ အမှတ် ၁၀၀၈ တပ်ရင်း(SSRY)၊ အမှတ် ၁၀၀၉ တပ်‌ရင်း(ယခင် အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊ NUGလက်အောက်ခံတပ်ရင်းတစ်ရင်းနှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) စသည့်မဟာမိတ် တပ်ရင်း (၅) ရင်း ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေး ရဲဘော်များဟာ သက်ဆိုင်ရာ အစုအဖွဲ့များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသလို အခက်အခဲ အမျိုးမျိုးရှိ ခဲ့တာကြောင့် အာဏာရှင်ကို တွန်းလှန်ရန် ကြန့်ကြာနေကြသော်လည်း ယခု တပ်ပေါင်းစုဟာ ပထမဆုံး ရှမ်းတောင်စစ်မျက်နှာပြင် စတင်ဖွင့်လိုက်ခြင်းဖြစ်တယ်လို့ တပ်ပေါင်းစုက ထုတ်ပြန်ထားတာပါ။