• Today is: Sunday, May 19, 2024

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်းဟာ စစ်အာဏာရှင်စနစ်ကို အားပေးအားမြောက် ပြုရာကျတယ်လို့ KIO ဥက္ကဌ ပြော

ဓာတ်ပုံ- KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁ဝ

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်းဟာ စစ်အာဏာရှင်စနစ်ကို အားပေး အားမြောက် ပြုရာကျတယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ ဩဂုတ် (၁၀)ရက်နေ့မှာ ကျရောက်တဲ့ (၄၇) ကြိမ်မြောက် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား လိုက်ပါတယ်။

“၂၀၂၂ ခုနှစ် မေလက စတင်ပြီး စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ တဖွဲ့ချင်းကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း တဖွဲ့ချင်း သွားရောက် တွေ့ဆုံနေကြပါတယ်။ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်သာဟာ စစ်အာဏာရှင်စနစ်ကို အသိအမှတ်ပြုပြီး သက်ဆိုးရှည်စေဖို့အတွက် အားပေး အားမြောက် ပြုရာကျသာဖြစ်တယ်” ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်းဟာ ယခုလို အကြပ်အတည်းကာလကြုံလာတိုင်း လုပ်လေ့လုပ်ထ ရှိတဲ့ ငြိမ်းချမ်းရေး အမည်ခံ ဆွေးနွေးပွဲသာ ဖြစ်တယ်လို့ KIO ဥက္ကဌက ဝေဖန်ပါတယ်။

“အခုလို အကြပ်အတည်းကာလမျိုးမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တယ်ဆိုသာဟာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး ပြဿနာ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး၊ ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ကောင်စီက ငြိမ်းချမ်ရေးဆွေးနွေးမှု ပြန်လည် ဖိတ်ခေါ်ခြင်းဟာ အကြပ်အတည်း ကာလကြုံလာတိုင်း အရင်က လုပ်လေ့လုပ်ထ ရှိတဲ့ ငြိမ်းချမ်းရေး အမည်ခံ ပဋိပက္ခ ဖြေရှင်းရေး နည်းလမ်း တခုသာ ဖြစ်သာကြောင့် ဘယ်သူတဦးကမှ ယုံကြည်မှုမရှိပါဘူး” ဟု ၎င်း၏ မိန့်ခွန်းတွင် ထပ်မံထည့်သွင်း ပြောကြားထားပါတယ်။

ဒါ့အပြင် ကေအိုင်အို အဖွဲ့အစည်းဟာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ခေတ်အဆက်ဆက်က ဗမာအစိုးရတို့နဲ့ တွေ့ဆုံ ဆွေးနွေး နည်းလမ်းရှာ ကြိုးစားခဲ့ပေမယ့် ခေတ်အဆက်ဆက်က ဗမာအစိုးရ နိုင်ငံရေးခေါင်းဆောင်များဟာ မဟာလူမျိုး ကြီးဝါဒ၊ စစ်အာဏာ ရှင်စနစ်ကို ကိုင်စွဲထားသာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်သည့် အဆင့်ထိ ရောက်မနေခဲ့ဘူးဟု KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ ဩဂုတ် (၁၀)ရက်နေ့မှာ ကျရောက်တဲ့ (၄၇) ကြိမ်မြောက် ကချင် အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားသာ ဖြစ်ပါတယ်။