• Today is: Sunday, May 19, 2024

အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်နိုင်မှာ ယုံကြည်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁

အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်နိုင်မှာ ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လွယ်ကူတဲ့လုပ်ငန်းစဉ်မဟုတ်တဲ့အတွက် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် အတူ စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ယုံကြည်မှုအားနည်းလျင် စည်းလုံးမှုမရနိုင်သလို စည်းလုံးမှုမရှိလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း အောင်မြင်မှာမဟုတ်ပါဘူး၊ အဖွဲ့အစည်းအားလုံးက ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်ခြင်းပဲလို့ ယုံကြည်ကြောင်း” ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဖွဲ့အစည်းအားလုံးဆိုရာတွင် ဘယ်လိုအဖွဲ့အစည်းမျိုးကို ရည်ညွန်းတယ်ဆိုတာကိုတော့ တိတိကျကျ ပြောကြားထားသာတော့ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ငြင်းဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း KNU နဲ့ CNF တို့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် မေးခွန်းထုတ် ဝေဖန်ပါတယ်။

တိုက်ပွဲမဖြစ်ပဲ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးနေသာဟာ ဘာငြိမ်းချမ်းရေးလဲ၊ တိုက်ပွဲမဖြစ်ရင် ဘာငြိမ်းချမ်းရေး လိုသလဲ လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ဗဒိုစောတောနီးက စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်နေသည့် EAOs အဖွဲ့များကို မေးခွန်းထုတ် ဝေဖန်ထားပါတယ်။

“စစ်ကောင်စီက ဖိတ်ခေါ်သည့် ဒီငြိမ်းချမ်းရေးဆိုတာက ဘာငြိမ်းချမ်းရေးလဲ၊ တိုက်ပွဲမဖြစ်ရင် ဘာငြိမ်းချမ်းရေး လိုသလားပေါ့။ ဘာဖြစ်လို့ဆိုတော့ သူ(စစ်ခေါင်းဆောင်) ကိုယ်တိုင်ကိုယ်က တရားမဝင်တဲ့ သူဖြစ်သွားပြီ။ တရားမဝင်တဲ့ သူဖြစ်တဲ့အတွက် တရားမဝင်တဲ့ သူနဲ့ ဘာအကြောင်းနဲ့မှ ကျနော်တို့က သွားပြီး စကားပြော စရာမရှိဘူး။

သူ(စစ်ခေါင်းဆောင်)ကို အခုလို စကားပြောနေသာဟာ ဘာနဲ့တူလည်းဆိုတော့ အဆိပ်ပြင်ကို ရေ လောင်းပြီး တော့၊ ဒီလူမိုက်ကို စကားပြောသာနဲ့ ကိုယ်ကိုယ်တိုင်လည်း လူမိုက် ဖြစ်သွားပြီ။ သူ့ခများ  ဒီအချိန်မှာ ဘယ်နေရာမှာမှ တိုးလို့မရတော့ဘူး”ဟု ပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ နိုင်ငံရေးထွက်ပေါက်ရှာသာဖြစ်ပြီး ရာသက်ပန်မြန်မာ့နိုင်ငံရေးမှာ စစ်တပ် စိုးမိုးရေးကိုဘဲ ဦးတည်ချက် ဖြစ်သာကြောင့် စစ်ကောင်စီကို ယုံကြည်လို့ မရတော့ဘူးဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

“မြန်မာ့နိုင်ငံရေး သမိုင်းသင်ခန်းစာအရ စစ်တပ် (စစ်ကောင်စီ) ကို ကျနော်တို့အနေနဲ့ လုံးဝ မယုံကြည်တော့ပါဘူး။ ခနခဏအလိမ်ခံရတယ်။ ဒီတခါတော့ ကျနော်တို့က အလိမ်ခံသူအဖြစ် မရှိချင်တော့ဘူး။ ကျနော်တို့ ကိုယ့်လူမျိုးထဲမှာသော်လည်းကောင်း၊ တိုင်းရင်းသားတွေကြားထဲမှာ သော်လည်းကောင်း၊ မြန်မာပြည်သူ တစ်ရပ်လုံးရှေ့မှာသော်လည်းကောင်း  ကျနော်တို့က ဒီတခါ တရားခံ မဖြစ်ချင်တော့ပါဘူး။

အမှန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာ နိုင်ငံရေး လိုလားချက်၊ လိုအင်ဆန္ဒ ဘယ်လောက်ထိရရှိမလဲ၊ မရရှိမလဲ ဆွေးနွေးတာ၊ ကျနော်တို့ လိုချင် တာရရင်၊ ပြည်သူလူထုလိုချင်တာရရင် ငြိမ်းချမ်းရေးဆိုတာ သူ့အလိုလိုဖြစ်လာမဲ့ဟာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ယခု ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ခေါင်းစဉ်တပ်ပြီး “စစ်ကောင်စီကတော့ နယ်မြေငြိမ်းချမ်းရေး လုပ်မယ်။ နောက်နှစ် ၂၀၂၃ ဩဂုတ် မှာ ရွေးကောက်ပွဲ ( Election ) ပြန်လုပ်မယ်။ ဒီ Election က PR စနစ်ဖြစ်မယ်။ ဒီ ၂၀၂၂ ခုနှစ်အတွင်း နယ်မြေစိုးမိုးရေးဆိုတာက တကယ်တော့ သူလိုချင်တာက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို သိသိလျက်နဲ့ မျက်ကွယ်ပြုပြီးတော့ သူ(စစ်ခေါင်းဆောင်) ရေရှည် ရပ်တည်ရေး တနိုင်ငံတကာမှာ မျက်နသာ ရရှိရေး နိုင်ငံရေးထွက်ပေါက် ရာသက်ပန်မြန်မာ့နိုင်ငံရေးမှာ စစ်တပ် စိုးမိုးရေး အဲ့ဒါပဲ သူက ဦးတည်နေတာ၊ ဒါကတော့ အခုမှတော့မဟုတ်ပါဘူး၊ ဟိုအရင် တလျှောက်လုံးဒီလိုပဲ လုပ်လာခဲ့တာပါ” ဟု ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဟာ နယ်ပြည်တော်မှာ ယမန်နေ့ ဩဂုတ် ၃၀ ရက်နေ့ ကစတင် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး ၃ ရက်ကြာ အချိန်ယူ ဆွေးနွေးသွားမည်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ကတော့ LDU အထွေထွေ အတွင်းရေးမှူး ကျာ ဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အပါအဝင် ပအိုဝ်း အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်နဲ့ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တွေဟာ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့သည့် LDU အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ကို ကိုယ်စားမပြုသလို၊ လားဟူ လူမျိုး ကိုယ်စားလည်းမပြုဘူးလို့ LDU ဥက္ကဌ ကျာဟားက သြဂုတ် ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာထားပါတယ်။