• Today is: Sunday, May 19, 2024

ကန္တာရဝတီတိုင်း(မ်)သတင်းထုတ်ဝေမှု လက်မှတ်ရုတ်သိမ်းကြောင်း စစ်ကောင်စီ ကြေညာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၃

ကရင်နီပြည်အခြေစိုက် ကန္တာရဝတီတိုင်း(မ်)သတင်းဌာနမှ ရေးသားထုတ်ဝေ လျက်ရှိတဲ့ သတင်းအကြောင်း အရာများကို ဥပဒေနဲ့အညီစည်းကမ်းချက်ကို လိုက်နာခြင်းမရှိတဲ့အတွက် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၉ရက်နေ့မှစ ရုတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ကြေးမုံသတင်းစာမှ ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ အသိပေးကြေညာ ထားပါတယ်။

“အခုလို စစ်ကောင်စီဘက်က ကန္တာရဝတီတိုင်း(မ်)သတင်းထုတ်ဝေမှု ရုပ်သိမ်း လိုက်တာက ကန္တာရဝတီ တိုင်း(မ်)သတင်းဌာနကို ပြည်သူတွေအတွက် တရားဝင် မှန်ကန်တဲ့ သတင်းထုတ်ပြန် တင်ဆက်ပေးနေ တယ်ဆိုတာကို စစ်ကောင်စီ ဆီဘက်က အသိအမှတ်ပြု ထောက်ခံပေးလိုက်တဲ့ သဘောလို့ ပြောလို့ရ တာပေါ့” ဟု ကန္တာရဝတီတိုင်း(မ်)သတင်းဌာန အယ်ဒီတာချုပ် ကိုချစ်အေးက မှတ်ချက်ပေး ပြောဆိုပါတယ်။

စစ်ကောင်စီက ရုတ်သိမ်းကြောင်းကြေညာတဲ့ အဆိုပါ ထုတ်ဝေခွင့် လက်မှတ် ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ထုတ်ဝေခွင့် ကုန်ဆုံးသွားပြီး ဖြစ်ပြီး ထပ်မံ သက်တမ်းတိုးထားခြင်း မရှိကြောင်း စာဖတ်ပရိသတ်ကို ကန္တာရဝတီတိုင်း(မ်)သတင်းဌာနဘက်က အသိပေးပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနဟာ ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသတွေမှာ အခြေစိုက်ကာ သတင်းလုပ်ငန်းတွေကို စတင်ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် မှာ ကရင်နီပြည်တွင်းကိုဝင်ရောက်အခြေချပြီး အရပ်သားအစိုးရ ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို လျှောက်ထားခဲ့ ဖြစ်ပြီး လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး သတင်းကျင့်ဝတ်နှင့် အညီ ကရင်နီပြည်တွင်းက ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို ဒီကနေ့အချိန်ထိ တင်ဆက် ပေးလျက် ရှိနေပါတယ်။

ကရင်နီပြည်တွင်းမှာ ၂၀၁၃ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း ဂျာနယ်ထုတ်ဝေခဲ့ပြီး နောက် ၂၀၂၁ခုနှစ်မှစ အွန်လိုင်း ပလက်ဖောင်း ဖြစ်တဲ့ အွန်းလိုင်း ပလက် ဖောင်း ဖြစ်တဲ့ Websites (Eng, Bur)၊ Social Media (facebook, youtube, Twitter)တွေအပြင် kantarawaddy times Mobile application ကနေ လည်း သတင်းတွေကို တင်ဆက် ပေးနေပါတယ်။

ဒါ့အပြင် အင်တာနက်၊ တွေမရရှိနိုင်တဲ့ ကရင်နီပြည်တွင်းက မြို့နယ် တွေ အတွက် FM radio အစီအစဉ်ကို ၁၀၀ MHZ ကနေ ထုတ်လွင့်ပေးနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ စစ်ကောင်စီမှ ကန္တာရဝတီ တိုင်း(မ်)သတင်းဌာန အပါအဝင် Myanmar Now၊ DVB ၊ ခေတ်သစ်မီဒီယာ၊ Mizzima၊ 7Day ၊ ရှမ်းပြည်အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ၊ ကချင်ပြည်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်၊ The 74 Media တွေကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းလိုက်ကြောင်း ကြေညာထားပါတယ်။