• Today is: Sunday, May 19, 2024

စစ်ကောင်စီခေါင်းဆောင် လုံခြုံရေး သွားယူတဲ့ စစ်တပ်ယာဉ်တန်း KNU တိုက်ခိုက်

ဓါတ်ပုံ- KNU
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၉
 
မွန်ပြည်နယ်၊ မော်လမြိုင်မှာ စစ်ကောင်စီခေါင်းဆောင် လုံခြုံရေးသွားယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို သထုံမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ Salween Press ကဖော်ပြပါတယ်။
 
မော်လမြိုင်မှ ရန်ကုန်အပြန် အဝေးပြေးကားလမ်းပေါ် သထုံဘက်ကို ပြန်လာတဲ့ စစ်ယဉ်တန်းတို့ကို တိုက်ခိုက်တာဖြစ်ပြီး ၉ ဦးသေဆုံးခဲ့သလို ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
“မနေ့ ည ၉ နာရီ ၄၀ လောက်မှာ သထုံဘက်ပြန်လာတဲ့ စစ်တပ်နဲ့ရဲကား ၇ စီးပါယာဉ်တန်းကို ရွှေအင်ဒုန်ကုန်းဆင်းမှာ ၁ ကြိမ်နဲ့ ဒေါင်းရပ်လမ်းခွဲမှာ တစ်ကြိမ်မိုင်းဆွဲပစ်ခတ်တယ်။ အရှေ့ကား ၃ စီးတော့ပေးလွတ်လိုက်တယ်။ နောက်ကား ၄ စီးထဲက ပထမမြောက်အစီးမှာမိုင်းဆွဲလို့ နောက်ကားက အရှိန်နဲ့ဝင်တိုက်တယ်။ ကျန်တစ်စီးက RPG နဲ့ပစ်တယ်။ နောက်ကား ၄ စီးစလုံးပျက်တယ်။ အဲ့ချိန်မှာ ကိုယ့်လူတွေလက်နက်ငယ်နဲ့ပါ ပစ်ခတ်ခဲ့တယ်” လို့ KNLA တပ်မဟာ ၁ မှ တပ်မှူးတစ်ဦးက ကပြောပါတယ်။
 
သေဆုံးခဲ့တဲ့ ၉ ဦးထဲမှာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ IO ထောက်လှမ်းရေး ၁ ဦးနှင့်တပ်ကြပ်ကြီးစာရင်း ၁ ဦး၊ ဘီးလင်းက ဒုရဲမှူး အောင်မြစိုးနှင့် ရဲတပ်သားတစ်ဦးပါဝင်တယ်လို့ ဖြစ်တယ်လို့ တပ်မှူးက ပြောပါတယ်။
 
ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထဲက ၇ ဦးကို ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်သူတွေကိုတော့ ကျိုက်ထိုဘက် ပြန်သယ်ဆောင်သွားတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
 
စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးကားတွေဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းအပြန်မှာ ၂ ကြိမ်တိုက်ခိုက်ခံခဲ့ ကြတာပါ။
စစ်ကောင်စီ ဥက္ကဋ္ဌဟာ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့က ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ကို သွားရောက်ခဲ့ပြီး အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် (MSME) များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။