• Today is: Sunday, May 19, 2024

အိမ်ထောင်သည် အမျိုးသမီးတဦးကို မုဒိမ်းမှုကျူးလွန်လို့ တပ်သား နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ချမှတ်ခဲ့တယ်လို့ AA ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၀

အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) တပ်သားနှစ်ယောက်ကို ထောင်ဒဏ် အနှစ် ၂ဝ နဲ့ ကြိမ်ဒဏ် အချက်ပေါင်း ၃ဝ ချမှတ်လိုက်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ရွာက အသက် ၃၀ အရွယ် အိမ်ထောင်သည် အမျိုးသမီးကို AA စစ်သား နှစ်ဦးက လက်နက်အားကိုးနဲ့ မုဒိမ်းမှုကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတပ်သား နှစ်ဦးဟာ အဆိုပါ အမျိုးသမီးတစ်ဦးကို ၎င်း၏ နေအိမ်မှာ လက်နက်အားကိုးဖြင့် အဓမ္မပြု ကျင့်ခဲ့တာလို့ ကျူးလွန်ခံရသူဘက်က တိုင်တန်းလာသည့်အတွက် ရက္ခိုင့်တပ်တော်က စနစ်တကျ စစ်ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

စစ်ခုံရုံးအဖွဲ့က သက်သေခိုင်လုံစွာဖြင့် အမှုမှန်ကို စုံစမ်းတွေ့ရှိတာကြောင့် ရက္ခိုင့်တပ်တော် (AA) တပ်သား နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂ဝ နဲ့ ကြိမ်ဒဏ် အချက်ပေါင်း ၃ဝ ချမှတ်လိုက်တယ်လို့ AA က ထုတ်ပြန် ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ဒေသတွင်း လူမျိုး ဘာသာမခွဲခြားဘဲ ပြဌာန်းထားတဲ့ ဥပဒေတွေအတိုင်း တရားဥပဒေစိုးမိုးမှုအတွက် ကိုယ်ပိုင်တရားစီရင်ခွင့် ​ပြဌာန်းစီရင်ရေးတို့ကို ကျယ်ပြန့်စွာ အကောင်အထည် ဖော်ဆောင်နေတာပါ။

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရက္ခိုင်ပြည်သူ့အစိုးရလို့လည်း သုံးနှုန်းထားပါတယ်။

ယခု မုဒိမ်းမှု ကျူးလွန်ခံရသူဟာ မွတ်ဆလင် အမျိုးသမီးဖြစ်တယ်လို့ ရခိုင်သတင်းတွေမှာ ဖော်ပြပါတယ်။