• Today is: Tuesday, April 30, 2024

လွိုင်ကော်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ဓာတ်ပုံ – KNDF-B 02

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၄

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက ကုန်းဆွတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့လို့ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအတွင်းသို့ ယမန်နေ့(နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်း ၉ နာရီခန့်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးကျည် နှစ်လုံးထက်မနည်း ပစ်ခတ်ခဲ့လို့ ကျရောက်ပေါက်ကွဲခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ကယား(ကရင်နီ)ပြည်နယ်၊ မြို့နယ်ဒေသများက ကျေးရွာများမှာ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်လို့ ယခုလအတွင်း သေဆုံးသူများ ၅ ဦးထက်မနည်း ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ အရပ်သားပြည်သူများ ၁၄ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။