• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 33, April 25, 2023)

၁။    KNLA နဲ့ Royal Peacock Columu ပူးပေါင်းစစ်ကြောင်း စစ်တပ်စခန်းတွေကို တိုက်ခိုက်၊ လက်နက်             တွေသိမ်းဆည်းရမိ
       April 24, 2023

ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ အတွင်း စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ Royal Peacock Column တို့ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ Royal Peacock Column က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဧပြီလ ၂၂ ရက်၊ မနက် ၄ နာရီခွဲ ဝန်းကျင်မှာ တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ် နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနဲ့ လယ်ဒိုမြို့နယ် ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းတို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၇ ဦး သေဆုံးကာ မနက် ၆ နာရီ ဝန်းကျင်မှာ တိုက်ပွဲပြီးဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီထံက MA-1 ၃ လက်၊ MA-3 တစ်လက်၊ G3 ၂ လက်နဲ့ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း တစ်လက် စုစုပေါင်း လက်နက် ၇ လက် သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ Royal Peacock Column ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/MeKongNew sMM/photos/pcb .1215769979082937/1215769 695749632/

၂။    ဖားကန့်မြို့၊ Happy KTV တွင် စစ်ကောင်စီ၏   ဒုဗိုလ်မှူးအပါအဝင် ၅ ဦး ပစ်သတ်ခံရ
April 24, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်က Happy KTV မှာ ဒီကနေ့မနက် ၅ နာရီခွဲလောက်က စစ်ကောင်စီ ရဲ့ ဒုတိယဗိုလ်မှူးအပါအဝင် ၅ ဦးကို အမည်မသိ လူတစ်စုကနေ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ သွားရောက်ပစ်ခတ်ချိန် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။ “ ထိခိုက်တာလည်း များတယ်။သူတို့ကို ဖားကန့်ပြည်သူဆေးရုံကို ခေါ်သွားတယ်လို့ ပြောပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီ ခလရ(၇၆)မှ ဒုတိယ ဗိုလ်မှူးဇော်မောင်၊ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဗိုလ်မှူးဇော်မောင် ဟာ လုံးခင်းကျေးရွာတဝိုက် လှုပ်ရှားတဲ့ စစ်ကြောင်းမှူးဖြစ် တယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။ “သူကလုံးခင်းတစ်ဝိုက် လှုပ်ရှားတဲ့ စစ်ကြောင်းမှူးဟုတ်တယ်။ ကုမ္ပဏီ တွေကို ဝင်ဖမ်းတာတွေ လမ်းမှာစစ်ဆေးတာတွေ ကားတွေဖမ်းဆီးတာတွေ သူတို့ဟုတ်တယ်။”လို့ ပြောပါတယ်။ စစ်ကောင်စီ ဒုတိယ ဗိုလ်မှူးအပါအဝင် ၁၀ ယောက်ကျော် Happy KTV အခန်းအမှတ် (၇၇၇)မှာ ပျော်ပါးနေစဉ် အမည်မသိ လူတစ်စုကနေ သွားရောက်ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။ https://www.facebo ok.com /myitkyinanewsjournal.mm /photos/a.182072622159000/1881826808850231/

၃။        RCSS က ချောင်းမြောင်းပစ်ခတ်နေလို့ တိုက်ပွဲဆက်ဖြစ်နေတာလို့ SSPP ပြော
          April 24, 2023

ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ SSPP နဲ့ RCSS တို့ အခု ရက်ပိုင်းအတွင်း တိုက်ပွဲ တွေ ဖြစ်ပွားနေရာ ရပ်တန့်ဖို့ ရှိပေမယ့် RCSS က ချောင်းမြောင်း ပစ်ခတ်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မတ်လ ၂၃ ရက် မှာ SSPP က ထုတ်ပြန်ပါတယ်။ SSPP ဘက်က ပစ်ခတ်မှု ရပ်တန့်မှာဖြစ်ပေမယ့် RCSS ဘက်က ချောင်းမြောင်း ပစ်ခတ်တာ၊ တိုက်ပွဲ ဖော်ဆောင်တာနဲ့ မိုင်းထောင်တာတွေ အဆက်မပြတ် လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေရတယ်လို့ SSPP က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ SSPP ရဲ့ လှုပ်ရှား စစ်ကြောင်းတွေကို လဲချားမြို့နယ်ထဲက ကန်အုံ၊ ဟိုင်းဆိုင် အထိရောက် ရှိပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ကာ ဟိုင်းဆိုင်မြောက်ပိုင်းအထိ တပ်ဆုတ်ခဲ့ပေမယ့် RCSS က မတ်မုံဆန်းရွာမှာ တကြိမ်၊ ဧပြီ ၂၂ ရက် မတ်ကောက်ရွာမှာ တကြိမ် SSPP စစ်ကြောင်းကို ချောင်းမြောင်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေ အနေတွေကြောင့် ဧပြီ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင် ကွန်ဟိန်းမြို့နယ်၊ နမ့်တွတ်ရွာ အနောက်ဘက်က လွိုင်ဟုန်းငူး တောင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း တစ်ဦး၊ M-22 တစ်လက်နဲ့ စစ်အသုံး အဆောင်တချို့၊ တပ်ရင်း တံဆိပ် ပါ လည်ပတ်တွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ https://www .facebook.com/MeKo ngNewsMM/photos/pcb.1215791329080802/1 215790899080845

၄။    နောင်ချို – ပြင်ဦးလွင် တိုက်ပွဲတွေမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအ၀င် စစ်သား ၁၀၀ ကျော်ခန့်             သေဆုံး
       April 24, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနဲ့ ပြင်ဦးလွင် မြို့နယ်စပ်ဒေသမှာ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)-MDY PDF တို့  ဧပြီလ ၅ ရက်ကနေ ၂၂ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်တပ် ဒုဗိုလ်မှူးကြီး တစ်ဦး ၊ တပ်ခွဲမှူး ၂ ဦးအပါအ၀င် စစ်သား ၁၀၀ ကျော်သေဆုံးတယ်လို့ MDY PDF က ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ ၅ ရက်ကနေ ၂၂ ရက်အထိ ၁၈ ရက်တာ အတွင်း တိုက်ပွဲပေါင်း ၂၂ ကြိမ်ထိ ဖြစ်ပွားပြီး ၄ ကြိမ်ကတော့ တစ်နေကုန်တဲ့ ထိပြင်းထန်တယ်လို့ MDY PDF နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲက ၁၈ ရက်ပေါ့လေ။ ဆက်တော့ဖြစ်နေမှာပဲ။ ဒီ ၁၈ ရက်အတွင်း တိုက်ပွဲ ၂၂ ကြိမ် ရှိတယ်။ ဒီထဲက ၄ ကြိမ်က တစ်နေကုန် ပစ်ရတဲ့ ထိ ပြင်းတယ်။ စစ်ကောင်စီဘက်က ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉) ၊ ခမရ (၁၄) နဲ့ ပြည်သူ့စစ်ခွေး တွေလည်းပါတယ်။ အင်အား ၄၀ လောက်ရှိတဲ့ စနိုက်ပါ အဖွဲ့လား၊ ကွန်မန်ဒိုလားပါသေးတယ်။ မထူးပါဘူး။ အကုန်သေတာပဲ။ ဒီကောင်တွေ ၁၀၀ ကျော်လောက်ကို သေတာ” လို့ သူကပြောပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထဲမှာ စစ်တပ် ဒုဗိုလ်မှုးကြီး အဆင့် တစ်ဦးနဲ့ တပ်ခွဲမှူး ၂ ဦးလည်းသေတယ်လို့ သူကဆက်ပြောပါတယ်။

“မန္တလေး PDF တပ်စွဲထားတဲ့ နေရာကို အိမ်စီးကား ၂ စီး ရောက်လာတယ်။ ကားပေါ်မှာ ယူနီဖောင်း၀တ် ၁ ကောင်ပါ လာတယ်။ တားစစ်တာ မရပ်ပေးတော့ ပစ်တယ်။ တာတိုင်ကျေးရွာနဲ့  ငုက္ခလေး ကျေးရွာကြားမှာ ပြန်ဖမ်းမိတယ်။ ကားပေါ်မှာ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း ကို သူ့ အိုင်ဒီကတ်တွေနဲ့ အသေဖမ်းမိတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ခွဲမှူး ၂ ဦးလည်းသေပါတယ်”လို့ သူကပြောပါတယ်။ ဧပြီလ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ကုန်းကို၀င်‌ရောက်တိုက်ခိုက်ရာ စစ်သားတွေထွက်ပြေးသွားလို့ မန္တလေး PDF က နေရာယူထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ထံက  MA(3) ၃ လက်၊ 5.56 ကျည် အများအပြား၊ ၉ မမ ကျည် အတောင့်(၂၀)၊ ၆၀ မမ အသီး (၁၀)လုံး နဲ့ အခြား ဆက်စပ်ပစ္စည်း များသိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDF ကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးရဲဘော်(၁၁)ဦးလည်း တိုက်ပွဲအတွင်း အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတစ်ချို့လည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ http s://www.facebook.com/MeKongNewsMM /photos/pcb.121550490910 9444/1215504849109450/

၅။    စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် မှော်ပုံနှင့် ဆန်ခါကျေးရွာသူ/သားများ               ပြန်လည် လွတ်မြောက်ခြင်း မရှိသေး
       April 24, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံနဲ့ ဆန်ခါကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်းကနေ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံတွေကို ဒီကနေ့ ၄ ရက်မြောက်တဲ့နေ့အထိ ပြန်လွတ်ပေးတာ မရှိသေးပါဘူး။ လက်ရှိမှာတော့ ဖမ်ဆီးထားတဲ့ ဒေသခံတွေကို ကံဆီးဗျူဟာစခန်းဘက်မှာ အယောက် ၇၀ ခန့်နဲ့ မဇွပ်ယန်အကျဉ်း ထောင် အနီးက စစ်တပ်စခန်းမှာ အယောက် ၁၄၀ ခန့် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ လုံးခင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါ တယ်။ “စိတ်ပူနေကြရတာပေါ့၊ လေးရက်တိတိမရောက်သေးတော့။ ကံဆီးဗျူဟာစခန်းဘက်မှာ ထမင်းထုပ်အယောက် ၇၀ စာ ပို့ခိုင်းတယ်။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၂၁ ရက်နေ့က မှော်ပုံရွာနဲ့ ဆန်ခါကျေးရွာ ကို မနက်တစ်ကြိမ်နဲ့ နေ့လယ်ပိုင်းတစ်ကြိမ် ဝင်ရောက်ဖမ်းဆီးပြီးနောက် ဒေသခံတွေကို နှစ်ဖွဲ့ခွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဖားကန့်ဒေသခံနောက်တစ်ဦးကလည်း အတည်ပြုပြော ဆိုပါတယ်။ “မလွတ်သေးဘူး။ တစ်ဖွဲ့က ကံဆီးခေါ်သွားတယ်။ တစ်ဖွဲ့က အချုပ် ထောင်ဘက်။ မနေ့က ထပ်ဖမ်းတယ်လို့လည်း ကြားတယ်။”လို့ ဒေသခံက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်ရှိအချိန် နှစ်ရွာပေါင်းက ဖမ်ဆီးခေါ်ဆောင်သွားသူ ၂၁၂ ဦးခန့်  ရှိပြီဖြစ်တယ်လို့ လည်း သိရပါတယ်။ အခုလို ကျေးရွာနေပြည်သူတွေကို လူသာဒိုင်းအဖြစ်ဖမ်းဆီးဆောင်တာမျိုးတွေဟာ မဖြစ်သင့်ဘူးလို့လည်း အထက်ပါလုံးခင်းကျေးရွာဒေသခံ အမျိုးသားက သုံးသပ်ပြောဆိုပါတယ်။ “ရိုးရိုးသားသားမို့လို့ ရွာထဲမှာ၊အိမ်မှာနေကြတာလေ။ သူတို့ဝင်လာတာသိတယ်။ ပြေးမယ်ဆို အချိန်ရတယ်။ အဲဒါကို အနိုင်ကျင့်ဆန်ဆန် ဖမ်းသွားတာပေါ့ဗျာ။”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာမှာရှိတဲ့ ကျေးရွာ နေ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီကနေ လူသားဒိုင်းအဖြစ် စစ်ကောင်စီယာဉ်တန်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ https://www.facebook.com/myitkyinanewsjournal.m m/photos/a.18207262 2159000/1882362868796625/

၆။    KNU ကော့ကရိတ်မြို့နယ်ရှိ ကိုယ်ထူကိုယ်ထအထက်တန်းကျောင်း၏ ကျောင်းဆင်းပွဲတစ်ခုပြုလုပ်ခဲ့
       April 24, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲရှိ အစိုးရ ထောက်ပံ့မှု မရယူတော့ သည့် ကိုယ်ထူးကိုယ်ထ အထက်တန်းကျောင်းတစ်ကျောင်းမှ Grade(12) အောင်မြင်သူများ၏ ကျောင်းဆင်းပွဲကို ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများထံမှသိရသည်။  ကျောင်းသူ၊ကျောင်းသား၏ တစ်နှစ်တာကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် အောင်လက်မှတ် ပေးအပ်ခြင်းအပြင် ထူးချွန်ကျောင်းသူကျောင်းသားများကိုပါ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း ကျောင်းဆရာ တစ်ဦးက ယခုလိုပြောသည်။ “ကျောင်းသားတွေ Grade 12 အထက်တန်းအဆင့်‌ အောင်မြင် ပြီး သက်ဆိုင်ရာ ကောလိပ်ကျောင်းတက်ဖို့ ထောက်ခံချက်အတွက်ကော သူတို့ရဲ့ တစ်နှစ်တာအတွင်း ကြိုးစားအားထုတ်မှုကိုပါ အသိအမှတ်ပြု တဲ့အနေနဲ့ အောင်လက်မှတ်နဲ့ ဆုပြန်လည်ချီမြှင့်ပေးတယ်” ဟု ပြောသည်။ အဆိုပါ အထက်တန်းကျောင်းသည် ယခင် စစ်အာဏာသိမ်းမှုမဖြစ်ခင်ကာလက အစိုးရ၏ အလယ်တန်းအဆင့် ကျောင်းဖြစ်ခဲ့သော်လည်း အာဏာသိမ်းမှုကိုလက် မခံသောကြောင့် ဒေသခံများမှအစိုးရ၏ ထောက်ပံ့မှု အကူအညီမရယူတော့ဘဲ ကိုယ်ထူကိုယ်ထကျောင်းအနေဖြင့် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြောင်းလဲ ရပ်တည် လာခဲ့ကြောင်းလည်းကျောင်းကော်မတီများက ပြောသည်။

ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်ရာ ဒူပလာယာခရိုင်အတွင်းတွင် ကိုယ်ထူကိုယ်ထ ကျောင်းများအနေဖြင့်  ပြောင်းလဲရပ်တည်သွားသည့် ကိုယ်ထူကိုယ်ထ အထက်တန်း ကျောင်း (၅)ကျောင်း ရှိသည့်အနက် ယခု ကျောင်းသည့် လက်ရှိ ပညာသင်နှစ်၏ အောင်ချက် အကောင်းဆုံး ကျောင်းဖြစ်ခဲ့ကြောင်းလည်း ကျောင်းကော်မတီဝင်များကဆို သည်။ ကျောင်းကော်မတီဥက္ကဌက”ဒီ‌နှစ် ကျနော်တို့ အထက်တန်းကျောင်းက ကျောင်းသူ၊ကျောင်းသား (၆၃) ယောက်ရှိတယ်။ ၄၇ အောင်သွားတယ်။ ဒူပလာယာခရိုင်အတွင်းမှာ အထက်တန်းကျောင်း (၅) ကျောင်းထဲမှာ ကျနော်တို့ ကျောင်းက Top 10 အောင်မြင်သူ(၆)ယောက်ရှိတယ်။ ‌ကျောင်း ၅ ကျောင်းထဲမှာအောင်ချက် အဆုံးကောင်းဖြစ်တယ်”ဟုပြောသည်။ အဆိုပါ အထက်တန်းကျောင်းသည် ယခင်ကအစိုးရ၏ သင်ရိုးညွန်တမ်းကိုရယူသင်ကြားခဲ့သော်လည်း ကိုယ်ထူ ကိုယ်ထအနေဖြင့် ပြောင်းလဲသတ်မှတ်ချိန်မှစ၍ KNU ၏ ပညာရေးဌာနဖြစ်သည့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD)၏ ပညာရေးသင်ရို ညွန်တမ်းကိုရယူကာပြောင်းလဲ သင်ကြားပေးခဲ့ကြောင်းလည်း ကျောင်းတာဝန်ရှိသူများထံမှသိရသည်။ ၎င်းအထက်တန်း ကျောင်းကို စတင်ဖွင့်လှစ်သည့် ၂နှစ်တာကာလအတွင်းတွင် အခက်အခဲ လိုအပ်ချက် အမျိုးမျိုး ရှိခဲ့သလို လတ်တလောတွင်လည် ကျောင်းကို ရေရှည် ရပ်တည်လည်ပတ်သွားရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ကျောင်းကော်မတီဝင်များကပြော သည်။ ယမန်နေ့ကပြုလုပ်ခဲ့သည့် အဆိုပါကျောင်းဆင်းပွဲအခမ်း အနားကို KECD ပညာရေးတာဝန်ရှိသူများ၊ ကျောင်း ကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသား မိဘများအစရှိသည့် လူဦးရေစုစုပေါင်း (၈၀၀) ဝန်းကျင် ခန့် တက်ရောက်ခဲ့သည်။ https://www .facebook.com/photo/?fbid=611320597691489&set=pcb .611320704358145

၇။    PNO ပြည်သူ့စစ်က နမ့်နိန်းဒေသခံတွေကို ယူနီဖောင်းဝတ်ပေးပြီး လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြင်ဆင်
       April 25, 2023

PNO ပြည်သူ့စစ်က စစ်ရှောင်နေတဲ့ ဒေသခံတွေကို အကာအကွယ်ပြုပြီး နမ့်နိန်းကျေးရွာထဲ ဝင်ရောက် တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့ နယ် ဆောင်းပြောင်း(လဲင်းဗွာလ) ကျေးရွာမှာ ဗိုလ်မှူးခွန်အောင်သိန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ် စစ်ကြောင်းနဲ့ နမ့်နိန်းရွာ ဇာတိ ခွန်ရန်အောင် တို့ ဧပြီလ ဒုတိယပတ်တုန်းက တွေ့ဆုံရာမှာ အဲ့ဒီလို ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါ တယ်။ နမ့်နိန်းကျေးရွာထဲကို ဝင်ရောက်နိုင်ဖို့ PNO ပြည်သူ့စစ်က လူ၊ လက်နက်၊ ကား စီစဉ်ပေးမှာဖြစ်ပြီး နမ်းနိန်း ရွာသားတွေနဲ့ လုံးပြင်ရွာသားတွေ အနေနဲ့ PNO စစ်ကြောင်းမှာ အင်အား ဖြည့်တင်းပေးရမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ “ရွာသားတွေက PNO ယူနီဖောင်းဝတ်ပြီး အင်အားဖြည့်ရမယ်။ လက်နက်ကို PNO ကပေးမယ်။ ရွာထဲ ရောက်ရင်တော့ PNO က ရွာထဲမှာ စခန်းထိုင်မယ်။ အင်အားဖြည့်ထားတဲ့ ရွာသားတွေက အပြင်စည်းမှာ လုံခြုံရေးစောင့်ပေးရမယ်လို့ PNO စစ်ကြောင်း မှူးနဲ့ ခွန်ရန်အောင်က ပြောတယ်။ ရွာသားတွေကတော့ လက်မခံဘူး။ ရွာသားတွေက စစ်သားတွေမှ မဟုတ်တာ၊ အဲလိုဝင်လို့ တိုက်ပြီဟေ့ဆို ဘာမှမတတ်တဲ့ ရွာသားတွေ သေကုန်မှာလေ” လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

စစ်ရှောင်နေတဲ့ ရွာသားတွေကို လက်နက်ကိုင်ခိုင်းပြီး စစ်ကြောင်းထဲ အင်အားဖြည့်တာဟာ လူသားဒိုင်း အနေနဲ့ အသုံး ပြုတာဖြစ်လို့ ရွာသားတွေက လက်မခံတာကြောင့် PNO ပြည်သူ့စစ် စစ်ကြောင်းမှူးက စစ်ရှောင်နေတဲ့ နမ့်နိန်း၊ လုံးပြင် စတဲ့ ဒေသခံတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ နောက်ထပ် သတင်းရင်းမြစ်က ပြောပါတယ်။ “ရွာသားတွေ လက်မခံတော့ အဲ့ဒီ PNO စစ်ကြောင်းမှူးက မင်းတို့တွေ တောင်မဲသင်း ဘုရားတောင်လို ဖြစ်သွားမယ် ဆိုပြီး ခြိမ်းခြောက်သေးတယ်ဗျ” လို့ သူကပြောပါ တယ်။ PNO ရဲ့ အစီအစဉ်ကို ရွာသား တစ်ချို့ လက်ခံလိုပေမယ့် အချင်းချင်း တားမြစ်ကြလို့ လက်ရှိအချိန်ထိ ဒီအစီစဉ် အကောင် အထည် မဖော်နိုင်သေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “တစ်ချို့ ကျွန်တော့် အမျိုးပဲ၊ လက်ခံရင် ကောင်းမလားဆိုပြီး လုပ်နေလို့၊ မင်းတို့က ဒေသခံပြည်သူတွေ စစ်ပညာတတ်တဲ့ သူတွေလည်း မဟုတ်ဘူး။ ပြည်သူ့စစ် ယူနီဖောင်းဝတ် သေနတ်တွေ ကိုင်ပြီး သွားရင်တော့ မင်းတို့ရွာပဲ အထိနာမှာ။ ကျွန်တော့် အိမ်မှာပဲ အေးဆေးနေ၊ နယ်မြေငြိမ်းချမ်းမှ လူထု အနေနဲ့ပဲ ပြန်ပါလို့ ပြောထားရတယ်” လို့ သူကပြောပါတယ်။ လက်ရှိ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ စစ်ကောင်စီနဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့ PNO ပြည်သူ့စစ်ကို PNO ပြည်သူ့စစ် ဒုတိယ ကွပ်ကဲရေးမှူး ဒု-ဗိုလ်မှူးကြီး ခွန်ထွန်းရွှေ က ကွပ်ကဲပြီး တပ်ရင်းမှူး ခွန်အောင်သိန်း က ဦးဆောင်နေပါတယ်။ ခွန်ထွန်းရွှေ ဟာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ https://www.faceboo k.com/MeKongNewsMM/photos/a.373 965523263391/1216296242363644/

၈။    လက်နက်နှင့် အတူ ထွက်ပြေးသွားသည့် AA တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် ဖမ်းဆီး
       April 24, 2023

ရခိုင်ပြည့်၊ ရသေ့တောင်မြို့တွင် ဧပြီလ ၂၃ ရက်နေ့က လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ ဝင်နှစ်ဦးကို ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်က ရက္ခိုင့်တပ်တော် AA မှ ပြန်လည်ဖမ်းဆီးလိုက်ပြီဟု သိရသည်။ ထွက်ပြေးသည့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ ရသေ့တောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးပုန်ရှောင်နေရာ မှ ရက္ခိုင့်တပ်တော်ကနေ ခြိမ်းခြောက်ပစ်ခတ်ပြီး ပြန်လည်ဖမ်းဆီးခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။ “ထွက်ပြေးတဲ့ နှစ်ဦး က ပြည်သူ့ဆေးရုံးကြီး ဝန်ထမ်းအိမ်ရာဝန်းတွင် ပုန်းနေကြပါတယ်။ သူတို့ကို ရက္ခိုင့်တပ်တော်က ဒီနေ့ နံနက်က ပြန်လည် ဖမ်းဆီးသွားပြီလို့ သိရပါတယ်” ဟု ပြောသည်။ ပြည်သူ့ဆေးရုံးကြီးဧရိယာကို ရက္ခိုင့်တပ်တော်က လက်နက်၊ လူအင်အားအပြည့် အစုံဖြင့် ဝိုင်းဝန်းပြီး သေနတ်များ အချက်ရေမနည်း ပစ်ဖောက်ကာ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဟု နောက်ထပ်ဒေသခံအမျိုးသား တစ်ဦးက ထပ်မံပြောပြသည်။ “မနေ့ည ကတည်းက AA တပ်ဖွဲ့ဝင် ၁၀၀ လောက်က ဝိုင်းထားပါတယ်။ ညှိနှိုင်းမှုတွေလုပ်ကြပါ တယ်။ မရဘူးထင်တယ်။ ဒီနေ့ နံနက် ၅ နာရီလောက်ကတည်းက သေနတ်သံတွေ အပြန်အလှန် ပစ်ခတ်ကြပါတယ်။ ထွက်ပြေး လာတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးက လက်နက်ချမယ်။ ALP တပ်ဖွဲ့ဝင်တစ်ဦးက မချဘူး။ ဒါ့ကြောင့် ရက္ခိုင့်တပ်တော်က သေနတ်ခြိမ်း ခြောက်ပစ်ခတ်ပြီး သူတို့ ၃ ဦးစလုံးကို ဖမ်းသွားပါတယ်။ ကြိုးနဲ့ချည်ပြီး ဖိုင်ဘာဘုတ်နှင့် ပြန်လည်ခေါ်ယူသွားပါတယ်” ဟု ပြောသည်။

AA တပ်ဖွဲ့ဝင်နှစ်ဦးကို စည်းရုံးခေါ်ယူခဲ့သည့် ALP တပ်ဖွဲ့ဝင်မှာ ရက္ခိုင့်တပ်တော်ထံ ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့သည့် သင်္ကြန်ကာလက ရက္ခိုင့်တပ်တော်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သူဖြစ်ကြောင်း သိရသည်။ ထို့အပြင် ထွက် ပြေးခဲ့သည့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်နှစ်ဦးမှာ အမည်၊ ရာထူးနှင့် ထွက်ပြေးရသည့် အကြောင်းအရင်းများကို မသိရသေးပေ။ ရက္ခိုင့်တပ်တော် AA ထဲတွင် ထွက်ပြေးသူ၊ အကြောင်းမကြားဘဲ ပျောက်သွားသူ၊ အပြစ်လုပ်ထားပြီး တိမ်းရှောင်နေသည့်တပ်ဖွဲ့ ဝင်အချို့ရှိနေပြီး ၎င်းတို့ကို ရက္ခိုင့်တပ်တော်က ပြန်လည်ဖမ်းဆီး အရေးယူထားမှုရှိကြောင်း ရက္ခိုင့်တပ်တော်နှင့် နီးစပ် သူများ ထံမှ သိရသည်။ https://www.facebook.com/westernnewsagency/p hotos /a.119286173211229/75061842098/

၉။   ထားဝယ် ဘုရားမဲစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)
       April 25, 2023

တနင်္သာရီတိုင်း ထားဝယ်မြို့ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဧပြီလ ၂၃ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ တော်လှန် ရေးတပ် တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား(၁၅)ယောက်နဲ့အထက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)က ထုတ်ပြန်ဖော်ပြပါတယ်။ တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက် က အထိအခိုက်များခဲ့ပြီး ရဲဘော် ၁၆ ဦး(မစိုးရိမ်ရ)ဒဏ်ရာနဲ့  ရဲဘော် ၁ ဦး (စိုးရိမ်ရတဲ့) ဒဏ်ရာရခဲ့တယ်လို့လဲ သိရပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ထားဝယ်ခရိုင်တပ်ရင်း(၁)က ဗိုလ်ကျော်ကြီး ဦးဆောင်တဲ့ တပ်ခွဲ(၂)စစ်ကြောင်းနဲ့  Drone တပ်ဖွဲ့၊ဥဩစစ်ကြောင်း၊ DGRF ၊ Aline Force ၊ဧဒင်မှူး ၊သံမဏိပျောက်ကြား-နဘယံ၊ မဟာမိတ်အဖွဲ့အစည်းတွေ ပူး ပေါင်းကာ ဘုရားမဲစစ်‌ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့လဲဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ​ဧပြီလ ၉ ရက်​နေ့ ကလဲ ထားဝယ်ခရိုင်၊ သရက်​ချောင်းမြို့နယ်၊​စော်ဖျား​ကျေးရွာမှာ တပ်စွဲထား​တဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်သား(၂၀)ကျော် သေခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​​တော် (ထားဝယ်ခရိုင်)ထံက သိရပါ တယ်။ https://www.facebook.com/photo/?fbid=252578400 613824&s et=a.142028785002120

၁၀။   ဖယ်ခုံမြို့နယ် မြောက်စလုံးရွာ တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် သေဆုံးမှုရှိပြီး၊  လက်နက်များသိမ်းဆီးရမိ
        April 25, 2023

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မြောက်စလုံးရွာမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံး ထိခိုက်ရှိခဲ့တယ်လို့   ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီနေ့ မှာ ဓာတ်ပုံမှတ်တမ်းတွေ နဲ့အတူ ထုတ်ပြန်ပါတယ်။ ဧပြီ ၂၄ ရက်က ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင် နီပူးပေါင်းတပ်က အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ကြောင်း ဖော်ပြပါ တယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံးသူတွေထဲမှာ အရာရှိအချို့ပါဝင်သလို လက်နက် ၁၀ လက်ထက်မနည်း ရရှိခဲ့ကြောင်း ကရင်နီတပ်ဖွဲ့ရဲ့ သတင်းဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ RPG၊ လက်နက်ကြီး၊ စက်သေနတ်၊ လက်နက်ငယ်တွေပါဝင်ပြီး လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်အများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိသလို KNDF တပ်ရင်း (၁၁)က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက် ရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်က အထိနာလျက်ရှိပါတယ်။ https://www. facebook.com/photo/?fbid=57260796829 8440&set=pcb.572608161631754

၁၁။    ထီးချိုင့် ၃ ရက်တိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူးအပါအဝင် ၅၀ ဦးခန့် ကျဆုံးဟုဆို
        April 25, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ ဗျူဟာမှူးအပါအဝင် ၅၀ ဦးခန့် ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှ စတင်ကာ ဧပြီလ ၂၄ ရက်နေ့ အထိ နှစ်ဖက်ပြင်းထန်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် အကျအဆုံး များပြားခဲ့သောကြောင့် ဂျက်လေယာဉ် ဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “တိုက်ပွဲကတော့ သုံးရက် ဆက်တိုက် သူတို့ဘက်ကတော့ အနည်းဆုံး ၅၀ လောက်ကျတယ်။ ကိုယ့်ဘက်ကတော့ ၁ယောက်ကျတယ် ၅ ယောက်ဒဏ်ရာ ရတယ်။ သူတို့ဘက်ကတော့ ဗျူဟာမှူးပါကျတာ မနေ့ညနေ ၅ နာရီလောက်ကတော့ ဗျူဟာမှူးအလောင်းကို ရဟတ်ယာဥ်နဲ့ လာကောက်သွားတယ်။ ဗျူဟာမှူးကျတော့ မနေ့က ဝေဟင်ကနေ ၈ ကြိမ်ဝဲတယ်။ ၇ကြိမ် လာပစ်သွားတယ်”ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲတွင် ကျဆုံးသွားသော စစ်ကောင်စီ ဗျူဟာမှူးသည် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံး၏ ဒုဗျူဟာမှူးအဆင့်ရှိသူ ကိုကိုသက် ဆိုသူဖြစ်သည်ဟုသိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုများပြားသဖြင့်  လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်မှုတွင် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း စစ်ကောင်စီတပ်သည် ကျေးရွာ ၃ ရွာကို စီးနင်း မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးကဆို သည်။ “ကျေးရွာ ၃ ရွာကိုတော့ မီးရှို့တယ် ဝဲကြီး၊ တောမ၊ ဖုန်ကုန်းပေါ့ ဝဲကြီးရွာက ၅လုံးရှို့တယ်။ တောမရွာကတော့ မနေ့က ရော ဒီနေ့ကောရှို့နေတာ အိမ်ခြေများနိုင်တယ်။ ဖုန်ကုန်းကိုတော့ ဒီမနက်ရှို့တာ“ဟု ဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိ ဖြစ်ပွား နေသည့် တိုက်ပွဲအခြေအနေများကြောင့် ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်းရှိ ဝါးပိုးချောင်း၊ မရသိမ်၊ တောမ၊ ဖုန်ကုန် ၊ ဝဲကြီး၊ ဒိုးပင်၊ မိကျောင်းအိုက်စသည့် ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်သည် ဘေးလွှတ်ရာသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ အဆိုပါ စစ်ကြောင်း သည် ဧပြီလ၂၁ ရက် နေ့လည်ပိုင်းမှစတင်ကာ ထီးချိုင့်မြို့နယ် တောင်ဘက်ခြမ်းမှ ညောင်ပင်သာကျေးရွာသို့ ဝင်ရောက်လာသောကြောင့် KIA၊ PDF ပူးပေါင်းတပ်တို့ဖြင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ https://burmese. kachinnews.com /2023/04/25/az3-33/

၁၂။    ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ကတိုက်            ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိ
        April 24, 2023

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU တပ် မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ က နာရီဝက်အတွင်း တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိကြောင်း KNU က တရားဝင် သတင်း ထုတ်ပြန်သည်။ ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်  ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ  ၁  နှင့် တပ်မဟာ  ၅ ပူးပေါင်း တပ်ဖွဲ့က  အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ ၈ လက် အောက်ခံ ခမရ ၄၀၁  တပ်ရင်း၏ မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းကို  တိုက်ခိုက်ရာ  နံနက် ၅ နာရီတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။  စစ်တပ်ဂိတ်စခန်းကို  သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ တပ်သား ၅  ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး ပစ္စတို MA 5 ၁  လက်၊ K3 79  ၁  လက်၊ K3  ၃  လက်၊ ကျည်ဘောက် ၂၀  ခု၊ ကျည်ဆန်  ၁၅၀၀  တောင့်ကို သိမ်းယူ နိုင်ခဲ့ ကြောင်း သိရှိရသည်။

မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ တပ်မဟာ ၁ နှင့် တပ်မဟာ ၅  ကြားတွင်တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်၍ ခရီးသွားပြည်သူများအား စစ်ဆေး ခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ် စခန်းဖြစ်ကြောင်း သိရှိရသည်။ မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား  ၁၅ ဦးရှိပြီး  စစ်သား ၅  ဦးမှာ စခန်း အတွင်း သေဆုံးခဲ့ကြောင်း၊ ကျန်စစ်သား ၁၀  ဦးမှာ ဂိတ်စခန်း ကို စွန့်ခွာထွက်ပြေး လွတ်မြောက်သွားကြောင်း၊   မယ်စိထာဂိတ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့ကို ဦးဆောင်သူ တပ်မှူးများမှာ သထုံခရိုင်-KNLA အမှတ် ၁  တပ်မ ဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း  ၁၀၂ ဒုတပ် ရင်း မှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ်ပြီး KNU တပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ https://www.face book.com/photo/?fbid=581433300750947&set =a.568142278746716

၁၃။    ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျန်ရှိနေခဲ့တဲ့ စစ်ရှောင်များ ရာသီတုတ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောအဖြစ်           များနေ
        April 25, 2023

ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကျန်ရှိနေခဲ့တဲ့ စစ်ရှောင်တွေထဲက ကလေး၊ လူကြီးတွေ အများစုမှာ ရာသီတုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျော အဖြစ်များကြတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်လူထုတွေကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။ “ရာသီဥတု ပူတာရယ် ရေရှားတာရယ်ပေါ့နော်။ အဲ့ကြောင့်မို့ သူတို့ နှစ်ခုပေါင်းစပ်သွားတော့ အများအားဖြင့် ရာသီတုတ်ကွေး ဖြစ်တယ်။ နောက်တစ်ခုက ဝမ်းပျက်ဝမ်းလျောတွေ တော်တော်ဖြစ် ကြတယ်” လို့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။ ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေလောက်ပဲ အဖြစ်နည်းပြီး ကလေး နဲ့ သက်ကြီးပိုင်းတွေမှာ အဖြစ်များကြတယ်လို့ အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ “ကလေးလည်း ဖြစ်တယ်။ လူကြီးလည်း ဖြစ်တယ်။ ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေလောက်ပဲ သိပ်မဖြစ်ကြတာ။” လို့ အဆိုပါ စစ်ရှောင် အမျိုးသား က ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ပိုမိုခက်ခဲလာပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်တောက်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစ​ပြီး တိုက်ပွဲပြင်းထန်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေသခံတွေအပါ အဝင် အဲ့ဒီဒေသ ကို ယခင်ကတည်းက စစ်ရှောင်လာကြသူတွေဟာ ထပ်ဆင့်တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာတော့ စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းခွဲအထိ ရှိလာနေပြီဖြစ်တယ်လို့ ကရင်နီလူ့ အခွင့်အရေးအဖွဲ့ဆီကနေ သိရပါတယ်။ https://www.kantarawaddytimes .org/%e1 %80%92%e1%80%ae%e1%80%b8 %e1%80%99%e1%80%b1%e1%80

၁၄။   မိုးသက်လေပြင်းတိုက်ခတ်၍ လေးကေကော်စစ်ရှောင်ပြည်သူများနေထိုင်ရာ ယာယီနေအိမ် ၆ လုံးခန့် ပြိုကျ              ပျက်စီး
       April 24, 2023

မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်အနီး သောင်ရင်းမြစ်ကမ်းတွင်ရှိသော ပလောတပို့ စစ်ရှောင် စခန်း ထဲ၌ ယမန်နေ့ညနေပိုင်းက မိုးသက်လေပြင် ကျရောက်မှုကြောင့် လေးကေ့ကော်စစ်ရှောင် ပြည်သူများနေ ထိုင်သည့် ယာယီနေအိမ် ၆ လုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း လေးကေကော်မြို့သစ် အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင် ကပြောသည်။ ယမန်နေ့ ညနေပိုင်း လောက်ခန့်က ကရင်ပြည်နယ် အနှံ့အပြား မိုးသက်လေပြင်များ ကျရောက်ခဲ့ပြီး စစ်ရှောင် ပြည်သူများနေထိုင်ရာ နေအိမ်များ လည်း ထိခိုက်ခဲ့သောကြောင့် ယာယီလူနေအိမ် ၆ လုံးခန့်ပြိုကျခဲ့ကာ အချို့ သောနေ အိမ်များမှာ အမိုးလွင့်စင် သွားပြီး လက်ရှိ တွင် ပြိုကျသွားသည့် နေအိမ်များကို ပြန်လည် ပြုပြင် ပေးနေကြောင်း အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင်က ယခုလိုပြောသည်။ “အိမ် ၆ လုံးလောက်လဲသွားတယ်။ တစ်ချို့အိမ်တွေကျတော့လည်းအမိုး ကွာသွားတာတို့ရှိတယ်။ ကမ်းပါးပြို ကျတာတွေတော့ မရှိဘူး။ လက်ရှိတော့ ပြန်လည်ပြုပြင်နေတာတွေတော့ရှိတယ်” ဟု ပြောသည်။

အလားတူ အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့် ပလောတပို့စစ်ရှောင် စခန်းအတွင်းရှိ နေအိမ်များ ပျက်စီးခဲ့ သည့်အတွက် စစ်ရှောင်ပြည်သူအချို့ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း လေးကေကော် လူငယ်ကွန်ရက်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသေးသည်။ အလားတူ သောင်းရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်သည့် အခြား သော စစ်ရှောင်ပြည်သူများ၏ နေရာများတွင်လည်း မိုးသက်လေပြင်းကျရောက်မှုကြောင့် ယာယီဆောက်လုပ်ထားသည့် တဲများ ၏ တာလပတ် အမိုးအကာများ လွင့်ထွက်ကုန်ကြောင်း စစ်ရှောင်နေသူတစ်ဦးက ပြော သည်။ “မနေ့ညနေပိုင်းကလေတိုက်တာ တော်တော်ကြမ်းတယ်။ ဦးတို့နေရာက တာလပတ်နဲ့ပဲ ကာထားတော့ မိုးဒဏ် လေဒဏ်မခံနိုင်ဘူး။ မိုးဆက်ရွာလာမယ်ဆိုရင် တော့ တာလပတ်နဲ့နေလို့အဆင်မပြေတော့ဘူး”ဟု ပြောသည်။ ထိုသို့ မိုးသက် လေပြင်းကျရောက်မှုကြောင့် သောင်းရင်းမြစ် ကမ်းတစ်လျှောက်ရှိ နေရာဒေသအသီးသီးမှ ထွက်ပြေးတိမ်းရှောင်လာကြသော အခြားသော စစ်ရှောင်စခန်းများရှိ နေအိမ်ထိ ခိုက် ပျက်စီးမှု အရေအတွက် အသေးစိတ်ကိုမူ မသိရသေးပေ။ https://kicnews.org/2023/04/%e1%80%99%e1%80%ad %e1%80%af%e1%80%b8 %e1%80%9 e%e1%80%80%e1%

၁၅။    ဖားကန့်တွင် စစ်တပ် ဗိုလ်မှူးတစ်ဦးအပါ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လူငယ် ၂ ဦးကို ပစ်သတ်
         April 24, 2023

ဖားကန့်တွင် စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူနှင့် လုပ်ငန်းရှင်များ ဧပြီလ ၂၃ ရက်နေ့  ပစ်သတ်ခံခဲ့ရသော Happy KTV ရှေ့တွင် ယနေ့ နံနက်တွင် စစ်ကောင်စီတပ်များက လူငယ် ၂ ဦးကို ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသော လူငယ် ၂ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဖားကန့်မြို့ လုံးခင်းကျေးရွာအတွင်း ညအချိန် စစ်ကောင်စီတပ်ဖွဲ့ လှည့်ကင်းချိန်နှင့်ကြုံသဖြင့် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သည့် ဒေသခံ တစ်ဦးက ပြောသည်။ “မနေ့က ဖြစ်သွားတဲ့ KTV အပေါက်ဝ ရှေ့တည့်တည့်မှာ အဲ့အလောင်းနှစ်လောင်းကို ပစ်ထားတာ။ ခေါင်း တွေပွင့်ထွက်အောင် သေနတ်နဲ့ပစ်ထားတာ အလောင်းကိုဘယ်ချိန်လာပစ်ချသွားလဲမသိဘူး။ မနက်အစောကြီး ၄ နာရီလောက် ကတည်းက ရောက်နေပြီ။ အဲ့တာနဲ့ အလောင်းကတော့ နာရေးကူညီမှုအသင်းတွေက ကောက်သွားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်သွားသည့် လူငယ် ၂ ဦးသည် အသက် ၂၀ ကျော်အရွယ်ရှိကြသော လူငယ်များဖြစ်ကြပြီး အောင်ကြည်မင်း ဆိုသူနှင့်ကျန်တစ်ဦးမှာ ကချင်လူမျိုးဖြစ်ပြီး အမည်ကို စုံစမ်းနေဆဲ ဖြစ်သည်။ ဧပြီလ ၂၃ ရက်နေ့ မနက် ဖားကန့် Happy KTV တွင် ဖားကန့်သို့ အသစ်ပြောင်းလာသည့် ဖားကန့် ဗျူဟာကုန်းမှ ဗိုလ်မှူးဇော်မောင် နှင့် လုပ်ငန်းရှင်များ ၂ ဦးပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီဘက်မှ ပြန်လည် လက်တုံ့ပြန်သည့်အနေဖြင့် ယခင်က ဖမ်းဆီးထားသော လူငယ် ၂ ဦးကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံအများစုက သုံးသပ်ပြောဆိုသည်။ ဖားကန့်တွင် စစ်ကောင်စီတပ် က ယခုကဲ့သို့ လက်တုံ့ပြန်သည့် လုပ်ရပ်မျိုး မကြာခဏပြုလုပ်လျက်ရှိပြီး ပြီးခဲ့သော လပိုင်းများတွင်လည်း စဗျစ်ခူးကျေးရွာအနီး စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရသဖြင့် အထိနာခဲ့သောကြောင့် စဗျစ်ခူးရွာသား ၁၀၀ နီးပါးကို ဖမ်းဆီးမှုများရှိခဲ့သည်။ https:// burmese.kachinnews.com/2023/04/24/az3-

၁၆။   နောင်ချို တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၄ ထောင် နီးပါးရှိလာ
        April 24, 2023

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၄ ထောင် နီးပါးရှိကြောင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က နောင်ချိုမြို့နယ်တွင် တိုက်ပွဲတစ်ဖန် ပြင်းထန်ခဲ့မှုကြောင့် ဒိုးပင်၊ ဟိုခို၊ လုံရုံး စသည့် ကျေးရွာများမှ စစ်ရှောင် ဦးရေ ၁ ထောင်ကျော်သည် နေရပ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်နေကာ မြို့ပေါ်ရှိ ဆွေမျိုးအိမ်နှင့် ဘုန်းကြီးကျောင်းတွင်လာ ရောက်ခိုလှုံခဲ့ရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။ နောင်ချိုမြို့နယ်တွင် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့မှု ကြောင့် လက်ရှိ စစ်ရှောင်ဦးရေ ၃ ထောင်ကနေ ၄ ထောင် နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။ “ လောလောဆယ် စစ်ရှောင်ဦးရေက ၃ ထောင်ကျော်ကျော် ၄ ထောင် နီးပါးလောက်ရှိနေပြီဗျ။ ဒိုးပင်၊ ဟိုခို ဖက်ကလာတာများ တယ်။ တချို့လည်း ဆွေမျိုးတွေရှာပြီး ဆွေမျိုးနဲ့လာနေကြတယ်။ တချို့က ဘုန်းကြီးကျောင်းမှာ နေတယ်။ စားနပ်ရိက္ခာက တော့ ရှိတဲ့သူ၊ တတ်နိုင်တဲ့သူတော့ ကောင်းကောင်း စားရတယ်။ မရှိတဲ့သူတွေအတွက် ကြတော့ ရှိသာလေးနဲ့ စားရတာပေါ့ “ ဟု ၎င်းစစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်ဦးရေ ထပ်မံတိုးမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာများလည်း ပိုမိုလိုအပ်လာနေကြောင်းလည်း ၎င်းကဆက်ပြောသည်။ ထို့အပြင် (ဧပြီလ ၅ ရက်) မှစ၍ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၁ လနီးပါးကြာ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ရှောင်အချို့မှာလည်း နေရပ်ပြန်သွားဖို့အတွက် လုံခြုံရေး စိုးရိမ်နေကြကြောင်းလည်း သိရသည်။ “ကျနော် တို့ ရွာဖက်မှာတော့ ငြိမ်နေပြီ။ တချို့လည်း ပြန်နေကြတယ်ဗျ။ ကျနော်တို့လည်း နက်ဖြန်ကြရင် ပြန်မယ်လို့ စီစဉ်ထားတယ်။ ပြန်သွားရင်လည်း တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်တယ်။ မိုင်းတွေ နင်းမိမှာလည်း ကြောက်ရတယ်။ အဲ့လိုတွေ စိုးရိမ်နေရလို့ အခု တောင် ကျနော်တို့ ပြန်ဖို့နည်းနည်းနောက်ကျနေတာ။ မပြန်ရင်လည်း မရတော့ဘူး”ဟု ဟိုခဲရွာမှ စစ်ရှောင်တစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/34289

၁၇။     လေကြောင်းအဓိကထား အသုံးပြုတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို တော်လှန်နိုင်ဖို့ ဒေါ်လာ ၄ သိန်းကုန်ကျမဲ့             “ကရင်နီ ပွိုင့် 5” ကမ်ပိန်း KNDF ပြုလုပ်
         April 24, 2023

လေကြောင်းအဓိကထား အသုံးပြုတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေနဲ့ ပြန်လည်တော်လှန် နိုင်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ကနေ “ကရင်နီ ပွိုင့် 5” ကမ်ပိန်းတစ်ခုကို ပြုလုပ်နေပြီး ပါဝင်ပေးကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဥက္ကဌ ခွန်းဘီထူး က တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ရဟတ်ယာဉ်တွေနဲ့ ဘောလခဲဘက်ကို စစ်ကောင်စီ တပ်မ ၅၅ က အင်အား ၂၀၀ လောက် ပို့ဆောင်ခဲ့တယ်လို့ ခွန်းဘီထူးက ဆိုပါ တယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်တွင်းကို ရဟတ်ယာဉ်တွေကိုသာ အဓိက အားကိုးပြီး ရိက္ခာနဲ့ တပ်ဖွဲ့ဝင်တွေ ကို ဖြည့်တင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကမ်ပိန်းကာလကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး ဒေါ်လာ ၄ သိန်း ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

“ ပွိုင့် 5 ဒီလပိုင်းထဲမှာ ၂ လက် နီးပါးငွေကို ရှာနေတယ်။ ရနိုင်တဲ့ အခြေအနေလည်းရှိတယ်ပေါ့နော။ သေနတ်ကတော့ လက်ထဲကို ရောက်နေပြီပေါ့နော။ ကျနော် ပွိုင့် 5 တွေကို ထပ်ပြီးတော့မှ တိုးဝယ်ချင်တယ်။ NST နဲ့ OFP ပေါ့နော ပေါင်းပြီးတော့ fundraising အနေနဲ့ ဆက်သွားနေတယ်။ Target ကတော့ ဒေါ်လာ ၄ သိန်း ဖြစ်ပါတယ်။ အဲတော့ အဲဒီငွေတွေကို ဆက်ပြီးတော့ မှပေါ့နော အလှူခံပေးကူနိုင်ဖို့အတွက်ကို ဒီကနေလည်း ကျနော်တိုက်တွန်းလိုတယ်။ ဒီကမ်ပိန်းက ကျနော်တို့ရဲ့ ကမ်ပိန်း ဖြစ်တဲ့ အကြောင်း ဒီကနေ သတင်းစကားပို့ပေးရခြင်းဖြစ်ပါတယ်။ ” လို့ ခွန်းဘီထူးကနေပြီး NST ဖေ့ဘုတ်ပေ့ချ်မှာ တိုက်တွန်းပြော ထားတာ ဖြစ်ပါတယ်။ ကမ်ပိန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးကနေ ဦးဆောင်ပြီး NST, CRPH – OFP Fundraising Program, Bliss In Action ပြည်သူ့ဂုဏ်ရည် OFP-Official ပြည်သူ့ဂုဏ်ရည် နွေဦးစုဗူး Citizen of Burma Award တို့ကနေ ပူးပေါင်းပြုလုပ်မှာ ဖြစ်ပါတယ်။ https://www.kanta rawaddytimes.org/%e1%80%9c%e1%8 0%b1%e1%80% 80%e1%80%bc%e1%80%b1%e1%80

၁၈။    လိပ်သိုလ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီနှင့်အလုပ်အကိုင်နည်းပါး၍ ရေရှည်ရပ်တည်ရေး ခက်ခဲ           လာနိုင်
         April 24, 2023

ကရင်ပြည်နယ်၊ သံတောင်မြို့မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ကျောက်တံခါးကျေးရွာအုပ်စုရှိ စစ်ဘေး ရှောင်များ စားနပ်ရိက္ခာအကူအညီနှင့်အလုပ်အကိုင်နည်းပါး၍ ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း စစ်ရှောင်များ နှင့် နီးစပ်သူများက ပြောသည်။ အဆိုပါစစ်ရှောင်များမှာ ပြီးခဲ့သည့် မတ်လကုန်မှစ၍ တကျော့ပြန်ဖြစ်ပွားနေသော ရေတာရှည် မြို့နယ် အတွင်းရှိ တိုက်ပွဲများကြောင့် သံတောင်မြို့မြောက်ပိုင်း၊ လိပ်သိုလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် နားဂျပ်ပင် ကျေးရွာနှင့်အနီးတဝိုက်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး လက်ရှိ ကျောက်တံခါး ကျေးရွာအုပ်စုအတွင်း ဖြန့်ကျက်နေထိုင်ကြ ကာ ၎င်းတို့၏စားဝတ်နေရေးအတွက် ရွာခံများမှ ဝိုင်းဝန်းပံ့ပိုးပေးထားရ ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “စစ်ဘေးရှောင်တွေလာနေတော့ စာသင်ကျောင်းတို့ ဓမ္မအဆောင်တို့မှာ ပေးနေတယ်။ စားဖို့ သောက်ဖို့ကျ တော့လည်း ရွာအနီး ပတ်ဝန်းကျင်က တက်နိုင်သလောက်ကူညီတယ်။ အရပ်ဖက်အဖွဲ့တွေဆီက အကူအညီကတော့မရကြဘူး။ ကျမတို့လည်း စုထား တာလေးတွေထုတ်ပြီးတော့ ထောက်ပံ့ နေတယ်။ လာတဲ့သူတွေ ထဲမှာ ကလေးငယ်လေးတွေလည်းပါတယ်။ သူတို့မှာ လယ်တွေ ယာတွေလည်း ထားခဲ့ရတယ်။ ရေရှည်တော့ မလွယ်ဘူး။” ဟု ပြောသည်။

တိုက်ပွဲများစတင်ဖြစ်ပွားစဥ်က ရေတာရှည်ဘက်မှ စစ်ရှောင်လာသော ဒေသခံ (၅၀၀)ကျော်ရှိသော်လည်း နေရပ်အချို့ ပြန်သွားကြသလို အခြားနေရာသို့ ရွေ့ပြောင်းနေထိုင်ကြခြင်းကြောင့် ကျေးရွာအတွင်း အိမ်ထောင်စု ၃၀ ကျော် ကျန်ရှိသေးကာ လတ်တလောတွင် ရွာခံများထံတွင် ရရာအလုပ် လုပ်ကိုင်၍ နေထိုင် နေကြသော်လည်း ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။ ထို့အပြင် စစ်ဘေးရှောင်ပြည်သူများ၏ အသေးစား ကျန်းမာရေးပြဿ နာများကို ဒေသခံ ကျေးရွာသား များက ဝိုင်းဝန်ကူညီကုသပေးနိုင်သော်လည်း နာတာရှည်နှင့်အခြားသော ပြင်းထန်ရောဂါများ ဖြစ်ပွားပါက ကူညီကုသပေးရန် ဆေးဝါးနှင့်ငွေကြေးမလုံလောက်သည့် စိန်ခေါ်မှုများလည်းရှိနေကြောင်း ဒေသခံများကဆို သည်။ နောက်ထပ် ဒေသခံတစ်ဦးက “ကျန်းမာရေး အရကတော့ ရွာမှာက ကျန်းမာရေးစောင့်ရှောက်တဲ့သူ အနည်း အကျဥ်းရှိ တယ်။ ဒါပေမဲ့ အခမဲ့တော့မရနိုင်ဘူးပေါ့။ ရောဂါကြီးကြီးမားမားဖြစ်လို့ရှိရင်တော့ မလွယ်ဘူး။”ဟု ပြောသည်။ အလားတူ လိပ်သိုလ်မြို့နယ်အတွင်း ဆန်သယ်ယူခွင့်အား စစ်ကောင်စီ၏ လိပ်သိုလ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သယ်ယူခွင့် ခွင့်ပြုစာ တစ်စောင်လျှင် ဆန်အိတ်နှစ်ဆယ်သာ ခွင့်ပြုပေးထားပြီး ဆေးဝါးသယ်ယူပို့ဆောင်မှုကိုလည်း ကန့်သတ်ထားကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။ https://kicne ws.org/2023/04/%e1%80%9c%e1%80%ad%e1%80%9 5%e1%80%ba% e1%80%9e%e1%80%ad%e1

၁၉။    လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ
         April 25, 2023

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ၎င်းတို့ လှုပ်ရှားသွားလာသည့် နေရာ နှင့် စခန်းချနေထိုင်သည့် နေရာတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် လက်ရှိဒေသခံတောင်သူများ ကောက်ပဲသီးနှံ စိုက်ပျိုးရန် နှင့် တောင်ယာ အလုပ်အကိုင် စတင်ရန်အတွက် မိုင်းအန္တရာယ်ကိုစိုးရိမ်နေရကြောင်း လဲချားမြို့ခံတောင်သူတစ်ဦးကပြောသည်။ “အခုချိန် ကာလမှာ ကျနော်တို့ တောင်သူတွေကြတော့ ပြောင်း၊ ပဲပုတ်တွေ၊ မြေပဲတွေ စိုက်ဖို့ လယ်ထွန်ရမယ့် အချိန်လေ။ အဲ့လိုတွေ စိုက်ဖို့အတွက် ခြံတွေရှင်းရမယ်၊ ထွန်စရာရှိတာ ထွန်ရမယ်။ မိုးရွာရင် ဒါတွေကလုပ်လို့ မရတော့ဘူး။ အခု အဲ့ခြံဖက်မှာလည်း အရင် က စစ်သားတွေ ရောက်တယ်။ သူတို့ မြှုပ်ထားတဲ့ မိုင်းတွေကလည်း အခုပြန်ပြီး သိမ်းသွားပြီလားတော့ မသိရဘူး။ ခြံသွားရင် မိုင်းနင်းမိမှာကို ကြောက်နေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ပြောင်း၊ ပဲပုတ်၊ မြေပဲ စသည့် ကောက်ပဲသီးနှံများ ရာသီအလိုက် မိုးရာသီအချိန်တွင် စိုက်ပျိုးရ သောကြောင့် အကယ်၍ နောက်ကျပြီး စိုက်ပျိုးရပါက ကောက်ပဲသီးနှံ ဖြစ်ထွန်းချိန်မှာ အထွက်နှုန်းနည်းမည်ကို စိုးရိမ်နေရကြောင်း သိရသည်။ “ စိုက်ပျိုးတယ်ဆိုတာလည်း သူ့ရာသီနဲ့အတူ စိုက်ပျိုးရတယ်လေ။ သူ့ရာသီအချိန်နဲ့အမှီ မစိုက်ပျိုးနိုင်ရင်လည်း ကောက်ပဲသီးနှံ ကောင်းကောင်းတွေ မရတော့ဘူး။ အထွက်နှုန်းလည်း နည်းတယ်။ မရှုံးရင်တောင်မှ အထွက်နှုန်း များများရဖို့ထက် နည်းနည်းပဲရ တော့တာပေါ့” ဟု ၎င်းက ထပ်လောင်းပြောသည်။ ထို့အပြင် သျှမ်းတပ် (၂) တပ် အနေဖြင့် ဒေသခံပြည်သူ သွားလာလှုပ်ရှားသည့် နေရာတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်း မပြုလုပ်ရန် နှင့် ထိုသို့ ပြုလုပ်ထားပါက ဒေသခံပြည်သူကို အသိပေးစေလိုကြောင်း လည်း ၎င်းက တောင်းဆိုထားသည်။ https://burmese.shann ews.org/ archives/34317

၂၀။    သရက်ချောင်းတွင် စစ်တပ်ဖမ်းဆီးသွားသည့် ရွာသား ၁၀၀ နီးပါး ပြန်လွတ်
        April 25, 2023

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တဲ့  ရွာခံ ၁၀၀ နီးပါး အဲဒီနေ့ညနေပိုင်းမှာပဲ အကုန်ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာထဲဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့မနက် ၇ နာရီခွဲလောက်မှာ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် ဖမ်းဆီးရမိသူတွေ ကို ရွာဦးကားလမ်းဘုန်းကြီးကျောင်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တာပါ။ ပြန်လွတ်လာတဲ့ ရငဲရွာခံတဦးက “စစ်လည်း သိပ်မစစ်ဘူး၊ PDF တွေကို ရွာက ထောက်ပံ့နေတာမလား ဆိုပြီး မေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်တာမျိုးတော့မရှိဘူး” လို့ ပြောပါတယ်။ ရငဲကျေးရွာအနီး မဖမ်းဆီးခင် ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲ အဲဒီနေ့ကဘာလို့ ရွာခံတွေကို ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ မသိရပါဘူး။

အသက် ၅၀ ခန့်ရှိ ရငဲရွာခံ အမျိုးသားတဦးကတော့ “ဖမ်းတာက ဘာလို့ဖမ်းလဲ သေချာမသိကြဘူး။ အခုလည်း ပြန်လာ မယ်လိုလို ကြားနေကြလို့ ရွာသားတွေ လန့်နေကြတယ်။ လာတာသေချာရင်တော့ ရှောင်မလို့ လုပ်နေကြတယ်” လို့ ပြောပါ တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီ ၂၃ ရက်က ဝင်ရောက်ဖမ်းဆီးတဲ့အချိန် ပိတ်ထားတဲ့ စျေးဆိုင် ၃ ဆိုင်ခန့်ကိုလည်း ဖျက်ဆီး ဝင်ရောက်ခဲ့ပြီး ရွာသားတွေထွက်ပြေးကြလို့ သေနတ် ၅ ချက်လောက်လည်း ပစ်ဖောက်ခဲ့သေးတယ်လို့ ရွာခံတွေက ပြောပါ တယ်။ အင်အား ၃၀ ခန့်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၄ ရက် မနက် ၄ နာရီလောက်မှာတော့ ရငဲရွာထဲကနေ ပြန်ထွက်သွားပြီး အနီးအနားက ဝဲရစ်ရွာထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးထားတဲ့ ဝဲရစ်ရွာ သား ၂၀ ခန့်ကို ပြန်လွှတ်ပေးပြီး မနက် ၁၀ နာရီလောက်မှာ ရွာထဲက ပြန်ထွက်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဟာ ရွာအနီးမှာပဲ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။ https://burmese .dvb.no/archives/589982

၂၁။    ရွှေကူတွင် ဖမ်းဆီးခံရသည့် လင်မယား ၂ ဦး၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို စစ်ကောင်စီ ချိတ်ပိတ်
        April 25, 2023

ကချင်ပြည်နယ် ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ကုန်စုံဆိုင်ပိုင်ရှင်လင်မယား နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်းသိရသည်။ ဧပြီလ ၂ ရက်နေ့တွင် ဦးဖိုးလှိုင် နှင့် ဒေါ်နွဲ့နွဲ့ဝင်း တို့ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံလိုက်ရပြီး ဧပြီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို လာရောက်ချိတ်ပိတ်သွားသည်ဟု ရွှေကူမြို့နေခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဟိုနေ့ကမနက်ပိုင်းမှာလာ ပြီးချိတ်ပိတ် လိုက်တာ အိမ်ကတော့အကြီးကြီးပဲပါ့ တိုက်နှစ်ထပ်အိမ် အပေါ်ထပ်မှာလူနေပြီး အောက်ထပ်မှာကုန်စုံဆိုင်ဖွင့်ထားတာ။တပ်ပိုင်​မြေဆိုပြီး စာတန်းအနီးရောင်အကြီးကြီးကပ်ထားတယ်”ဟုပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လင်းမယား ၂ ဦးကို လက်ရှိအချိန်အထိ ရွှေကူစစ်တပ်ကုန်းတွင် ဖမ်းဆီးထားကြောင်းသိရပြီး မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရရှိသေးကြောင်းသူကဆက်ဆိုသည်။ “လင်မယား ၂ ယောက်စလုံးကို ရွှေကူစစ်တပ်ကုန်း စစ်ကြောရေးမှာဘဲ ထားထားသေးတယ်လို့ သိရတယ်။ နေအိမ်ချိတ်ပိတ်ခံလိုက်ရတော့ မိသားစုဝင်တွေက ဆွေမျိုးအသိ မိတ်ဆွေနေအိမ်တွေမှာဘဲလိုက်နေနေကြရတယ်”ဟုပြောသည်။ လက်ရှိတွင် နေအိမ်ချိတ်ပိခံလိုက်ရသည့်အတွက် လင်မယား ၂ ဦး၏ မိသားစုဝင်များသည် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ရွှေ့ပြောင်းနေထိုင်ရကြောင်းသိရသည်။ https://burmese.kachinn ews.com/2023/04/25/az2-103/

၂၂။    အလှူရှင်ကိုသာ အဓိကမှီခိုနေရတဲ့ ဖယ်ခုံစစ်ရှောင်တွေ ရိက္ခာပြတ်လပ်မှာကို စိုးရိမ်နေကြ
       April 24, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ရှောင်နေကြရတဲ့ သူတွေဟာ အလှူရှင်ထောက်ပံ့မှု ကိုသာအဓိက မှီခိုနေကြရတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်ကူညီသူ အလှူရှင်တွေဆီကနေ တစ်လတစ်ခါ ဆန်ရိက္ခာ ထောက်ပံ့မှုရပြီး လုံလောက်အောင် စားနေရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို အလှူရှင်တွေကနေပြီး တစ်လတစ်ခါ၊ နှစ်လ တစ်ခါ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားတွေကို ထောက်ပံ့ပေးနေတာဖြစ်ပြီး လက်ရှိမှာ ရိက္ခာသယ်ဖို့ လမ်းကြောင်းခက်ခဲ တာတွေ ရှိလာတယ်လို့ ဖယ်ခုံမြို့နယ် စစ်ရှောင်အရေးကူညီလှုပ်ရှားနေသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။ “သူတို့ (အလှူ ရှင်) ကိုယ်တိုင်က ပြောလာတယ်လေ သယ်ယူတဲ့ လမ်းကြောင်းက အခက်အခဲရှိတယ်လို့ သူတို့(အလှူရှင်) က ပြောလာတော့ ဒီတစ်လတော့ မဝေသေးဘူး။ တခြားရတဲ့ရွာတော့ရှိတယ်။ မရတဲ့ရွာ လည်းရှိတယ်။ လာဝေပေးတဲ့ အဖွဲ့အစည်းတွေက လမ်းကြောင်းက အခက်အခဲရှိတယ်တဲ့ အဲလိုပြောတယ်။” လို့ အဆိုပါ အမျိုးသားက ပြောပြပါတယ်။

စစ်ဘေးရှောင်လူထုတွေဟာ စစ်ရှောင်ကာလကြာလာနဲ့အမျှ ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။ မိုးဗြဲ နဲ့ ဖယ်ခုံ အရှေ့ဖက်ကမ်းက လူထုတွေ အများစု စစ်ရှောင်နေကြတာဖြစ်ပြီး ၂ နှစ်နီးပါး စစ်ရှောင်နေကြရပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလ (၂၃)ရက်နေ့ကတည်းကနေ လက်ရှိအချိန်ထိ ဖယ်ခုံအနောက်ဖက်ခြမ်း စစ်ရှောင်တစ်နေရာမှာ စစ်ရှောင်နေတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးကတော့ မသန်စွမ်းသားတစ်ယောက်အပါအဝင် မိသားစုဝင် ၈ ဦးရှိပြီး အလှူရှင်ကိုသာမှီခိုနေရတဲ့အတွက် ထောက်ပံ့မှုမရရင် အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။ “ဆန်က မရရင်တော့ ဘယ်လိုလုပ်မလဲဆို အဓိက ထောက်ပံ့ကြေးရ မှပေါ့။ မရရင်တော့ ငတ်မှာပေါ့။ ဒီဖက်မှာလည်း စပါးစိုက်တာမရဘူးလေ။ ပိုးထိုး တယ်လေ။ ပြောင်းတို့ နည်းနည်းပါးပါးပဲရ တယ်လေ။ ဒေသခံလည်း ဆန်ဝယ်စားတယ်။ လယ်မှ မရှိတာ။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ ဖယ်ခုံအနောက် ဖက်ခြမ်းမှာဆိုရင် ဘောရန်ကျေးရွာ နဲ့ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ တောင်စလုံး၊ မြောက်စလုံးကျေးရွာက လူထုတွေ ထပ်မံ စစ်ရှောင်လာတာတွေ ရှိနေပြီး ၂ လ နီးပါးရှိနေပြီ ဖြစ်ပါတယ်။  “ ကျမတို့ အခုကတည်းက အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဘာဝင်ငွေမှမရှိဘူး။ ဥပမာ – အခုဆို ဆီ၊ ဆား၊ ဆန်တို့ရှိသေးတဲ့အချိန်မှာ ဘာတွေ ခက်ခဲလဲဆိုရင် ဟင်းသီးဟင်းရွက် ကုန်စိမ်းတို့ဆို ဘယ်အဖွဲ့အစည်းမှ မထောက်ပံ့ပေးဘူးပေါ့။ ကူညီတဲ့အဖွဲ့ဆိုလည်း လကုန် ခါနီး အဲလိုသူတို့ ကူညီတယ်မလာ။ လဝက် လလယ် အဲလို သူတို့ ကူညီတယ်မလာ။ အဲလိုမျိုးဆို လကုန်ကျော်ပြီးဆိုတော့ နည်းနည်းပြတ်တယ်။ ဥပမာ – တစ်ရက် နေ့၊ နှစ်ရက်နေ့ ဆယ်ရက်နေ့အထိ အဲလိုမျိုးပေါ့။ ကိုယ့်ကိုယ် ပိုက်ဆံ တစ်ယောက် တစ်ထောင်၊ နှစ်ထောင် စုပြီးတော့မှ ဝယ်စား ကြတယ်။ အဲလိုမျိုးပေါ့။ ဆန်တော့ ရွာကနေ သယ်လာတဲ့ဆန် နည်းနည်းကျန်တယ်။ သူများလာလှူတဲ့ ဆန်နဲ့ ပေါင်း ချက်ကြ တယ်။ အဲလိုမျိုးပေါ့။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ https://www.kantarawaddytimes.org/%e1 %80%a1% e1%80%9c %e1%80%be%e1%80%b0%e1%80%9b%e1%80

၂၃။    ကျောက်ဖြူက မွတ်စလင်ဒုက္ခသည်စခန်းကို အပြီးရွှေ့ဖို့ ဖိအားပေးခံထားရ
        April 24, 2023

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ခိုလှုံနေတဲ့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည် စခန်းက ဒုက္ခသည်တွေကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အတွင်း ပြောင်းရမယ်လို့ စစ်ကောင်စီက ဖိအားပေးတာ ကြောင့် မနေ့ကစပြီး နေရာသစ်ကို ပြောင်းရွှေ့နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ နေရာသစ်ဟာ လမ်းပမ်းဆက်သွယ် ရေးနဲ့ နေထိုင်ရေးအဆင်မပြေသေးတဲ့ မြို့နဲ့ ၃ မိုင် လောက် အဝေးက လယ်ကွင်းပြင်တွေဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဖြူ မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒုက္ခသည် စခန်းရဲ့ ကော်မတီဝင်တွေ ဧပြီလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး၊ နေရာသစ်ကိုပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတာလို့ ဆိုပါတယ်။ လက်ရှိမှာ အိမ်ခြေ ၂၀ ကျော်ပြောင်း ရွှေ့ထားတယ်လို့ ကျောက်တစ်လုံး ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး ဦးမောင်နီ က ပြောပါတယ်။ အဲဒီကျောက်တစ်လုံး ဒုက္ခသည် စခန်းမှာ မွတ်စလင် အိမ်ထောင်စုသုံးရာကျော်ရှိပြီး လူဦးရေအနေနဲ့ဆို ၁၅၀၀ ကျော်ရှိပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မတိုင်ခင်က ကျောက်ဖြူမြို့ပေါ်က အရာရှိ ရပ်ကွက်၊ ပြင်ဖြူမော် ရပ်ကွက်၊ သဗ္ဗာန်ချောင်း ရပ်ကွက်တွေမှာနေထိုင်ခဲ့ကြတဲ့ ကမန်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

မွတ်စလင်တွေကတော့ သူတို့ပြောင်းရမယ့်နေရာသစ်ဟာ မြို့နဲ့အလှမ်းဝေးသလို လုပ်ကိုင်စားသောက်ဖို့လည်း အဆင် မပြေတဲ့အတွက် အကြိမ်ကြိမ်ငြင်းဆိုခဲ့ကြပြီး မြို့ပေါ်က သူတို့ရဲ့မူလနေရာတွေကို ပြန်မရရင်တောင် မြို့နဲ့အနီးဆုံးမှာ နေရာချ ထားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အခု စစ်ကောင်စီလက်ထက်မှာတော့ ဖိအားပေးလာတာကြောင့် ပြောင်းပေးရတော့မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွတ်စလင်ဒုက္ခသည်တစ်ဦးကပြောပါတယ်။ “မပြောင်းချင်လည်း ပြောင်းရတော့မယ်လေ။ သူတို့က ဖိအားပေးတာကို။ မပြောင်းရင် ဒီအထဲမှာ နေလို့မှ မရတော့ဘူးလေ။ မပြောင်းရင် ကိုယ်ပဲထွက်ခံရမှာ။ စိတ်မကောင်း ဘူး။ ကျနော်တို့က ပြတ်ပြတ်သားသား ငြင်းခဲ့တာလေ။ ကျနော်တို့ သူတို့နဲ့ အကြိမ် ကြိမ်တွေ့ခဲ့ပြီးပြီ။  အကြိမ်ကြိမ် ငြင်းခဲ့ပြီးပြီ။ ငြင်းလို့မှမရတော့ အခုပြောင်းမယ်ဆိုလည်းပြောင်းရတာပေါ့” အခု စစ်ကောင်စီက စီစဉ်ထားတဲ့နေရာသစ်ဟာ မြို့နဲ့သုံးမိုင်ကျော် အထိ ကွာဝေးတာကြောင့် အလုပ်အကိုင် အဆင်မပြေတဲ့အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ နေထိုင်ရေးအခက် အခဲရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာလည်း ရေ၊ မီးနဲ့ လမ်းကအစ အဆင် သင့်မဖြစ်သေးသလို နေအိမ်တွေကလည်း ပျက် စီးနေပြီး အခုနေရာသစ်ဟာ ဒုက္ခသည်တွေအတွက် အဆင်ပြေစရာမရှိဘူးလို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်နောက် တစ်ဦးက ပြောပါတယ်။ https://ww w.rfa.org/burmese/program_2/ kyauktalone-refugees-camp-04242023061820.html

၂၄။    မလိဆွတ်ယန်စစ်ရှောင်များ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်
       April 25, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မလိဆွတ်ယန်‌ စစ်ရှောင်များ ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဖြစ်ကြောင်းသိရသည်။ မြစ်ကြီးနား – ဆင်ဘိုလမ်းပေါ်ရှိ မလိဆွတ်ယန် ဒေသခံစစ်ရှောင် ၂၀၀ ကျော်သည် နေရပ် ပြန်ရန်အတွက် ကူညီထောက်ပံ့မှုမရှိသည့်အတွက် ပြန်လည်နေထိုင်ရန် နေအိမ်အခက်ခဲများရှိနေသော်လည်း ‌ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် နေရပ်ပြန်စစ်ရှောင် တစ်ဦးကပြောသည်။ “ပြန်ဖို့က မနှစ်ကတည်းက အသင်းတော်မှာ အကြိမ်ကြိမ်ဆွေးနွေးနေခဲ့တာ ဒါပေမဲ့ ဒီနေ့အထိတော့ အိမ်လည်းမရ၊ ဘာမှမရှိသေးပေမယ့် တစ်ခါဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ပြန်ကြတာပေါ့“ဟုပြောသည်။ အဆိုပါ နေရပ်ပြန်စစ်ရှောင်များအား ကချင်နှစ်ခြင်းခရစ်အဖွဲ့ချုပ် လူမူဝန်ထမ်းနဲ့ဖွံ့ဖြိုးရေးဌန(KBC- HDD)မှ အိမ်ထောင်စုတစ်စု လျှင် ငွေကျပ် ၅ သိန်းနှင့် ဆန် ၊ ဆီ၊ ဆား၊ ကြက်သွန်များ ကူညီထောက်ပံ့မှုမှလွှဲ၍ အခြားထောက်ပံ့မှု မရရှိသည့်အတွက် နေအိမ် တည်ဆောက်ရန်အရေးပေါ် အကူညီများစွာလိုအပ်နေကြောင်းလည်း နေရပ်ပြန်စစ်ရှောင်များက ပြောသည်။

“ဘာမှမရှိသေးတော့ ဖြစ်သလိုဘဲနေနေတာပေါ့၊ KBC ကပေးခဲ့တဲ့ ပိုက်ဆံနဲ့ မိုးကာတဲတွေလုပ်၊ ဝါးတွေဝယ် အနီးအနား မှာရှိတဲ့ အပင်တွေနဲ့ ကိုယ်ဘာသာကိုယ်ဆောက်ပြီးနေရမှာ ကိုယ့်ခြေထောက်ကို ရပ်တည်ပြီး ပြန်တာဟုတ်တယ်၊ ကျွန်တော်တို့ ကို ကူညီမဲ့သူတွေမရှိဘူး ကျွန်တော်တို့ တကယ်ကို အကူအညီလိုအပ်နေတာ“ဟုပြောသည်။ မလိဆွတ်ယန် စစ်ရှောင်များ နေရပ်ပြန်အိမ်ထောင်စု မှာ အိမ်ထောင်စု ၄၀ နှင့် လူဦးရေ ၂၁၀ ရှိပြီး မလိဆွတ်ယန်ကျေးရွာ ပြန်လည်တည်ဆောက်ရေးတွက် အကူအညီပေးရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်း KBC HDD မှတာဝန်ရှိသည့် ဆရာထော့ရှယ်လွမ်းခေါင်က ပြော သည်။ “ကျွန်တော်တို့ ဒီ ၂၀၂၃ –၂၀၂၄ မှာ မလိဆွတ်ယန် တွေလည်း နေရပ်ပြန်မယ်လို့ အစောကတည်းက ပြောထားတဲ့ အတွက် ပြန်လည်တည်ဆောက်ပေးဖို့ အစီအစဉ်တွေ လုပ်ထားတာရှိတယ်၊ အစကနေပြန်တည်ဆောက် ရတဲ့အတွက် အစစ အရာရာ အကုန်ခက်ခဲမှာဘဲ၊ အကူအညီရှာတာတွေလည်း ဆက်တိုက်လုပ်နေမှာပါ၊ ဒီအတွင်းမှာ အကုန်လုံးကို မပေးနိုင်သေးရင်တောင် အရမ်းခက်ခဲတဲ့သူတွေကို အရင်ဦးစားပေးလုပ် ပေးသွားမှာပါ“ဟုပြောသည်။ https://burm ese.kachinnews.com/2023/ 04/25/bb1-11/

၂၅။    မီဇီုရမ်အကျဉ်းထောင်မှ ထွက်ပြေးသူ ၁ ဦးကို ပြန်မိ ၂ ဦး လွတ်မြောက်နေဆဲ
        April 25, 2023

မီဇိုရမ်ပြည်နယ် Lunglei မြို့အကျဉ်းထောင်ကို ဖောက်ထွင်းပြီး ထွက်ပြေးလွတ် မြောက်သူထဲက တစ်ဦးကို ဧပြီလ ၂၄ ရက်နေ့က ထပ်မံဖမ်းမိပြီး ယခုအခါ ထွက်ပြေးသူ ၅ ဦးအနက် ၃ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီဖြစ်သည်။ ယမန်နေ့ညက ဖမ်းခံရသူမှာ Lalchawimawia ဆိုသူဖြစ်ပြီး Hnahthial နှင့် Thingsai ကျေးရွာကြား Khawhri ရွာလယ်တောထဲက တဲတစ်ခုမှာ ရဲတပ်ဖွဲ့နှင့် ရွာသားတွေက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ Lalchawimawia သည် လူသတ်မှုဖြင့် တရားစွဲခံရပြီး Lunglei အကျဉ်း ထောင်မှာ ထိန်းသိမ်းခံထားရသူဖြစ်သည်။

Lunglei မြို့အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော Lalchawimawia  အပါဝင် မြန်မာနိုင်ငံသား ၅ ဦးတို့သည် ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်း ၂ နာရီခန့်က  အကျဉ်းထောင်အိမ်သာ အုပ်နံရံကို ဖောက်ထွင်းပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် Lalbawihlian နှင့် Do Kap Thang တို့နှစ်ဦးကို ဧပြီလ ၂၀  ရက်နေ့က ဖမ်းဆီးခဲ့ပြီးဖြစ်ကာ Hau Deih Cin နှင့် Van Nei Thang တို့ကိုမူ ယနေ့ချိန်ထိ ပြန်လည်ဖမ်းမိခြင်း မရှိသေးပေ။ https://www.f acebook.com/Khonum thungBu rmese/photos/a.1811431135791587/341 2483852352966/

၂၆။   ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး              စိုးရိမ်ရ တယ်လို့ KNDF ထုတ်ပြန်
        April 25, 2023

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေသာနေထိုင်တဲ့ ဆောင်းဖွေး ကျေးရွာက လူထုအခြေပြုကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို ဧပြီ ၂၅ ၊ နေ့လည် ၁ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦးဒဏ်ရာရပြီး ၁ ဦးက စိုးရိမ်ရတယ်လို့ Karenni Nationalities Defense Force (KNDF) က ထုတ်ပြန်ပါတယ်။ ဒေသခံရွာသားများနဲ့  စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေထိုင်ကြတဲ့ နေရာကို စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက် လေယာဥ်နဲ့ လာရောက်ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒါ့အပြင် ဆေးပေးခန်း အဆောက်အဦး (၂)လုံး နဲ့ ဆေးခန်းတွင်းရှိ ကုသရေး ဆိုင်ရာ ဆေးပစ္စည်းများ၊ ဆိုင်ကယ် နဲ့  ကားအချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဆောင်းဖွေးကျေးရွာရှိ ဆေးပေးခန်းမှာ ကျေးရွာ ဒေသခံလူထုများနဲ့ စစ်ဘေးရှောင်အရပ်သားတွေ အတွက် ကျန်းမာရေးလိုအပ်ချက်အရ  ကိုယ်ထူကိုယ်ထ ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသည့် နေရာသာဖြစ်ပါတယ်လို့လည်း ဖော်ပြပါတယ်။ https://www.facebook.com/photo/?fbid=6 11722877663072&set=pcb. 611723387663021

၂၇။   CDM တွေကိုဖိအားပေးတဲ့ စစ်ကောင်စီဝန်ထမ်း၂၀၀ ကျော်ကို NUG အမည်ပျက် စာရင်းသွင်း
        April 24, 2023

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေတဲ့ ပို့ဆောင် ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ဝန်ထမ်း ၂၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။ အကြမ်းမဖက်အာဏာ ဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေရဲ့ တိုင်ကြားချက်အရ စိစစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန် ထမ်းဆောင်နေတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ဝန်ထမ်း ၂၀၆ ဦး ကို အမည်ပျက်စာရင်းသွင်းခဲ့ တာလို့ NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးကျော်နီ က ပြောပါတယ်။ “CDM တွေကို လိုင်းခန်းတွေကနေ နှင်ချတဲ့ ကိစ္စ တွေ၊ ချေးငွေပြန်ဆပ်ရေး ဖိအားပေးတဲ့ကိစ္စတွေ၊ CDM တွေရဲ့ တော်လှန်ရေးမှာပါဝင်မှုတွေကို သတင်းပေးတာတွေ၊ အဲ့ဒီလိုမျိုး မျိုးစုံ နိုင်ငံဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကို ပြိုကွဲအောင်နည်းအမျိုးမျိုးနဲ့ လုပ်နေကြတယ်။ ဒါကြောင့်သူတို့ကို အောက်ခြေမှာ ခံနေရတဲ့သူတွေက အဆင့်ဆင့် မကျေနပ်ချက်တွေကို ဆင့်ကဲဆင့်ကဲတိုင်တယ်။ ဒါကို ကျွန်တော်တို့ဘက်က အဆင့်ဆင့် ပြန်လည်စစ်ဆေးခိုင်းပြီး Blacklist သွင်းတာပါ။” အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းကနေထုတ်ပယ်လိုက်တဲ့ သူတွေထဲမှာ အထွေထွေမန်နေဂျာအဆင့်ကနေ ဌာနခွဲစာရေးအထိ ပါဝင်ပါတယ်။

ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဒီဝန်ထမ်းတွေဟာ NUG ရဲ့အမည်ပျက်စာရင်း အသွင်းခံ ထားသူတွေဆိုတဲ့ အမြင်တွေ သူတို့ရဲ့လူမှုပတ်ဝန်းကျင်မှာရှိလာနိုင်ပြီး CDM တွေအပေါ် ဖိနှိပ်တဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေ ပြောင်းလဲလာဖို့ မျှော်လင့်တယ်လို့ ဒုဝန်ကြီး ဦးကျော်နီ ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာ သိမ်းပြီးနောက် တစ်ပတ်အတွင်းမှာပဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ရန်ကုန်မြို့က CDM မီးရထားဝန်ထမ်း တစ်ဦးက NUG ရဲ့ ဒီလုပ်ဆောင်အပေါ် ကြိုဆိုတယ်လို့ ပြောပါတယ်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ အစပိုင်းကပါဝင်ခဲ့တဲ့ ဝန်ထမ်းလေးသိန်းကျော်ရှိပြီး နောက်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးတာ၊ စားဝတ်နေရေး ပြဿနာစတဲ့ အကြောင်းအမျိုးမျိုးနဲ့ မူလဌာနတွေမှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သူတွေရှိခဲ့ပါတယ်။ NUG က အခုလို Non-CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းပြီး အလုပ်ကနေ ထုတ်ပယ်တယ်ဆိုတဲ့ ကြေညာမှုဟာ နိုင်ငံရေးအရ ထိုးနှက်ချက် တစ်ခုသာဖြစ်တယ်လို့ အာဏာရှင်စနစ်ကျဆုံးရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ကိုမင်းသွေးသစ်က ရှုမြင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်နဲ့ အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်တဲ့ သဘောအနေနဲ့ Non-CDM ဝန်ထမ်းတွေကို အရေးယူတာတွေကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ ကပြောပါတယ်။ https://www.rfa.org/burme se/news/cdm-myanmar-railway-nug-04242023141810.html

၂၈။   ဘားအံမြို့နယ်တွင် လောင်းကစားဝိုင်းများ ပိုမိုများပြားလာ
       April 25, 2023

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေမှာ လောင်းကစားဝိုင်း တွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဘားအံမြို့ပေါ်မှာညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန် ထားပေမဲ့ လောင်းကစားဝိုင်းတွေ ကတော့ ည ၇ နာရီဝန်းကျင်လောက်ကနေစပြီး မိုးလင်းပေါက်ထိရှိနေတာဖြစ်ပါတယ်။ ဘားအံမြို့အနီးက လှိုင်းဘွဲ၊ ထီလုံရွာမွေးမြူရေးဇုန်၊ ရသေ့ပျံအနီးတဝိုက်၊ ဇွဲကပင်တောင်ခြေ၊ ကျောက်ကလပ် အနီး တဝိုက်၊ ရေတံခွန်အနီးအနားက ကျေးရွာတွေဘက်မှာ‌ လောင်းကစားဝိုင်းတွေ ပိုမိုကျင်းပလာတယ်လို့  ဒေသခံတဦးက ပြောပါတယ်။ “အရင်ကနည်းတယ်၊ တောင်ခြေနားလောက်ပဲ။ အခုက နေရာတိုင်းလိုလို မာရှယ်လောထုတ်ထားလည်း အဲ့ပွဲက လူတွေကို ည ၁၀ နာရီကျော်လို့ အပြင်ရောက်နေတယ်ဆိုပြီး လာတော့ မဖမ်းဘူး။ ပွဲရှိရှိ မရှိရှိ တောင်ခြေဘက်မှာ အမြဲလုပ်နေကြတာလေ။ တခါတလေလည်း ပွဲကရှိတယ်။ ပွဲမဝင်ခင် အာဝါဒေးပွဲတွေက တလလောက်ကြိုပြီးတော့ ရောက်နေတာ။ ပွဲကသုံးရက်လောက် လုပ်ရင် အာဝါဒေးက တလလောက်လုပ်တယ်။” အဆိုပါကျေးရွာတွေမှာ အရင်က အနီထောင်၊ အန်ဂလုံနဲ့ ဖဲလောင်း ကစားတွေ သာရှိပြီး အခုနောက်ပိုင်းမှာတော့ ငါးပစ်ဂိမ်းနဲ့ ကလေးတွေအတွက် အန်ဂလုံဝိုင်း အသေးစားတွေပါ ထည့်သွင်းကစားလာကြတဲ့ အပြင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက လုံခြုံရေးယူထားပေးရတယ်လို့လည်း  ဒေသခံကဆက်ပြောပါတယ်။

“ဒီမှာက ဘယ်အဖွဲ့ကနေပြီး ဦးဆောင်လုပ်တယ်ဆိုတာ မရှိဘူး။ အဲ့မှာ ပွဲကန်ထရိုက်ဆိုတာ ရှိတယ်။ သူက ဆိုင်ရာပိုင်ရာတွေ နဲ့ညှိပြီး လုပ်ကြတာ။ ပွဲမှာ BGF နဲ့ တခြားအဖွဲ့တွေပေါ့၊ သူတို့က စောင့်ကြတာ။ တဝိုင်းကို ဘယ်လောက်ဆိုပြီး သူတို့အဖွဲ့တွေကို ပေးရတယ်။ ဘယ်လောက်မြတ်မြတ် ရှုံးရှုံး။ အဲ့ဒါ လုံခြုံရေးအပြည့်ယူပေးတယ် သူတို့က။ တခုခုဖြစ်ရင် သူတို့တာဝန်ယူ မယ်ပေါ့။” ဒါ့အပြင် မြဝတီမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေကာ ညမထွက်ရအမိန့် ထုတ်ထားပေမဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA (PC) အဖွဲ့တွေက ဦးဆောင်ပြီးတော့ မြဝတီမြို့ထဲမှာ အာဝါဒေးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်လက် ကျင်းပနေပါတယ်။ https://burmese.dvb.no/archives/590013

၂၉။   တောင်ကြီးမြို့ ရေရှားပါးလာ၊ ဒေသခံများ အခက်ခဲကြုံ
       April 24, 2023

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် နွေရာသီ ရေရှားပါးသည့် ပြဿနာဖြစ်လာပြီး ဒေသခံများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်း သိရှိရသည်။ တောင်ကြီးမြို့ ယခုနွေရာသီကဲ့သို့ ရေရှားပါး ပြဿနာ နှင့် ကြုံတွေ့နေရပြီး ရေ ထော်လာဂျီ တစ်စီး (၆ ပီပါ) ကို ၁၅,၀၀၀ ကျပ်အထိ ဝယ်သုံးနေရကြောင်း တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ ကျွန်မတို့ မြို့ က နည်းနည်းအေးချမ်းတဲ့ တောင်ကြီးမြို့ကြီး ဖြစ်တာတောင် တအားပူတယ်။ ရေကလည်း ရှားတယ်၊ ဝယ်သုံးရတယ်။ အရင်နှစ် က ထော်လာဂျီကား တစ်စီး (၆ ပီပါ) ကို ၅,၀၀၀ ကျပ်နဲ့ ဝယ်သုံးရတာ။ အခုနှစ် ထော်လာဂျီကားတစ်စီးကို ၉,၀၀၀ ကျပ်တဲ့ တစ်ဝက်လောက် ဈေးတက်သွားပြီ။ တချို့ကုန်းပေါ်မှာရှိတဲ့ ရပ်ကွက်ဆိုရင် ကျပ် (၁၂,၀၀၀)ကနေ (၁၅,၀၀၀) ထိပေးပြီး ဝယ်သုံး ရတယ်”ဟု ၎င်းကပြောသည်။ အဆိုပါ ရေရှားပါးမှုကြောင့် ရေကိုဝယ်သုံးရသော်လည်း ရေဝယ်သုံးသူ ပိုများလာသည့်အတွက် ကြောင့် တိုကင်နံပါတ် စောင့်ဆိုင်းရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်သို့ ရေဖြန့်ဖြူးနေသည့် ကားသမားများသည် တစ်နေ့လျှင် အများဆုံး ၃၀ ကြိမ်ထိ ရေဖြန့် ဖြူးနိုင်ကြောင်း သိရသည်။ “တစ်နေ့ကို အများဆုံး ၃၀ ကြိမ်လောက် ပို့နိုင်တယ်။ နံနက် ၄ နာရီကတည်းကစပြီး ကားနဲ့ရေသွား သယ်ပြီး ပို့ရတယ် ည ၁၀ နာရီအထိပဲ။ တစ်ခါတလေ တစ်နေ့ကို ၃၅ ကြိမ်လောက် ပို့ရတယ်။ တချို့ နေ့လယ်အချိန် လာပို့ဖို့ပြော တာ တောင်မရဘူး။ နောက်နေ့ထပ်စောင့်ရတာ၊ တိုကင်ယူရတယ်။ ကြိုပြီးတော့ မှာထားမှရတာ “ ဟု တောင်ကြီးမြို့ပေါ်တွင် ရေဖြန့်ဖြူးနေသည့် ကားသမားတစ်ဦးက ပြောသည်။တဖက်မှာလည်း မီးပုံမှန်ရရှိမှုမရှိသဖြင့် အချို့ ပြည်သူများသည် ရေမတင် နိုင်ကာ ရေဝယ်သုံးနေရသည့် အခြေအနေထိ ရင်ဆိုင်နေရသည်။ တောင်ကြီးမြို့ကဲ့သို့ အလားတူ ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်တွင်လည်း နွေရာသီ ကာလသို့ ရောက်တိုင်း ရေရှားပြဿနာနှင့် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရကြောင်း သိရသည်။ http s://burmese.shannews.org/archives/34300

၃၀။    ဘုန်းကြီးကျောင်းတွင်း သူခိုးဓားပြ ဝင်တိုက်၊ ဆရာတော်တစ်ပါး သတ်ခံရ
        April 25, 2023

သျှမ်းပြည် လွိုင်လင်မြို့  နှင့် ပင်လုံမြို့ ကြား နောင်ဟူးကျေးရွာရှိ စေတီတစ်ဆူမှာ သီတင်းသုံး နေထိုင်သည့် ဆရာတော် တစ်ပါး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါ ဆရာတော်သည် ၎င်းစေတီမှာ တစ်ပါးတည်း သီတင်း သုံးနေထိုင်ခဲ့ပြီး လာရောက်ဓားပြတိုက်သည့်အဖွဲ့သည် စေတီရှိအလှူငွေအများအပြား ယူဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရ သည်။ “ပြီးခဲ့တဲ့ ဧပြီ တတိယပတ်လောက်က ဖြစ်မယ်ထင်တယ်။ ရက်စွဲတော့ အတိအကျ မမှတ်မိတော့ဘူး။ အဲ့စေတီကို ဆရာတော် လာပြီးသီတင်းသုံးတာလည်း မကြာသေးဘူး။ သူ တစ်ပါးတည်းပဲရှိတယ်။ ရိုက်နက်သတ်ဖြတ်ပြီးတော့ စေတီက  အလှူငွေတွေကိုလည်း အကုန်ယူသွားတယ်။ ဘယ်လောက် ပါသွားလဲတော့ မသိရပေမယ့် များတယ်လို့တော့ ကြားရတယ်။ အဲ့ဒီစေတီအနီးက ကွင်းပြင်တစ်ခုမှာ အရင်က လောင်းကစားဝိုင်းတွေ ဖွင့်လှစ်တဲ့ နေရာဖြစ်တယ်” ဟု လွိုင်လင်ဒေသခံ တစ်ဦး က ပြောသည်။ အလားတူ ပြီးခဲ့သည့် ဧပြီ (၁၄) ရက်နေ့ မနက်ပိုင်းတွင်လည်း သျှမ်းပြည်နယ်လုံးဆိုင်ရာ ပိဋကတ်ကျောင်းတိုက်ရှိ ကိုရင်များ၊ သံဃာတော်များ၏ ငွေကြေး နှင့် အသုံးအဆောင် ပစ္စည်းအပါအဝင် တန်ဖိုးငွေ သိန်း (၁) ရာကျော် သူခိုးလာရောက် ခိုးယူသွားကြောင်း ပင်လုံဒေသခံ တစ်ဦးထံမှ သိရသည်။

“သင်္ကြန်ကာလလဲ ဖြစ်တယ် အဲ့ချိန်မှာ ဘုန်းကြီးကျောင်းတက်တဲ့ ကာလလဲ ဖြစ်တယ်။ သူခိုးတွေက အဲ့ဒါကိုအခွင့်ကောင်း ယူပြီး ဝင်ခိုးတာနေမှာ။ ဆရာတော်တွေရဲ့ အိပ်ခန်းက လူမြင်ကွင်းမှာ မရှိဘူး။ ပြတင်းပေါက်တွေကလည်း  သော့ခတ် လေ့မရှိတော့  သူခိုးက ဝင်ခိုးလို့ လွယ်သွားတာပေါ့။ ပစ္စည်းကော ငွေကြေးကော ပေါင်းလိုက်ရင် အားလုံး သိန်း (၁) ရာလောက် ရှိတယ်”ဟု ပင်လုံမြို့ ဒေသခံ အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦး ကပြောသည်။ ပင်လုံမြို့ရှိ ဝမ်အဲန်ကျေးရွာမှာ (၄) လ ကျော်ကြာ လောင်းကစားဝိုင်း ဖွင့်လှစ်သည့်အတွက်ကြောင့် သူခိုး ဓားပြများလည်း ပိုမိုများပြားလာခဲ့ခြင်း ဖြစ်သည်။  “အခုက ပြည်သူတွေသာမက ဘုန်းကြီးတွေတောင် လုံခြုံမှု မရှိတော့ဘူး။ အုပ်စိုးတဲ့ မင်း မကောင်းတော့ အရာရာ အားလုံးကို စိုးရိမ်နေရ တယ်။ လောင်းကစားရှိနေသ၍တော့ သူခိုး ဓားပြတွေက ဆက်ပြီး ရှိနေအုံးမှာပဲ။ သက်ဆိုင်ရာတွေကလည်း ဘာမှ လုပ်ပေးတာ မရှိဘူး”ဟု  အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။ https://www.facebook.com/shanne wsburmese/photos/pcb .6149283595164032/6149282 841830774/

၃၁။   တပ်စခန်း (၄) ခု တိုက်ခိုက်ခံရပြီးနောက် KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီ စစ်အင်အား                    ဖြည့်တင်းလာ
       April 24, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဧပြီလ(၂၂)ရက်နေ့က စစ်ကောင်စီ တပ်စခန်း(၄)ခု တပြိုင်နက် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်မှတ်ထားတိုက်ခိုက်ပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ် ထံမှ သိရသည်။ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ကုန်းနှင့်ကျွန်းကုန်းရွာရှိစစ်ကောင်စီတပ်စခန်း (၂) ခုနှင့် မုန်းမြို့နယ်အတွင်းရှိ နောင်ကုန်းနှင့်ရန်မျိုးအောင်ရွာစစ်ကောင်စီတပ်စခန်း(၂) စုစုပေါင် တပ်စခန်း (၄)ခုကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်နက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာ များထဲသို့ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ကာ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်အင်အားဖြည့်တင်းနေ ကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “တိုက်ပွဲဖြစ်ပြီးနောက်ရက် နတ်သံကွင်းဘက်ကို ကား(၆) စီးရောက်တယ်။ ရွှေကျင်မှာလည်း လူအင်အားထပ်တိုးထားတယ်။ အခုကတော့ လက်နက်ကြီးထုနေတာကလွဲပြီး ငြိမ်နေတယ်။ လေယာဥ်ဝဲတာတော့ တောက်လျှောက်ပဲ။ စစ်တပ်က ကျောက်ကြီးထဲမှာ စစ်ကြောင်းထိုးနေတာ ဟိုးရက်ကတည်းကပါ။ တပ်ပေါင်းစုဘက်က ကျသွားတဲ့သူတွေလည်းရှိတယ်။ အဲ့လိုအခြေအနေမှာ စစ်တပ်ဘက်က လစ်ဟာသွားတဲ့နေရာက စခန်း တွေကို ကေအဲန်ယူက ဝင်တိုက်တာ။”ဟု ပြောသည်။

အဆိုပါတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီက ညောင်တန်းရွာ၊ နောင်ကုန်းရွာ အစရှိသော ကျေးရွာ ပေါင်း(၈)ရွာအား လေကြောင်းမှတိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်ခြင်းများလည်း လုပ်ဆောင်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရပြီး လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများ၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရာတွင် တားမြစ်စစ်ဆေးခြင်းများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “စစ်ကောင်စီဘက်ကအထိနာ သွားတဲ့အတွက် လေယာဥ်နဲ့ဗုံးကြဲတာ၊ သူတို့ကြဲတာက ပြည်သူတွေနေ တဲ့နေရာတွေ ဖြစ်တော့ ထွက်ပြေးပုန်းရှောင်ရတယ်။ အခု လေယာဥ်နဲ့ပစ်တာမရှိတော့ပေမယ့် စစ်တပ်က လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ပြီး စားနပ်ရိက္ခာသယ်ယူ ပို့ဆောင်တဲ့နေရာ မှာ တားမြစ်စစ်ဆေးနေတာတွေရှိတော့ စစ်ရှောင်တွေအတွက် ထောက်ပံ့တဲ့နေရာမှာ ခက်ခဲကုန်တယ်။ အခုလည်း တချို့စစ် ရှောင်တွေအတွက် ကရင်လူမှုအဖွဲ့အစည်းက လက်လှမ်းမီသလောက်လုပ်ပေးနေတာပဲရှိတယ်။” ဟု ပြောသည်။ ထိုသို့တိုက် ခိုက်ခံရသော စစ်ကောင်စီတပ်စခန်း(၄)ခုတွင် နယ်မြေခံ ခြေလျင်တပ်ရင်း (ခလရ-၆၀)၊ ခြေမြန် တပ်ရင်း (ခမရ-၃၅၁)၊ အင်အား ထပ်မံဖြည့်တင်းထားသော ခြေမြန်တပ်ရင်း (ခမရ-၅၉၈)နှင့် တပ်မ-၇၇ တို့ပါဝင်နေပြီး တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် (၁၆) ဦးသေဆုံး၍ (၁၇)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူက ဧပြီလ(၂၃) ရက်နေ့တွင် ထုတ်ပြန် ထားသည်။ https://kic news.org/2023/04/%e1%80%90%e1%80%95%e1%80%ba %e1%80%85 %e1%80%81%e1%80%94%e1

၃၂။    အာဏာသိမ်းပြီးနောက် Free Burma Ranger အဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ပြီးဖြစ်
        April 24, 2023

ယခုလ ၁၁ ရက်က KNU ညောင်လေးပင်ခရိုင်တွင် ရိန်းဂျားတပ်ဖွဲ့ ကလေးများ အစီအစဉ်၏ ခေါင်းဆောင် တစ်ဦး ဖြစ် သည့် သန့်ဇော်ထွေးသည် စစ်ကောင်စီ ၏ မြေမြှပ်မိုင်းကြောင့် သေဆုံးခဲ့သည်ဟု Free Burma Ranger-FBR ၏ လူမှု ကွန်ရက် စာမျက်နှာ၌ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် အာဏာ သိမ်းပြီးနောက် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျဆုံးခဲ့ရသည့် Free Burma Ranger အဖွဲ့ဝင် စုစုပေါင်း ၁၂ ဦးရှိလာပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ၂ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ၆ ဦး၊ ၂၀၂၃ တွင် ၄ ဦး တို့ဖြစ်သည်။ ကျဆုံးသူများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်သည်။

FBR တပ်ဖွဲ့ဝင်တို့သည် ကရင်နီတွင် ၆ ဦး၊ ကရင်တွင် ၅ ဦးနှင့် ရှမ်းတွင် ၁ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူ များအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေး ခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့် အဖွဲ့ ဖြစ်သည်။ တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ဆယ်/ဆေးကုသစဥ် စစ်ကောင်စီ တပ်၏ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ် ခံရခြင်းစသည့် အကြောင်းအရင်းများကြောင့် Ragner များကျဆုံးခဲ့ရသည်။ https://www. facebook.com/photo/?fbid=6 14084950739037&set=a.478726160941584

၃၃။     ကချင်ပြည်နယ်တွင် ပြည်သူများကို ဖမ်းဆီး လူသားဒိုင်းလုပ်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
         April 25, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်ကနေ ငအိုး ၁၂၁ တပ်ရင်းကို ဆင်းလာတဲ့ ဒေသခံ ၃၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လမ်းတ လျှောက်က ဖမ်းဆီးလာတဲ့သူတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး လာတာကြောင့် တိုက်ပွဲအရှိန် လျှော့လိုက်ရတယ် လို့ဆိုပါတယ်။ ကသာမြို့နယ် ပ.က.ဖတာဝန်ရှိသူက “အဲဒီစစ်ကြောင်းက ရွှေကူဘက်ကနေ ငအိုးတပ်ကို ဝင်ဖို့သွားတာ။ လမ်းခု လတ်မှာပေါ့။ နောင်းပါတိတ် ဆိုတဲ့ ရွာမှာ ၄ နာရီကနေ ၅ နာရီ ဝန်းကျင်လောက်မှာ တိုက်ပွဲအနည်းအကျဉ်းလောက်ပဲ လုပ်လိုက် တယ်။ ပြည်သူတယောက်၊ စစ်သားတယောက် ဆိုတော့ ဘယ်လိုမှ လုပ်လို့မရဘူး” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ဧပြီ ၂၄ ရက် ညနေ ၅ နာရီလောက်မှာ မဘိန်းမြို့နယ် နောင်းပါတိတ်ရွာမှာ တကြိမ်နဲ့ ကသာမြို့နယ် အင်းဒရဲရွာမှာ ည ၇ နာရီလောက်မှာ တကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ အဲဒီစစ်ကြောင်းဟာ ငအိုး ၁၂၁ တပ်ရင်းထဲ ဝင်ရောက်သွားပြီလို့ သတင်းရရှိပြီး ဒေသခံ သုံး လေးယောက်သာ တိုက်ပွဲဖြစ် ပွားချိန် ထွက်ပြေးနိုင်ခဲ့ကာ အများစုကတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။ https://burmese. dvb.no/archives/590027

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။