• Today is: Saturday, May 18, 2024

ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ် ပေါ်ထွက်လာရေး ကြိုးစားဆောင်ရွက်မယ်လို့ KNU ပြော

ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ် ပေါ်ထွက်လာရေး ကြိုးစားဆောင်ရွက်မယ်လို့ KNU ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၀ ရက်၊ ၂၀၂၃။

ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခု ပီပီပြင်ပြင် ပေါ်ထွန်းလာအောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကတဆင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးက ပြောလိုက်ပါတယ်။

KNU ၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်ကျင်းပပြီး ရက်ပေါင်း ၁၀၀ အတွင်း ပထမအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ သြဂုတ်လ ၁၀ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့တာပါ။

ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ KNU ၏ နိုင်ငံရေးမှု ၄ ချက်နှင့်ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးဖြစ်သူ ပဒိုစောတာဒိုမှူးမှ ရှင်းလင်းပြောကြားသွားပါတယ်။

အဆိုပါမှု (၄)ချက်မှာ မြန်မာ့နိုင်ငံရေးတွင် လုံးဝပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်ကို တည်ဆောက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အစစ်တစ်ခုကိုရေးဆွဲဖို့၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဥ်တွေကို သဘောတူအကောင်အထည်ဖော်ဖို့ နှင့် နိုင်ငံသစ်ထူထောင်ရေးရဲ့ အဆင့်တိုင်းမှာ နိုင်ငံတကာ ပါဝင်တဲ့ အခန်း ကဏ္ဍတွေကို သဘောတူပါဝင်စေဖို့ ဖြစ်ကြောင်း သိရပါတယ်။

KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက်မှာ ကရင်တမျိုးသားလုံးတရားမျှတရေး၊ တန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးနှင့် တစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး တို့ဖြစ်တယ်လို့ ပြောပါတယ်။

” ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ခိုင်မာတဲ့ ပြည်နယ်တွေ ဖက်ဒရယ်ယူနစ်တွေရှိမှ သာလျှင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှင်သန်နိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားလာမှာ ယုံကြည်တယ် ” လို့ သူက ဆိုပါတယ်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနဲ့ ညီတဲ့ ပိုမိုကောင်းမွန်တဲ့ ဥပဒေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ တရားစီရင်ရေး စနစ်တွေ အစားထိုးဖို့လည်း အရေးကြီးကြောင်းနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ PDF တပ်တွေကို လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဥ်တစ်ခုလုံးရဲ့ အောက်မှာ ပြန်လည်စုစည်းပြီး ပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အစစ်နဲ့ အညီ လုံခြုံရေး စနစ်အသစ်ရဲ့အောက်မှာ ပြန်လည် တည်ဆောက်ကြရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

KNU ရဲ့ (၁၇) ကြိမ်မြောက် ကွန်ဂရက်မှ Institutional reform အနေဖြင့် ဌာန (၁၄) ခုမှ (၁၂) ခုကို လျှော့ချဖွဲ့စည်းခဲ့ပြီး ဌာန (၉) ခုမှာတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေနဲ့ အစားထိုး ခန့်အပ်ထားတယ်လို့ သိရပါတယ်။

ယနေ့ သတင်းစာရှင်းလင်းပွဲကို KNU ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူ (၈) ဦးမှ တက်ရောက်ခဲ့ကြပြီး တဦးချင်းအလိုက် သက်ဆိုင်တဲ့ လုပ်ငန်းစဥ်တွေကိုလည်း ရှင်းလင်း ပြောကြားပေးခဲ့ကြပါတယ်။

ဓါတ်ပုံ – KNU အွန်လှိုင်း သတင်းစာရှင်းပွဲ။