• Today is: Tuesday, May 21, 2024

မွန်ပြည်တော်လှန်ရေးအခြေအနေအပေါ် MSFC နဲ့ သီးသန့်သုံးသပ်မေးမြန်းချက်

မွန်ပြည်တော်လှန်ရေးအခြေအနေအပေါ် သီးသန့်သုံးသပ်မေးမြန်းချက်

နိုင်မွန်စိုင်း | ပြောရေးဆိုခွင့်ရှိသူ (မွန်ပြည်ဖက်ဒရယ်ကောင်စီ)

(၁) နွေဦးတော်လှန်ရေးကာလ (၃) နှစ်ပြည့်လာပြီဆိုတဲ့အချိန်မှာ လက်ရှိ မွန်ပြည်နိုင်ငံရေး၊ စစ်ရေးရေချိန်ကို ပြန်လည်သုံးသပ်ပေးပါအုံးရှင့်။

နွေဦးတော်လှန်ရေး ၃နှစ်တာကာလ ရဲ့ ပထမနှစ်မှာ ကျွန်တော်တို့ပြည်နယ်မှာနိုင်ငံရေး စုစည်းမှုတွေ အားမကောင်းခဲ့ဘူး ပြန့်ကျဲနေတာတွေ ရှိတယ်။ နိုင်ငံရေး အမြင်တွေလည်းမတူကြဘူး။ အထူးသဖြင့် မွန်လူမျိုးထဲမှာ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လာတယ်။ ငြိမ်းချမ်းရေးအထိုက်အလျှောက် ရခဲ့တယ်။ 

နွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာရှင်ကို ပြန်တိုက်မလား မတိုက်ဘူးလားဆိုတဲ့နေရာမှာ အမြင်ချင်းတွေ မတူကြတော့ဘူး။ အမြင်ချင်းတွေ မတူတဲ့ အတွက် စစ်အာဏာရှင်ကိုတော်လှန်ရေးနေရာမှာ အားမကောင်းခဲ့ဘူး။ နောက်တစ်ခုက စစ်ရေးပိုင်းမှာ စစ်ရေးအရပြန်တိုက်ခဲ့ရင် ပြည်သူလူထုတွေ ဒုက္ခရောက်မှာစိုးလို့ ပြန်မတိုက်တဲ့ အဖွဲ့တွေ ရှိတယ်။ စစ်ရေးအရ လည်း မစုစည်းနိုင်ခဲ့ဘူး။

ဒါပင်မဲ့လည်း ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ စစ်အာဏာရှင်ကိုတိုက်ဖြတ်ဖို့ အမြင်ချင်းတူတဲ့ အဖွဲ့တွေကို ကျွန်တော်တို့ တက်နိုင်သလောက်စုစည်းခဲ့ပါတယ်။  စစ်ရေးပိုင်းမှာလည်း ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းလာနိုင်ခဲ့တယ်။ ၂၀၂၃ မှာလည်း မွန်ပြည်နယ်မှာ တော်လှန်ရေး အင်အားစုတွေကနေ စစ်အာဏာရှင်ကို တိုက်တိုက်တဲ့အခါ အရင်ကထပ် တိုက်ပွဲတွေပိုများလာတယ်။ တိုက်ပွဲတွေ ဖော်ဆောင်တဲ့ နေရာမှာလည်း မဟာမိတ်ပုံစံနဲ့ ဖော်ဆောင်မှုတွေရှိလာတယ်။ စစ်ရေးအခြေအနေကို မွန်ပြည်နယ်မှာ ၂၀၂၂ နဲ့ နှိုင်းဆ မယ်ဆိုရင် ၂၀၂၃ မှာ နေရာ ပိုကျယ်ပြန့်လာတယ်လို့ ဆိုလို့ရပါတယ်။

(၂) မွန်ပြည်နယ်ရဲ့ တော်လှန်ရေး ရည်မှန်းချက်၊ တန်ဖိုးထားမှုနဲ့ ပန်းတိုင်က ဘာတွေလဲ။

တိုင်းရင်းသားပြည်နယ်တွေမှာတော့  တော်လှန်ရေး ရည်မှန်းချက်ကတော့ သိပ်မကွာကြပါဘူး။ ကျွန်တော်တို့က နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ အဓိကတော့ မွန်ပြည်နယ်မှာ ဒီမိုကရေစီ စံနှုန်းနဲ့အညီ လွတ်လပ်စွာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးချင်တယ်။ အဲ့ဒီအတွက် တော်လှန်ရေး အဖွဲ့တွေကလည်း နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကြိုးစားခဲ့ကြပါတယ်။

အဲ့ဒီမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတဲ့အခြေအနေကို ရောက်သွားကြတယ်။ အဲ့ဒီလိုရောက်သွားတော့ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အဓိကပန်းတိုင်က စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပေါ့။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေမှာ ရည်မှန်းချက်ကတော့ နှစ်ခုလောက်တော့ ရှိနိုင်ပါတယ်။

တချို့သောတော်လှန်ရေး အဖွဲ့တွေကတော့ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီပြန်ထွန်းကားရင်တော့ သူတို့ တော်လှန်ရေးပြီးပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ရမယ်။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည် ပေါ်ပေါက်လာတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်တယ်။

ဒီကနေ့ရဲ့ တန်ဖိုးထားမှုက စစ်အာဏာရှင်ကိုတိုက်တဲ့အခါ မခွဲခြားပဲ တူတူတိုက်ဖို့တန်ဖိုးထားကြတယ်။ နောက်ပြီး ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်း စသည်ဖြင့်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့်လည်း တော်လှန်ရေးဆင်ရနွှဲရင်း ပြည်သူတွေရဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို တခါတည်းပေးအပ်ထားတာဖြစ်ပါတယ်။

(၃) မွန်ပြည်နယ်တော်လှန်ရေးရဲ့ စစ်ရေး ၊ နိုင်ငံရေး ချိန်ခွင်လျှာက ဘယ်လို ပုံစံ ရှိပါသလဲ။

စစ်ရေးပိုင်းကတော့ ကျွန်တော်ထင်တယ် မဟာမိတ်စုစည်းနိုင်မှုပုံစံနဲ့ တော်တော်လေးကို စုစည်းနိုင်တာ ကျွန်တော်တို့တွေ့ရတယ်။ မွန်ပြည်နယ်မြောက်ပိုင်းမှာဆိုရင်လည်း မဟာမိတ်စုစည်းမှုနဲ့သွားတာတွေ့ရတယ်။ စစ်ရေးဗျူဟာတွေ ချမှတ်ဆောင်ရွက်ထားတာတွေလည်း တွေ့ရတယ်။ မွန်ပြည်နယ်တောင်ပိုင်းမှာဆိုလည်း မဟာမိတ်ပုံစံနဲ့ စတင်ဆောင်ရွက်နေတာတွေ တွေ့ရတယ်။ နိုင်ငံရေးကိစ္စကတော့ နည်းနည်း ကွဲကွဲပြားပြားဖြစ်နေတာ တွေ့ရတယ်။ တချို့ကျတော့ စစ်အုပ်စုကို မတော်လှန်ချင်တဲ့ အဖွဲ့အစည်း တွေရှိပြီး အလည်အလတ်မှာပဲ ထိုင်နေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။

စစ်အာဏာရှင်မရှိမှ သာလျှင် ဖက်ဒရယ် ပြည်ထောင်စုရော ဒီမိုကရေစီရော ထွန်းကားမယ်လို့ ကျွန်တော်ထင်တယ်။ တချို့ကျတော့လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီးမှ သွားချင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံရေး အဖွဲ့အစည်းတွေကို သုံးသပ်ကြည့်မယ်ဆိုရင် မွန်ပြည်နယ်မှာ အမြင်တွေ ကွဲကွဲပြားပြားနဲ့ နိုင်ငံရေး စုစည်းမှုက အားနည်းတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။

(၄) MSFC အနေနဲ့ ဘာတွေ လုပ်ဆောင်နေပါသလဲ။

MSFC အနေနဲ့ ဖက်ဒရယ်ယူနစ်အတွက် ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေး ကတည်းက ကျွန်တော်တို့ အဖွဲ့အစည်းမှာ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး အဖွဲ့စေည်းတွေ၊ CSO တွေ၊ CDM တွေ၊ ပြီးတော့ နွေဦးတော်လှန်ရေး က လူငယ်တွေ ကျောင်းသားတွေ အများကြီးနဲ့ NUCC က ချမှတ်ထားတဲ့ စံနှုန်းတွေအတိုင်း မွန်ပြည်ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားတာဖြစ်တယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ပထမဆုံး နိုင်ငံရေးစုစည်းမှုပြုလုပ်တယ်။ ပြီးတော့မှ အရေးကြီးတဲ့ မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ကာလသုံးပိုင်းတော့ ရှိမယ်။ ပထမပိုင်းကတော့ တော်လှန်ရေးကာလမှာလည်း ဖွဲ့စည်းပုံရှိသင့်တယ်လို့ မြင်ပါတယ်။ ဒီကိစ္စကိုဆောင်ရွက်ရင်းနဲ့ အခြားသော နိုင်ငံရေးဆွေးနွေးမှုတွေလည်း ရှိပါတယ်။

ဒီ MSFC ကို ဖွဲ့စည်းပြီးတဲ့နောက်ပိုင်း အုပ်ချုပ်ရေးပိုင်းကို လုပ်ဆောင်နေတာ ရှိပါတယ်။ ဒီအုပ်ချုပ်ရေးပိုင်းကို ပြည်သူလူထု ဝန်ဆောင်မှုပိုင်းကို ပိုမိုလုပ်ဆောင်နေပါတယ်။ အဓိက ကတော့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်ပါတယ်။ နောက်ပြီး တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နောက်က သူတို့မိသားစုတွေ ရပ်တည်ရေး၊ ကလေးငယ်တွေရဲ့ ပညာရေး၊ နောက်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ဒါတွေကိုလည်း ဒီနှစ်မှာ အတော်ဆောင်ရွက်ခဲ့တယ်။

နောက်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စုစည်းပြီး ကူညီတဲ့ လုပ်ငန်းတွေ ပြည်သူလူထုအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို တက်နိုင်သလောက် လုပ်ကိုင်ဆောင်ရွက်နေတာတွေရှိပါတယ်။

(၅) MSFC ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး‌ ကဏ္ဍနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးပါအုံး။

ကာကွယ်ရေးပိုင်းမှာ MSFC ရဲ့ မျှော်မှန်းချက်က တစ်နေ့ကျရင် ကျွန်တော်တို့ နိုင်ငံမှာ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရမှာ ဖြစ်ပါတယ်။အာဏာရှင်စနစ်ကို တည်ဆောက်ထားတဲ့ တပ်မတော်က ကျွန်တော်တို့ နိုင်ငံမှာ မရှိသင့်တော့ဘူး။ ပြည်သူကလည်း လက်မခံတော့ဘူး။ အဲ့တော့ ဖက်ဒရယ်တပ်မတော်နဲ့ အစားထိုးရမယ်။ အဲ့လိုအစားထိုးတဲ့အခါမှာ ပြည်နယ်တိုင်းမှာရှိတဲ့ ကာကွယ်ရေး ကိစ္စကိုလည်း တာဝန်ယူရသလို ပြည်ထောင်စုမှာလည်း ဖက်ဒရယ်တပ်မတော်မှာ ဝိုင်းပြီး တာဝန်ယူရတယ်။

အဲ့တော့ ကျွန်တော်တို့မှာ အနည်းဆုံးတော့ ဒီကနေ့ပြင်ဆင်နေတာ ကျွန်တော်တို့ ပြည်နယ်ကို ကာကွယ်တဲ့တပ်ရှိသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ဖွဲ့စည်းသွားမှာပါ။ တချို့သောတော်လှန်ရေး အဖွဲ့အစည်းတွေ အနာဂတ်မှာ ပြည်နယ်ကာကွယ်ရေးတပ်အနေနဲ့ ရပ်တည်သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ဆွေးနွေးသွားပါမယ်။ ကြိုဆိုသွားမယ်ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ပြီးတော့ လုံခြုံရေးပိုင်းပေါ့။ လုံခြုံရေးပိုင်းမှာ ပြည်သူတွေရဲ့ လုံခြုံရေးရော တရားရေး မဏ္ဍိုင် တွေအတွက်ရော ကျွန်တော်တို့ဆောင်ရွက်နေတာ ရှိပါတယ်။ အဓိကတော့ တရားရေး မဏ္ဍိုင် အတွက်ပေါ့။ စကစ ကနေ တရားရေး ဝန်ဆောင်မှုတွေလည်း မလုပ်နိုင်တော့ဘူး။ စကစ ရဲ့ တရားရေးကလည်း အကျင့်ပြတ်ချစားတာများတယ်။ ကျွန်တော်တို့ မွန်ပြည်သူတွေရဲ့ ဓလေ့ ထုံးတမ်းတွေနဲ့လည်း မကိုက်ညီတာ ရှိတယ်။ အဲ့ကြောင့် တရားရေးစနစ်နဲ့ ပြည်သူလူထုလုံခြုံရေး စနစ်တွေကိုလည်း တည်ဆောက်ဖို့ ကျွန်တော်တို့ စဥ်းစားနေတယ် ။

(၆) စစ်ရေး၊ နိုင်ငံရေး မဟာမိတ်မူဝါဒကို ပြောပြပေးပါအုံး။

ကျွန်တော် တို့ စစ်ရေးမူဝါဒက ရှင်းပါတယ်။ စစ်အာဏာရှင်ကလွဲရင် အားလုံးက ကျွန်တော်တို့ မဟာမိတ်တွေပါပဲ။ မဟာမိတ်ဆိုတာက လက်ရှိနိုင်ငံရေး ဆုံးဖြတ်ချက်ကြောင့် စစ်အာဏာရှင်ကို မတိုက်ပေမဲ့ တချို့သော အဖွဲ့တွေက မဟာမိတ်အဖြစ် လက်တွဲလို့ ရပါတယ်။ အဖွဲ့အစည်းတော်တော်များများက စစ်အာဏာရှင်ကို ဆန့်ကျင်ပါတယ်။ လက်ရှိအခြေအနေအရ တိုက်တာရှိမယ်။ မတိုက်တာ ရှိမယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့ မည့်သည့်နိုင်ငံရေး၊ စစ်ရေး အဖွဲ့မဆို ကျွန်တော်တို့ မဟာမိတ်အနေနဲ့ လက်ခံတယ်။ အထူးသဖြင့် စစ်ရေးပိုင်းမှာတော့ ဒီမှာရှိတဲ့ EROs ပဲဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေပဲ ဖြစ်စေ စစ်အာဏာရှင်စနစ်ကိုတိုက်နေတဲ့ မည်သူမဆို ကျွန်တော်တို့ မဟာမိတ်အဖြစ် ချမှတ်ထားတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုချင်းဆီကိုလည်း ကျွန်တော်တို့ ဆက်စပ်မယ်။ ပြီးတော့ မဟာမိတ်ပုံစံတည်ဆောက်သွားပြီး သူတို့လိုအပ်တဲ့ စစ်လက်နက် ခဲယမ်းမဟုတ်တဲ့ ရိက္ခာနဲ့ နောက်ခံကိစ္စတွေကိုလည်း ကူညီဖို့ ကျွန်တော်တို့ မူဝါဒ ချမှတ်ထားတယ်။

(၇) MSFC အနေနဲ့ မွန်ပြည်နယ်မှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မှုရှိပါသလဲ။

မွန်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တပ်တွေနဲ့တိုက်ရိုက် လူပုဂ္ဂိုလ်အရ တွေ့ဆုံတာမရှိပင်မဲ့ Online ကနေ တွေ့ဆုံတာတွေ ရှိတယ်။ အဲ့ဒီအဖွဲ့တွေအတွက်တော့ သူတို့ရဲ့ ရိက္ခာပိုင်းလိုအပ်ချက်တွေ၊ ကျန်းမာရေးနဲ့ ကုသရေး လိုအပ်ချက်တွေကို ကျွန်တော်တို့တက်နိုင်သလောက် ကူညီပေးတယ်။ တောင်ပိုင်းအတွက် ထိုနည်းလည်းကောင်းပါပဲ။ မွန်ပြည်နယ်တောင်ပိုင်းမှာဆို MSRF ကနေပြီးတော့မှ ဒေါနစစ်ကြောင်းအပါအဝင် တခြားသောမဟာမိတ် ၇ ဖွဲ့နဲ့ မဟာမိတ်တည်ဆောက်ထားပါတယ်။ အဲ့ဒီမဟာမိတ်ကနေပြီးတော့ သူတို့ရဲ့ လိုအပ်တဲ့ အနောက်ပိုင်းဆိုင်ရာ အကူအညီတွေကို ပေးသွားဖို့ အစီအစဥ်တွေရှိပါတယ်။ အဲ့ဒါကြောင့် ဒီပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် တော်လှန်ရေးအဖွဲ့တွေကနေ လက်နက်ကိုင်တော်လှန်ရေး ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

(၈) လက်ရှိ မွန်ပြည်မှာ စစ်ရေးအရှိန်မြှင့်တက်လာမှုအပေါ် MSFC အနေနဲ့ ဘယ်လို ဆက်ပြီး ဦးဆောင်လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ကျွန်တော်တို့ ဦးဆောင်တယ်လို့ မသုံးချင်ပါဘူး။ ကျွန်တော်တို့ ဆက်စပ်ဆောင်ရွက်တယ်လို့ ပဲ ပြောချင်ပါတယ်။ စစ်ရေး အရှိန်မြင့်လာဖို့ တော်လှန်ရေး နယ်မြေပိုမိုကျယ်ပြန့်လာဖို့ ၊ ရန်သူရဲ့ တပ်စခန်းတွေ ထိထိရောက်ရောက်တိုက်နိုင်ဖို့၊ နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ ဒီကိစ္စတွေကိုတော့ စစ်ရေးခေါင်းဆောင်တွေက စဥ်းစားပြီး လုပ်ဆောင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ရဲ့လိုအပ်ချက်တွေနဲ့ အခြားသော ကိစ္စတွေကို အကြံပြုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တယ်။ စစ်ရေးလုပ်ငန်းများ ထဲထဲဝင်ဝင်မလုပ်နိုင်ဘူး။

ဒါပေမဲ့ ကျွန်တော်တို့က တော်လှန်ရေးအရှိန်အဟုန်မြင့်လာဖို့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်မြင့်လာဖို့ သူတို့ရဲ့ နောက်တန်းလိုအပ်ချက်တွေကို ကျွန်တော်တို့ တက်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်း တော်တော်များများက မြောက်ပိုင်းအခြေအနေ၊ ကရင်နီအခြေအနေ၊ စစ်ကိုင်းအခြေအနေကိုကြည့်ပြီးတော့ပဲ ဒီဘက်မှာ စစ်ရေးအရှိန်မြှင့်ဖို့ စဥ်းစားနေပါတယ်။

(၁၀) ဖြည့်စွက်ချက်။

ကျွန်တော်တို့ မွန်ပြည်သူတွေ အပါအဝင် မွန်ပြည်နယ်မှာ အခြေချနေတဲ့ တိုင်းရင်းသား ပြည်သူ အားလုံးပေါ့နော် စစ်အာဏာရှင်ကိုတိုက်တဲ့ကိစ္စက မဖြစ်မနေ တော်လှန်ရေးတပ်ဖွဲ့တွေ လုပ်ရမယ့် ကိစ္စဖြစ်တယ်။ စစ်အာဏာရှင်ရှိနေသ၍တော့ ဒီလိုမျိုးပဲ ခံစားနေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေး ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ စစ်အာဏာရှင်က သူတို့ကလွဲရင် ဘယ်သူ့ကိုမှ အာဏာပေးချင်တာ မဟုတ်ဘူး။ ဒီမိုကရေစီလည်း မလိုလားဘူး။ ဖက်ဒရယ်လည်း မလိုလားဘူး။ ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေရော ဖက်ဒရယ်အင်အားစုတွေကလည်း မဖြစ်မနေ စစ်အာဏာရှင်ကိုတိုက်ခိုက်နေရတာဖြစ်ပါတယ်။

ပြည်သူလူထုကို ဒုက္ခပေးချင်လို့ ပြည်သူရဲ့ အခြေအနေဆိုးဝါးစေချင်လို့ လုပ်နေတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်နေကြမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် စစ်အာဏာရှင်ကိုတိုက်တဲ့ အခါမှာ ပြည်သူလူထုလုံခြုံမှုရှိအောင် ရိက္ခာတွေစုစည်းထားဖို့လိုတယ်။ နောက်ပြီး ထွက်ပြေးတိမ်းရှောင်မယ့်နေရာ ဒါတွေလည်း ရှာထားဖို့လိုတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာရှိတဲ့ ဘာသာရေးအဖွဲ့အစည်းတွေ လူငယ်အဖွဲ့အစည်းတွေ အမျိုးသမီးအဖွဲ့အစည်းတွေ CSO တွေအနေနဲ့ အားလုံးပေါ့နော် စစ်ပွဲကာလတစ်ခုကိုဖြတ်ကျော်ရမယ်။ စစ်ပွဲကာလကိုဖြတ်ကျော်တဲ့အခါမှာ ပြည်သူလူထုကိုကာကွယ်ဖို့နဲ့ စားဝတ်နေရေးကိစ္စတွေကို ဝိုင်းဝန်းပြီးလုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်။