• Today is: Friday, May 17, 2024

ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဖေဖော်ဝါရီ ၁၊ ၂၀၂၄

ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ချင်းပြည်(Chinland) ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့ထိ ၂ ရက်တာ ချင်းလုံမြို့မှာ ကောင်စီဝင် ၁၀၀ ဦး တက်ရောက်ပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ချင်းပြည်(Chinland) ကောင်စီ အစည်းအဝေးကနေ ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးချယ်တင်မြှောက်ရေး ကော်မတီမှ အဆိုပြု တင်သွင်းတဲ့ ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အမည်စာရင်းများကို အတည်ပြုပြီး ချင်းပြည် (Chinland) လွှတ်တော်အပါအဝင် မဏ္ဏိုင်ကြီး(၃)ရပ်ကို ဖွဲ့စည်း အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ ချင်းပြည် (Chinland) အစိုးရအဖွဲ့ကိုတော့ ဝန်ကြီးဌာန (၁၄)ခုဖြင့် ဖွဲ့စည်းထားပြီး ချင်းပြည် (Chinland) ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ် ဟူ၍ ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ်ကိုလည်း တရားသူကြီးချုပ်၊ တရားသူကြီးများဟူ၍ ၃ ဦး ပါဝင်ပြီး ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အခုချင်းပြည်(Chinland) အစိုးရအဖွဲ့ ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသူတွေကလည်း လက်ရှိ နွေဦးတော်လှန်ရေး ကာလထဲမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ဖွဲ့စည်းလိုက်နိုင်တဲ့ ပထမဦးဆုံး ပြည်နယ်အစိုးရဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။

ထုတ်ပြန်ချက် – Chinland Council ဖေ့စ်ဘုတ်စာမျက်နှာ။