• Today is: Tuesday, May 21, 2024

ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်မှသည် ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ (စကားဝိုင်းအနှစ်ချုပ်)

ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်မှသည် ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ (စကားဝိုင်းအနှစ်ချုပ်)

ပြည်ထောင်စု တည်ဆောက်ခဲ့မှု အနှစ်သာရကို နောက်ပြန် ဆွေးနွေးကြည့်ခြင်း

၁) ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပင်လုံစာချုပ်လက်မှတ်ထိုးတဲ့နေ့ကို ပြည်ထောင်စုနေ့လို့  အစိုးရအဆက်ဆက်က သတ်မှတ်ကျင်းပခဲ့ကြပါတယ်။ တစ်ချို့က မေးခွန်းထုတ်ကြပါတယ်။ ဒီအပေါ် ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဆလိုင်းကစ် (ပင်လုံသမိုင်းဆိုင်ရာကျွမ်းကျင်သူ)

မြန်မာ့နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် ပြည်ထောင်စုက လုံးဝ မထူထောင်ဖြစ်ခဲ့ဘူး။ အာဏာရှင်တွေက ပြည်ထောင်စုနေ့ကို အသုံးချသွားတယ်။ သက်သက်မဲ့ အမှောင်ချထားပြီး ပြည်သူတွေကို ဂျင်းထည့်နေတာ။ ဘာအနှစ်သာရမှ မရှိဘူးလို့ ကျွန်တော်ခံစားရပါတယ်။

မူးအိန်ဂျယ်လာ (ကင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- အမှုဆောင်အဖွဲ့ဝင်)

ဒီနေ့က ပြည်ထောင်စုနေ့လို့ ခေါ်ဆိုဖို့မလုံလောက်သေးပေမဲ့ ပြည်ထောင်စုကိုသွားမယ့် အစပျိုးခဲ့တဲ့နေ့ ၊ အခြေခံကျော်ရိုးကို ချခဲ့တဲ့နေ့လို့ သတ်မှတ်ပါတယ်။ ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ဖို့တော့ အားလုံးကို မလွမ်းခြုံသေးပါဘူး။

၂) လက်ရှိအချိန်အထိ ပင်လုံကတိကဝတ်နဲ့ ပင်လုံသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ ဘာကြောင့် ပျက်ကွက်ခဲ့ကြပါသလဲ။ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။

နိုင်မွန်စိုင်း (မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC)

ကတိကဝတ်တွေပေးခဲ့တဲ့ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး မရခင်သေဆုံးခဲ့ပြီး နောင်လာတဲ့ ခေါင်းဆောင်တွေက ဒီကတိကဝတ်ကို မဆောင်ရွက်ပေးသလို၊ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက ပြည်မမှာရှိတဲ့ ခေါင်းဆောင်၊ အစိုးရအဆက်ဆက်က ပင်လုံ ကတိကဝတ်ကို အကောင်အထည်ဖော်ပေးဖို့ စိတ်မဝင်စားတာ များပါတယ်။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- ဥက္ကဌ)

ဗမာပြည်ရဲ့ ပြဿနာလို့ပြောရင် နှစ်ချက်ရှိတယ်။ တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ၊ နောက်တစ်ချက်က Identity ပြဿနာဖြစ်တယ်။ ပင်လုံလို့ပြောရင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံစိတ်ဓာတ်ကိုပါ ထည့်ပြောဖို့လိုတယ်။ အခုကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်ဆိုရင် မဟာလူမျိုးကြီးဝါဒ မလိုအပ်တော့ပါဘူး။ ကျဥ်းမြောင်းတဲ့ အမျိုးသားရေး ဝါဒလည်း မလိုအပ်တော့ပါဘူး။ ဒါတွေကို ဖယ်ပစ်လိုက်ဖို့ လိုပါတယ်။

၃) ပင်လုံစာချုပ်ဟာ ချင်း၊ ကချင်၊ ရှမ်းနှင့် ဗမာပဲ လက်မှတ်ထိုးလို့ All Inclusive မဖြစ်ဘူး ဆိုပြီး မေးခွန်းထုတ်တဲ့ သူတွေလည်း ရှိသလို ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုံလောက်တယ်လို မြင်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်လိုပါသလဲ။

 နိုင်မွန်စိုင်း (မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC)

ပင်လုံ ကတိကဝတ်က နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံ နိုင်ငံရေး အုပ်မြစ်ချခဲ့တယ်လို့ပဲ ပြောရပါမယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပင်လုံကတိကဝတ်ကို အကောင်ထည်ဖော်မယ်ဆိုရင် ပြည်နယ်ရှိပြီးသားရော၊ ပြည်နယ်မရှိရသေးတဲ့ အမျိုးသားရေးလက္ခဏာတွေ ပြည့်စုံတဲ့ တိုင်းရင်းသားတွေကိုပါ တန်းတူ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးသင့်တယ်။

 ဆလိုင်းကစ် (ပင်လုံသမိုင်းဆိုင်ရာကျွမ်းကျင်သူ)

ပင်လုံဟာ all inclusive မဖြစ်ဘူးလို့ တိုင်းရင်းသားထဲမှာလည်း ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောခဲ့တာရှိတယ်။ နောက်ပိုင်းတော့ ကျွန်တော်လည်း နားလည်သွားတယ်။ ပင်လုံစာချုပ်က နယ်မြေအခြေပြုစာချုပ် ဖြစ်တယ်။ ရှမ်း၊ ကချင်၊ ချင်းက သီးခြား လွတ်လပ်တဲ့ ဒေသတွေဖြစ်တယ်။ သမိုင်းကြောင်းအရကြည့်မယ်ဆိုရင်တော့ ပင်လုံက all inclusive ဖြစ်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

၄) ပင်လုံစာချုပ်အနှစ်သာရက ဘာလဲ။ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘာက အခရာကျပါသလဲ။ ပြည်ထောင်စုဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ကို ပြဌာန်းထားသင့်သလား။

မူးအိန်ဂျယ်လာ (ကင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- အမှုဆောင်အဖွဲ့ဝင်)

ပင်လုံစာချုပ်အနှစ်သာရတော့ ၁၉၄၉ ဖေဖော်ဝါရီလမှာ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် ၅ ချက်ရယ် ဖေဖော်ဝါရီ လ ၁၂ရက်နေ့မှာ အကောင်အထည်ဖော်ရမယ့် ကတိကဝတ် ၉ ချက်က အနှစ်သာရဖြစ်တယ်။ သီးခြားလွတ်လပ်ခွင့်ရှိရမယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမယ်၊ ပြီးရင် ဒီမိုကရေစီ စနစ်ကျင့်သုံးမယ် ဆိုတာ အဓိကကျပါတယ်။ တန်းတူရေး မရတာရယ် ဒီမိုကရေစီ ဆိတ်သုဉ်းတာရယ် က ပြည်ထောင်စု တည်ဆောက်ဖို့ အဓိက ပြဿနာ ဖြစ်ပါတယ်။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- ဥက္ကဌ)

ပင်လုံစာချုပ်က နယ်မြေတွေအကြားမှာ ချုပ်ဆိုတယ် ဆိုရင် all inclusive ဖြစ်ပါတယ်။ ပင်လုံစာချုပ်ရဲ့ နိုင်ငံရေး အနှစ်သာရ က ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်ပါတယ်။ ပင်လုံစာချုပ်ရဲ့ လုပ်ထုံးလုပ်နည်း အနှစ်သာရက တစ်ဖက်ကို တစ်ဖက် အနိုင်မကျင့်ပဲ ဒီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခွဲထွက်ချင်လို့ ခွဲထွက်ခွင့်ကို ထည့်ခဲ့ကြတာမဟုတ်ဘူး အာမခံချက်ကို လိုချင်တာ ဖြစ်ပါတယ်။

(၅) ပဋိပက္ခအားလုံးကိုချုပ်ငြိမ်းဖို့အတွက် ဒီကနေ့ တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တစ်ချို့ကတော့ နိုင်ငံရေးအခင်းအကျင်းကို “ပင်လုံမတိုင်ခင်” အခြေအနေလို့ ပြောကြပါတယ်။ ပင်လုံမတိုင်ခင် အခင်းအကျင်းဆိုတာ ဘာလဲ။ ဘယ်လိုဖြစ်သင့်သလဲ။

နိုင်မွန်စိုင်း (မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC)

ပင်လုံစာချုပ် မချုပ်ဆိုခင်မှာလည်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို သေချာ မစဥ်းစားခဲ့ပဲ ဖိနှိပ်ခံခဲ့ကြရတယ်။ သေသေချာချာဆွေးနွေးမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေးနွေးတာနဲ့တင် မလုံလောက်သေးဘူး။ ဒီကနေ့ကတော့ လူငယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေကြားထဲမှာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်လို့ရတဲ့ အခြေအနေမှာရှိတယ်။ ဒါကို ဝတ်ကျေတမ်းကျေ နဲ့တော့ မရဘူး။ တော်လှန်ရေးအောင်ချင်လို့ ကတိကဝတ် တွေပေးပြီး တော်လှန်ရေးအောင်တော့ ဘာမှ မလုပ်ပေးဘူးဆိုရင် ၁၉၄၇ အခြေအနေကို ပြန်သွားသလိုဖြစ်မယ်။ ယနေ့ ကျွန်တော်တို့ ပြောတဲ့ ကတိကဝတ်တွေ နိုင်ငံရေး သဘောတူညီချက်တွေက အစစ် အမှန်ဖြစ်ဖို့လိုပါတယ်။

ဆလိုင်းကစ် (ပင်လုံသမိုင်းဆိုင်ရာကျွမ်းကျင်သူ)

လက်ရှိနိုင်ငံရေး အခင်းအကျင်း က ပင်လုံမတိုင်ခင် ခေတ်ကို ရောက်သွားတယ်လို့ ကျွန်တော် စပြောခဲ့တယ် ထင်ပါတယ်။ ပင်လုံ မတိုင်ခင်မှာ ကျွန်တော်တို့က ဗမာနဲ့ ပေါင်းမလား သီးခြားလွတ်လပ်ရေး ယူမလား ဆိုတဲ့ ရွေးချယ်ခွင့်ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဗမာရော တိုင်းရင်းသားခေါင်းဆောင်တွေကရော သေသေချာချာ နားလည်ပြီး လေးလေးနက်နက်စဥ်းစားဖို့လိုတယ်။

နွေဦးတော်လှန်ရေး အောင်မြင်မှုနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးခြင်း

၁) နွေဦးတော်လှန်ရေးဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို အတွက် ဘယ်လောက်အထိ အရေးကြီးပါသလဲ။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- ဥက္ကဌ)

စစ်အာဏာရှင် စနစ်သာရှိနေရင် ဘယ်သူပဲဖြစ်ချင်ဖြစ်ချင် ဖြစ်ချင်တာတွေ အကောင်ထည်ဖော်လို့ ရမှာမဟုတ်ပါဘူး။ ၈ လေးလုံးအရေးတော်ပုံပါ စစ်အာဏာရှင်စနစ်နဲ့ ခါးရိုးကို ရိုက်ချိုးနိုင်ပင်မဲ့ အပြီးသတ်ချုပ်ငြိမ်းသွားအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်လုပ်နိုင်မှာ နွေဦးတော်လှန်ရေးပဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးရင် ဖက်ဒရယ်စနစ်ကို ဘယ်လို သွားမလဲဆိုတာ ကျွန်တော်တို့ ကြားမှာ အကြေအလည် ညှိနှိုင်းရမယ်။

မူးအိန်ဂျယ်လာ (ကင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- အမှုဆောင်အဖွဲ့ဝင်)

နွေဦးတော်လှန်ရေး အစမှာ ညှိနှိုင်းခဲ့တဲ့ သဘောတူညီချက်တွေမှာ ၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ၂။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၃။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တယ်။ ဒီဘုံသဘောတူညီချက်အောက်မှာ ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဘုံရန်သူကိုတော်လှန်တိုက်ခိုက်နိုင်ခဲ့ကြတယ်။ နွေဦးတော်လှန်ရေးက ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အခရာကျတယ်။

၂) ၁၉၄၇ ပင်လုံစာချုပ်ဟာ  နိုင်ငံတကာဥပဒေအရ စည်းနှောင်မှု ရှိကြောင်း ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပင်လုံစာချုပ်ကို ဆက်လက် အသုံးပြုသင့်ပါသလား။ နောက်ထပ် နိုင်ငံရေးအခင်းအကျင်းသစ်ကို ဖော်ဆောင်သင့်သလား။

ဆလိုင်းကစ် (ပင်လုံသမိုင်းဆိုင်ရာကျွမ်းကျင်သူ)

ပင်လုံစာချုပ်က နိုင်ငံတကာဥပဒေ အရ စည်းနှောင်မှု ရှိတယ်။ စာချုပ်ဆိုတာထက် ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ အုပ်မြစ်ဖြစ်တယ်။ အခြေခံ အုပ်မြစ်ကြီးကို ဖယ်ထုတ်ပစ်လိုက်ရင်တော့ ပြည်ထောင်စုကြီးလည်း အလိုလိုပျက်သွားမှာ ဖြစ်တယ်။

မူးအိန်ဂျယ်လာ (ကင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- အမှုဆောင်အဖွဲ့ဝင်)

ပြည်ထောင်စုအတွက် အရေးကြီးတယ် အနှစ်သာရရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက်ဆိုရင် ပင်လုံစာချုပ် တစ်ခုတည်း ကိုးကားဖို့ မလုံလောက်ဘူး။ တိုင်းရင်းသား တော်လှန်ရေး အင်အားစုအားလုံးပါဝင်တဲ့ FCDCC မူကြမ်းကို ပြန်ကိုးကားဖို့ လိုတယ်။ နွေဦးတော်လှန်ရေးမှာလည်း ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း ၁/၂ ကလည်း အားလုံးက ရေးဆွဲထားတဲ့ အခြေခံမူတွေဖြစ်တယ်။ ဒီပေါ်မှာ အခြေခံပြီးမှ လက်ရှိသွားလိုတဲ့ နိုင်ငံရေး လမ်းကြောင်းကို အခင်းအကျင်း အသစ်ကို ပြန်ပြီး ဖော်ဆောင်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။

၃) ဖက်ဒရယ်တည်ဆောက်ရေးအတွက် ဖက်ဒရယ်ယူနစ် စုံလင်စွာ ဖော်ဆောင်နိုင်ရေးက ဘယ်လောက်အထိ အရေးပါပါသလဲ။ ပြည်နယ်သစ်ဖော်ဆောင်နိုင်ရေးအတွက် ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိ နွေဦးတော်လှန်ရေး ၃ နှစ်တာ ကာလအတွင်းမှာ ယူနစ်စုံလင်အောင် မဖော်ဆောင်နိုင်တာ ဘာကြောင့်ဖြစ်မယ်လို့ သုံးသပ်ပါသလဲ။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- ဥက္ကဌ)

ဖက်ဒရယ်ယူနစ်တွေနဲ့ ဖွဲ့စည်းပြီး ယူနစ်ကို ကိုယ်စားပြုတဲ့ ကောင်စီတွေ ပေါ်ပေါက်လာတယ်။ ဒီလိုပေါ်ပေါက်လာတာက အခြေအနေနဲ့ သမိုင်းကြောင်းနဲ့လည်း ဆိုင်တယ်။ ဒီလိုပေါ်ပေါက်လာတာ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွဲနိုင်ရေးကို အဓိကထားဆောင်ရွက်ကြတယ်။ တော်လှန်ရေး အင်အားစုအားလုံးကြားမှာ ဘုံနိုင်ငံရေးသဘောတူညီချက်လိုတယ်။ ဘုံနိုင်ငံရေး သဘောတူညီချက်ဆိုတာ ပင်လုံစာချုပ်ကို ပစ်ပယ်ဖို့ မဟုတ်ဘူး။ FCDCC ကလည်း ပြည်ထောင်တည်ဆောက်ရေးအတွက် နိုင်ငံရေး သဘောတူညီချက်တစ်ရပ်ပါ။ ရှေ့က သဘောတူညီချက်တွေ မပျောက်ပဲ နဲ့ တိုတိုနဲ့လိုရင်းဖြစ်မယ့် နိုင်ငံရေး သဘောတူညီချက်ရရေးက အဓိက ဖြစ်တယ်။

နိုင်မွန်စိုင်း (မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC)

ကျွန်တော်သိရသလောက် ဆွေးနွေးပွဲတွေကလည်း ၂၀၀၈ ကို ပြန်ဆွဲသွင်းတာဖြစ်နေတော့ တိုင်းရင်းသားတွေ တော်တော်များများက မယုံကြည်ဘူး။ စစ်အာဏာရှင်ပြုတ်ကျရေးကိုပဲ ဦးတည်နေတာဖြစ်နေသေးတဲ့အတွက် ဖက်ဒရယ်ယူနစ်တွေက စုံစုံညီညီမရှိသေးတာပါ။ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်အများစုက ပြည်မမှာ ဗမာပြည်နယ်အရေးနဲ့ ပတ်သက်ပြီးမေးနေတာတွေရှိ ပါတယ်။ ဒီကိစ္စတွေကိုလည်း မြန်မာခေါင်းဆောင်တွေအနေနဲ့ စဥ်းစားသင့်ပါတယ်။

၄) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ အခင်းအကျင်းမှာ အမျိုးသမီးတွေ အပါအဝင် လူနည်းစုတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးသလဲ။ ဘယ်လိုဖော်ဆောင်သင့်ပါသလဲ။

မူးအိန်ဂျယ်လာ (ကင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- အမှုဆောင်အဖွဲ့ဝင်)

တန်းတူရေးနဲ့ ဒီမိုကရေစီရေးကို တန်ဖိုးထားတယ် ကျင့်သုံးမယ်ဆိုရင်တော့ အမျိုးသမီးတွေနဲ့ လူနည်းစုပါဝင်လာရေးကို မေ့လျော့ထားလို့ မရပါဘူး။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- ဥက္ကဌ)

အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ ပါဝင်လာဖို့ကို ကျွန်တော်တို့လည်း ထောက်ခံပါတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်ကို ထူထောင်တဲ့ အခါမှာ အမျိုးသမီးတွေက အဖက်ဖက်ကို ပြောနိုင် ဆိုနိုင်တဲ့ အင်အားစုတစ်ခုလည်း ဖြစ်တယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ လူနည်းစုတွေကိုကာကွယ်ပေးရမှာလည်း ဖြစ်တယ်။

(၅) ဖြည့်စွက်ချက်။

ဆလိုင်းကစ် (ပင်လုံသမိုင်းဆိုင်ရာကျွမ်းကျင်သူ)

 ပင်လုံစာချုပ်က (၈) ပြည်နယ်မူက ပုံသေမဟုတ်ဘူး။ အများကြီးလမ်းဖွင့်ထားပေးတယ်။ ရှမ်းပြည် မှာလည်း အများကြီးပေါ်လာဖို့ ရှိတယ်။ ပြည်ထောင်စုထဲက ပြည်ထောင်စုကို ဖော်ဆောင်သင့်တယ်။ ဖက်ဒရယ်ဆိုတာက ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ကျယ်ပြန့်စွာ လေးနက်စွာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်တာဖြစ်တယ်။

မူးအိန်ဂျယ်လာ (ကင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ- အမှုဆောင်အဖွဲ့ဝင်)

ဒီထက်ပိုပြီးစုစည်းဖို့လိုတယ်။ ဟန်ချက်ညီညီနဲ့သွားဖို့လိုတယ်။ တစ်ယောက်တစ်မျိုးဆိုရင်တော့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့က အများကြီး ခက်ခဲဖို့ရှိတယ်။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- ဥက္ကဌ)

အခုတော်လှန်ရေးက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဖက်ဒရယ်အရေး လှုပ်ရှားမှုနဲ့ ပြည်တွင်းက ဒီမိုကရေစီအရေး လှုပ်ရှားမှု နှစ်ခုက ချိတ်ဆက်မိသွားပြီးဖြစ်တယ်။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်က စစ်ကောင်စီအကျမှာ ကျွန်တော်တို့ မညံကြဖို့လိုပါတယ်။ မညံကြဖို့က ကျွန်တော်တို့ အကြားမှာရှိတဲ့ စည်းလုံး ညီညွှတ်မှုပဲဖြစ်ပါတယ်။ ညီညွှတ်ဖို့က ပင်လုံကဲ့သို့သော် နိုင်ငံရေး သဘောတူညီချက်တစ်ခု လိုအပ်နေတယ်။

နိုင်မွန်စိုင်း (မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC)

အခုကာလက ကျွန်တော်တို့ မတူညီတဲ့ တော်လှန်ရေး အင်အားစုတွေအားလုံး စစ်ကောင်စီကို တိုက်နေတဲ့ကာလဖြစ်တယ်။ ဒီချိန်မှာ ကျွန်တော်တို့ ကြားမှာ အားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရဖို့လိုတယ်။ အဲ့လို လုပ်တဲ့အခါမှာ အဖွဲ့အစည်းတစ်ခုကနေပဲ ငါတို့လုပ်သွားတယ်ဆိုတဲ့ Hero ဆန်တာမျိုးမလုပ်သင့်ဘူး။