• Today is: Tuesday, May 21, 2024

မနန်းရွှေရည်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

အတာတန်ခူးမို့ အတွေးသစ်တွေကို တည်ဆောက်စို့

မနန်းရွှေရည်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

(မနန်းရွှေရည်ဦးဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သလို နွေဦးတော်လှန်ရေးထောက်ပို့ ဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်)

၁) မြန်မာ့နိုင်ငံရေး အရွေ့ထဲကိုကြည့်မယ်ဆိုရင် ဒီကနေ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်အခြေအနေမျိုးမှာ ရှိနေတယ်လို့ ပြောလို့ရမလား။ မှတ်ချက်စကားလေးနဲ့ အရင် မေးချင်ပါတယ်။

မြန်မာ့နိုင်ငံရေး အရွေ့ထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုလို့ ပြောရင်တော့ တော်တော်လေးကို နည်းသေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ NUG ထဲမှာဆိုရင်လည်း အမျိုးသမီး ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ပါတယ်ဆိုပေမဲ့ အရေအတွက် အနည်းအကျဉ်းပဲ ပါသေးတာဖြစ်ပါတယ်။

၂) နိုင်ငံရေးမှာ အမျိုးသမီး အချိုးကျ ပါဝင်ရေး၊ ရာခိုင်နှုန်းအားဖြင့် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရရှိရေး စသဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲတွေမှာလည်း ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒီဆွေးနွေးချက်တွေကို ခိုင်မာအောင် လက်တွေ့ ကျင့်သုံးနိုင်ဖို့ဆိုရင် အဓိက ပြောင်းလဲရမယ့် အတွေးအခေါ်သစ်ကို ဘယ်လိုဖြစ်စေချင်ပါသလဲ။

အဓိက ကတော့ အရိုးစွဲနေတဲ့ အမူအကျင့်ဟောင်းတွေ၊ အတွေးအခေါ်ဟေင်းတွေကို ပြုပြင်ပြောင်းလဲနိုင်ရမှာ ဖြစ်ပါတယ်။ အခုက ဘယ်နေရာမှာပဲကြည့်ကြည့် ၃၀ ရာခိုင်နှုန်း မပြောနဲ့ ၁၀ ရာခိုင်နှုန်းတင် မရှိချင်ဘူး။

၃) စစ်ကောင်စီက ဒီစစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်တာက ဘာကြောင့်လို့ ထင်ပါသလဲ။ ဒီဥပဒေက အမျိုးသမီးတွေ အတွက်ဆိုရင် ဘယ်လောက်မြင့်မားတဲ့ စိန်ခေါ်မှုမျိုးကို အဓိကကြုံလာနိုင်ပါသလဲ။

အဓိက ကတော့ စစ်ကောင်စီတပ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အင်အားပြုန်းတီးမှုက တော်တော်ကို များလာတယ်။ လူသစ်စုဆောင်းဖို့ကလည်း မလွယ်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းတာလို့ မြင်ပါတယ်။ လောလောဆယ် တော့ အမျိုးသမီးတွေ မပါသေးဘူးလို့ သိရတယ်။ နောင်တစ်ချိန် သူတို့လိုအပ်လာရင် အမျိုးသမီးတွေကိုလည်း ခေါ်မယ်လို့ ထင်ပါတယ်။

၄) နွေဦးတော်လှန်ရေးဟာ ၃ နှစ်ကျော် ဖြတ်သန်းလာရပြီဖြစ်ပါတယ်။ ဖက်ဒရယ်တည်ဆောက်ရေး လမ်းကြောင်း က လမ်းကြောင်း မှန်ပေါ် ရောက်နေပြီလို့ ထင်ပါသလား။

ဖက်ဒရယ်တည်ဆောက်ရေးလမ်းကြောင်းပေါ် ရောက်ပြီလားဆိုရင် မရောက်သေးဘူးလို့ပဲ ပြောရမှာပဲ။ အခုချိန်အထိ နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လမ်းကြောင်းပေါ်မှာပဲ ရှိသေးတယ်။ ဖက်ဒရယ်အရေးကတော့ အများကြီး လုပ်ယူရဦးမှာပါ

၅) ဒီလိုဆို အခု အတာတန်ခူးနှင့်အတူ မြန်မာ့နိုင်ငံရေးကို လက်တွေ့ကျတဲ့  ဖက်ဒရယ်တည်ဆောက်ရေး လမ်းကြောင်းမှန်ကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် လက်ရှိ တော်လှန်ရေး အင်အားစုတွေအပါအဝင် မြန်မာ ပြည်သူ တွေကြားမှာ ဘယ်လို အတွေးအသစ်တွေကို တည်ဆောက်ဖို့ လိုအပ်ပြီလဲ။

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုရင် အရင်က အတွေးအခေါ် အယူဆဟောင်းတွေကို ထားခဲ့ရမှာ ဖြစ်ပါတယ်။ ဒီ ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ဘယ်လိုယူနစ်တွေ ပါမလဲ၊ ၈ ပြည်နယ်လား၊ ပြည်နယ် အသစ်တွေ ဘယ်လောက်ပေါ်ထွက်လာမယ် ဆိုတာ အများကြီး ညှိနှိုင်းပြင််ဆင်ရမှာဖြစ်ပါတယ်။

၆) နောက်ဆုံးအနေနဲ့ လက်ရှိ တော်လှန်ရေးမှာ ဘယ်လို အတွေးအခေါ်၊ လမ်းစဉ်တွေကို ဆေးကြောသန့်စင်ပြီး ဘယ်လိုအတွေးအခေါ်၊ အကြံအဆတွေကို မွေးမြူသင့်ပါသလဲ။

ခေတ်မမီတော့တဲ့ အတွေးအခေါ်အယူအဆဟောင်းတွေကို၊ လမ်းစဉ်တွေကို ထားခဲ့ပြီးတော့ အတွေးအခေါ်၊ အယူအဆ သစ်တွေနဲ့ တော်လှန်ရေးခရီးကို ရှေ့ဆက် လျှောက်လှမ်းရမှာဖြစ်ပါတယ်။

၇) ဖြည့်စွက်ချက်

အခုဆိုရင် နွေဦးတော်လှန်ရေးကလည်း ၃ နှစ်ကျော်ကာလကို ရောက်လာပြီပေါ့။ အဲဒီတော့ ဒီ ၃ နှစ်တာ ဖြတ်သန်းမှု ကာလမှာ ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေထဲက ကောင်းတဲ့ အစဉ်အလာ၊ အယူအဆတွေကို ဆက်လက် သယ်ဆောင်ပြီးတော့ လိုအပ်ချက်တွေ၊ အဆင်မပြေတဲ့ အတွေးအခေါ်၊ အယူအဆ၊ အစဉ်အလာတွေကို ချန်ထားခဲ့ရမှာ ဖြစ်ပါတယ်။ အတာတန်ခူးမို့ အတွေးသစ်တွေကို တည်ဆောက်စို့ ဆိုတဲ့အတိုင်း မြန်မာနှစ်သစ်ကူးကာလကစပြီး အတွေးအခေါ် အယူအဆအသစ်တွေနဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးကို ဆက်လက်လျှောက်လှမ်းရမှာဖြစ်ပါ တယ်လို့ ပြောကြားလိုပါတယ်။