• Today is: Thursday, March 28, 2024

တစ်ပတ်အတွင်း စစ်​ကောင်စီဘက်က ၂၂၄ ​ယောက်သေပြီး၊ ပြည်သူ ၉၅ ဦး​သေဆုံး​ကြောင်း NUG ထုတ်ပြန်

တစ်ပတ်အတွင်း စစ်​ကောင်စီဘက်က ၂၂၄ ​ယောက်သေပြီး၊ ပြည်သူ ၉၅ ဦး​သေဆုံး​ကြောင်း NUG ထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၁

စက်တင်ဘာလ စတုတ္ထပတ်တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား နှစ်ရာကျော်သေဆုံးခဲ့ပြီး တပ်သား သုံးဆယ်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ စာရင်းသည် စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၇ရက်အတွင်း စုစည်းထားသည့် အချက်အလက်များဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီတပ်သား (၂၂၄)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၃၈)ဦးရှိကြောင်းနှင့် သေဆုံး ပြည်သူ(၅၉)ဦးရှိခဲ့ပြီး ဒဏ်ရာရပြည်သူ(၂၈)ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များ စုစုပေါင်း ၂၁၁ ခု ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်းရေးသား ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တရားသော ခုခံတော်လှန်စစ် စတင်ကြေညာလိုက်ချိန်မှစပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသူ အရေအတွက်လည်း တိုးပွားလာနေကြောင်း ရေးသားထားသည်။

ပြည်သူ့ကောင်းကျိုးကို အထူးလိုလားသည့် တပ်မတော်သားများနှင့်ပြည်သူ့ရဲများကို စစ်ကောင်စီအဖွဲ့အစည်းကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြောင်းလည်း ရေးသားထားသည်။