• Today is: Friday, March 29, 2024

တိုင်းရင်းသားပေါင်းစုံ လူငယ်များရဲ့ အသံ(ကချင် လူငယ်)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၃၁၊ ၂၀၂၁

ဓါတ်ပုံ – တိုင်းရင်းသားပေါင်းစုံ လူငယ်များ စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြစဉ်။

လုလုအောင် (ကချင် လူငယ်) ကချင်တိုင်းရင်းသူ လူငယ်တဦးက လက်ရှိ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပေါ် ဘယ်လို အမြင်ရှိနေပါသလဲ၊ ဘာတွေ မှတ်ချက်ပေး ပြောပါသလဲ။

မေး။ ။ NUG ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် အခင်းအကျင်းအပေါ် ဘယ်လို အမြင်သဘော ထားရှိလဲ။

ဖြေ။ ။ NUG အနေနဲ့ တရားဝင်အစိုးရအနေနဲ့ ရပ်တည်နိုင်ဖို့က နိုင်သားများရဲ့ ထောက်ခံမှုနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှုလိုအပ်တယ်၊ အဲဒါအတွက်လည်း တစ်လျောက်လုံး ကြိုးစားလာခဲ့တယ်၊ တဖက်မှာလည်း ပြီးခဲ့တဲ့အခေါက်က ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့် မပေးခဲ့တာတွေက NUG ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ကြိုးစားအားထုတ်မှု အကျိုးရလဒ်လို့ မြင်ပါတယ်။

တချိန်တည်းမှာ NUG အစိုးရနှင့်အတူ စစ်အာဏာရှင်ကို တော်လှန်နိုင်ဖို့အတွက် CDM ပြုလုပ်ကြတဲ့ ပြည်သူအရမ်းများတယ်။ CDM လှုပ်ရှားမှု အားကောင်းတဲ့အတွက်ကြောင့်ပဲ စစ်အာဏာရှင်အဖွဲ့တွေ တော်တော်လေး အထိနာခဲ့ကြတယ်။ သို့သော်လည်း NUG အစိုးရအနေဖြင့် ယခုလို CDM လုပ်ခဲ့သူများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် အာမခံချက် အစီအစဉ်ထားရှိခြင်းမရှိတာကို တွေ့ရတည်။ ဆိုတော့ CDM ပြုလုပ်ခဲ့သော်လည်း လပေါင်းကြာလာတဲ့အခါ ထမင်းနပ်မှန်ဖို့ပင် ခက်ခဲလာသည့်အတွက် အချို့လူများသည်  မလွှဲမရှောင်သာပဲ စစ်ကောင်စီ လက်အောက်တွင် Nom-CDM အလုပ်ပြန်ဝင် လုပ်ခဲ့ရတယ်။ တကယ်တော့ သူတို့ကို မှားတယ်လို့လည်း ပြောလို့မရဘူး၊ ကိုယ့်သားသမီးတွေ ဗိုက်ဆာတာကို ထိုင်ကြည့်နိုင်တဲ့ မိဘဆိုတာ မရှိဘူးလေနော်။

ပြောချင်တာက အခုချိန်ဆို အာဏာသိမ်းခံရတာ ၉ လပြည့်နေပြီပေါ့နော် NUG အစိုးရအနေနဲ့ နိုင်ငံရေးအရ ထိရောက်တဲ့ ဦးဆောင်နိုင်မှု အားနည်းချက်တွေ များစွာ ရှိနေတယ် တွေ့နေရတယ်။ ရှေ့လုပ်ငန်းစဉ်ကလည်း ပိုလက်တွေ့ကျပြီး သေချာရေရာစွာနဲ့ ချပြနိုင်တာ မရှိဘူးလို့ မြင်တယ်။ ဥပမာ – ကြားကာလ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး၊ ဖက်ဒရယ် အခြေခံကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ယုံကြည်မှု ပိုရရှိအောင် နိုင်ငံရေးအရ ဆွဲဆောင်နိုင်တဲ့ မူဝါဒများ ချမှတ်ဖော်ဆောင်ရေး စသဖြင့်ပေါ့ မတွေ့ရသေးဘူး။

မေး။ ။NUG ရဲ့ D-DAY စတင်ခေါ်လိုက်တာ တ လကျော်လာပြီ ဒီအခင်းအကျင်းအပေါ် ဘယ်လောက်ထိ ခရီးပေါက်မယ်လို့ ထင်ပါသလဲ။ အဲဒီအခင်းအကျဉ်းအပေါ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ပြောချင်လဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအများစုက NUG အစိုးရကို ထောက်ခံမှု အားကောင်းကြသလို၊ တစ်ချို့ကတော့ အရမ်းကြိုက်လို့တော့ မဟုတ်ပေမဲ့ စစ်အာဏာရှင်ကိုအတူတကွ အမြစ်ဖြုတ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်တဲ့ သဘောရှိတယ်ဆိုတော့ NUG ရဲ့လွှမ်းမိုးမှုက ပြည်တွင်းမှာ အားကောင်းတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ပြည်သူအများစုက အရင်ကလို စားပွဲပေါ်ကနေ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းတာထက် လက်နက်ကိုင်ပြီး တော်လှန်တာကို ရွေးချယ်သွားကြတဲ့အတွက် NUG ရဲ့ D-Day ခေါ်တာကို စောင့်နေကြတာများတယ်လို့ မြင်တယ်။ တကယ်လည်း ကြေညာလိုက်ပြီးနောက်မှာ ပြည်သူတွေပိုအားတက်လာတယ်၊ နေရာတိုင်းမှာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားလာရတယ်။ တစ်ချိန်တည်းမှာ ထိခိုက်ဆုံးရှုံးမှုလည်း အရမ်းများလာတယ်။ တစ်နိုင်ငံလုံးရဲ့အခြေအနေကို ခြုံကြည့်လိုက်ရင် D-Day ခေါ်လိုက်ပေမဲ့လည်း တစ်ခုတည်းသော လုပ်ငန်းစဉ်၊ မူပေါ်လစီမရှိနေသည့် အတွက် ဖရိုဖရဲဖြစ်နေတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ တော်တော်နဲ့ ခရီးပေါက်မယ်လို့ မမြင်မိဘူး။

မေး။ ။ NUG ရဲ့ D-DAY ခေါ်လိုက်တာကြောင့် မိမိတို့ပြည်နယ် ဒေသတွေမှာ ဘယ်လိုဂယက် ရိုက်မှု ဖြစ်သွားစေလဲ။

ဖြေ။ ။ အားလုံးမျော်လင့်ထားသည့်အတိုင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုတွေ များလာတယ်။ မူဆယ်ခရိုင်နေရာ တော်တော်များများမှာဆိုရင်တော့ KIA, TLNA, MNDAA နဲ့ စစ်အာဏာသိမ်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာပြီး စစ်ရှောင်တိမ်းရသည့် ကျေးရွာများစွာ ရှိလာတယ်။ ထို့အပြင် မြို့အဝင်အထွက်နှင့် ခရီးသွားလမ်းတလျောက်တွင် စစ်သားများက စစ်ဆေးမေးမြန်းမှု ပိုမိုလုပ်ဆောင်လာသည်။ တခြား တိုင်းရင်းသား ဒေသတွေလား၊ ပြည်မ ဒေသတွေမှာလား တိုက်ခိုက်မှုတွေ ပိုအရှိန်မြင့်လာတယ်။ အခုဆိုရင် ချင်း၊ ကရင်နီ၊ စစ်ကိုင်း စတဲ့ ဒေသတွေမှာ အနော်ရထားတို့ ဘာတို့ စစ်ဆင်ရေးက အကြီးအကျယ် ဖြစ်လာတယ်။ ကျမတို့ ဒေသတွေသာ မက တိုင်းရင်းသားပေါင်းစုံ ဒေသတွေမှာ စစ်ရေးအရ ပိုပြီး ကယက်ရိုက်မှု ဖြစ်စေပါတယ်။

မေး။ ။NUG နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကြား အားရစရာ မရှိဘူးလို့ ပြောကြတယ် အဲဒီအပေါ် ဘယ်လိုအမြင်ရှိလဲ။

ဖြေ။ ။ ဒီဟာက ကျွန်မအတွက် ပြောရတာ ခက်တယ်။ ကျွန်မအမြင်အရတော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က အနည်းစုပဲ ဖြစ်နေတယ်။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ် နယ်မြေ ဒေသတွေမှာ ရောက်လာကြတဲ့ PDF လူငယ်တွေကို မဖြစ်မနေ စစ်သင်တန်းပေးနေရတယ်၊ လုံခြုံရေးအရ တာဝန်ယူရတယ်၊ ဝင်လာသူတွေကို လုံခြုံမှုနဲ့ ရရှိဖို့ လိုအပ်တဲ့အရာတွေကို ကူညီပေးနေရတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တာဝန်အရမ်းကြီးနေတယ်လို့ မြင်တယ်။ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်လောက်ထိ သဘောထား ကြီးနေသလဲ ဆိုတာကို မြင်စေချင်တယ်။ နိုင်ငံရေးအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လမ်းဖွင့်ပေးဖို့ အများကြီး လိုအပ်တယ်။ အဲဒါမှ ယုံကြည်မှု ပိုရပြီး ပူးပေါင်းပါဝင်မူ ပိုအားကောင်းစေမှာ ဖြစ်တယ်။  ဘာကြောင့်လဲဆိုတော့  တစ်နိုင်ငံလုံးမှာရှိတဲ့ PDF တပ်သားနဲ့ NUG တို့အဖွဲ့ကပဲ စစ်ကောင်စီကို တိုက်နိုင်ဖို့ဆိုတာ အရမ်းခက်တယ်၊ ပြင်ဆင်စရာတွေ အများကြီး ပြင်ဆင်ဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များ ရှိနေဆိုတာ တွေ့ရတယ်။ ပူးပေါင်း ဆောင်ရွက်မှု မရှိနိုင်သေးသာ ဘာကြောင့်လဲ။ ဒီအပေါ်အမြင်သဘောထား မှတ်ချက် ပြောပေးပါ။

ဖြေ။ ။ ကျွန်မအမြင်ကတော့ NUG အစိုးရရဲ့ ဦးဆောင်နိုင်မှုနဲ့ မူပေါ်လစီအပေါ် ယုံကြည်မှု မရှိသေးတာရယ်၊ တစ်ဖက်မှာ NUG အစိုးရအဖွဲ့ကိုယ်တိုင်ကလည်း တိုင်းရင်းသား လက်ကိုင် အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်လာဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို နိုင်ငံရေးအရ အာမခံချက် ရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ တရားဝင်ဖိတ်ခေါ်မှုလည်း မရှိသလိုပဲ၊ ကြိုးစားဆောင်ရွက်မှု အားနည်းတယ်လို့ပဲ မြင်ပါတယ်။ လက်နက်ကိုင်တော်လှန်ဖို့အတွက် NUG က PDF တွေရဲ့အခန်းကဏ္ဍ တစ်ခုတည်းကိုပဲ ပိုမိုဦးစားပေးနေတယ်လို့ပဲ မြင်ပါတယ်။

မေး။ ။ တိုင်းရင်းသားပါတီ တချို့က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား နည်းလှမ်း ရှာကြတယ် စစ်ကောင်စီရဲ့ အခင်းအကျင်းအပေါ် အခြေခံပြီး တိုင်းရင်းပါတီက လက်တွေ့အရ သူတို့ လိုချင်တဲ့ နိုင်ငံရေးအခွင့်အရေး တောင်းဆိုမယ်ဆိုရင် အလုပ်ဖြစ်မယ်လို ထင်ပါသလား။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘယ်လို မှတ်ချက် ပေးချင်လဲ။

ဖြေ။ ။ အဲလိုကြိုးစားနေကြတဲ့ ပါတီတွေကို ကြည့်ရင် တိုင်းရင်းသားပါတီဆိုပေမယ့် ယခင်ကတည်းက စစ်အာဏာရှင် အလိုကျဖွဲ့စည်းထားတဲ့ ပါတီဖြစ်နေတယ်ပေါ့နော်။ သူတို့တောင်းဆိုတာက ဘယ်လောက် အတိုင်းအတာကို တောင်းဆိုမလဲတော့ မသိဘူးပေါ့နော်၊ ဒါပေမဲ့ သူတို့တောင်းတာနဲ့ ရလာတဲ့ နိုင်ငံရေးအခွင့်အရေးက သူတို့ကိုယ်ကျိုးအတွက်ပဲ ဖြစ်ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိမဲ့အရာ ဖြစ်မယ်လိုတော့ မထင်ဘူးရှင့်။

မေး။ ။ လူထုတရပ်လုံးကတော့ စစ်အာဏာရှင် ဆန့်ကျင်ပြီး အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုနေကြပြီ ဒီတောင်းဆိုမှု က လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့ လက်ရှိ ဦးဆောင်နေတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဘာတွေ ပြင်ဆင် လုပ်ဆောင်သင့်သလဲ။

ဖြေ။ ။ အခုလို ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ပြီး အမြစ်ဖြုတ်ဖို့ စိတ်အားထက်သန်နေတဲ့အချိန်၊ ပြည်သူတွေ အင်တိုက်အားတိုက်နဲ့ အတူတကွပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားမှာ အမှန် တကယ်လက်တွေ့ကျပြီး အောင်မြင်နိုင်ချေရှိတဲ့ မူပေါ်လစီတွေကို ချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်ပြီ။

ဥပမာ – CDM ပိုမိုအားကောင်းလာအောင် လိုအပ်သည့် ပံ့ပိုးဆောင်ရွက်မှုကို ဦးစားပေး လုပ်ဆောင်သင့်တယ်။ လတချို့ကြာလာတော့ ပံ့ပိုးမှုတွေက ရပ်တန့်သွားသလားတောင် မသိနိုင် တော့ဘူး။

နောက်တခုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်သင့်ပြီ၊ အနယ်နယ်အရပ်ရပ်မှ PDF တပ်ဖွဲ့များအတွက်လည်း နိုင်ငံရေးအရ ပိုမို တိကျ ခိုင်မာတဲ့ ယုံကြည်နိုင်မယ့် မူပေါ်လစီ၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေတွေပြဌာန်းပြီး ဘုံရည်မှန်းချက် တစ်ခုတည်းချမှတ် တစုတစည်းတည်းနဲ့ ဦးဆောင်မှု လိုအပ်တယ်လို့ မြင်ပါတယ်။