• Today is: Sunday, May 19, 2024

တိုင်းရင်းသားပေါင်းစုံ လူငယ်များရဲ့ အသံ(ကယန်း၊ ကရင်နီလူငယ်)

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၃၊ ၂၀၂၁

ဓါတ်ပုံ – တိုင်းရင်းသားပေါင်းစုံ လူငယ်များ စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြစဉ်။

ပါစကွာလယ် (ကယန်း၊ ကရင်နီ လူငယ်) ကယန်း၊ ကရင်နီ တိုင်းရင်း လူငယ်တဦးက လက်ရှိ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပေါ် ဘယ်လို အမြင်ရှိနေပါသလဲ၊ ဘာတွေ မှတ်ချက်ပေး ပြောပါသလဲ။ 

မေး။ ။ NUG ရဲ့လက်ရှိလုပ်ဆောင်နေတဲ့ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်အခင်းအကျင်းအပေါ် ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ NUG ရဲ့လက်ရှိလုပ်ငန်းစဉ်နဲ့ရှေ့လုပ်ငန်းစဉ်မှာကျတော့ ပြည်တွင်းအားကို အဓိကသိပ်မထားပဲ ပြည်ပအားကို အဓိကယူ တယ်လို့ ကျွန်တော်ကတော့မြင်တယ်။ စစ်ရေး နိုင်ငံရေးမြေပြင်တွေမှာ ထိထိရောက်ရောက်ဖိအားပေးတာ မတွေ့ရဘူး။ အဲ့လို ကျွန်တော်ကတော့ သုံးသပ်ခြင်ပါတယ်။

မေး။ ။ NUG ရဲ့ D-Day ခေါ်လိုက်တာ တလကျော်လာပြီ၊ ဒီအခင်းအကျင်းအပေါ် ဘယ်လောက်ထိခရီးပေါက်မယ်လို့ထင်ပါသလဲ။ အဲ့ဒီ အခင်းအကျင်း အပေါ် ဘာတွေလုပ်ဆောင်သင့်တယ်လို့ထင်ပါသလဲ။

ဖြေ။ ။ကျွန်တော်ကတော့ သိပ်ပြီးထူးခြားမှုမရှိဘူးလို့မြင်တယ်၊ NUG ရဲ့ D-Day ခေါ်လိုက်ရတဲ့ကိစ္စကလည်း နိုင်ငံတကာ ကုလသမ္မဂ္ဂညီလာခံနဲ့ အချိန်ကိုက်လုပ်ပြီးတော့ လုပ်တာလို့ယူဆတယ်။ D-Day ခေါ်ပြီးနောက်ပိုင်းလည်း စစ်ရေးအရ ထိထိရောက် ရောက်ဖိအားပေးတာ မတွေ့ရဘူး။ စကစဖက်ကတော့ မြေပြင်မှာ ပိုပြီးတော့ဖမ်းဆီး ထိုးစစ်ဆင်မှုတွေလုပ်လာတာကို တွေ့ရတယ်။ NUG အနေနဲ့ ကုလသမ္မဂ္ဂရဲ့ညီလာခံမှာ နေရာရဖို့အတွက်အချိန်ကိုက် D-Day ခေါ်လိုက်တာလို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

မေ။ ။ NUG ရဲ့ D-Day ခေါ်လိုက်တာကြောင့် မိမိတို့ပြည်နယ်ဒေသတွေမှာ ဘယ်လိုဂယက်ရိုက်မှုတွေ ဖြစ်သွားလဲ။

ဖြေ။ ။ အစနဂိုကတည်းက ကျွန်တော်တို့ ပြည်နယ်ကတော့ မေလ၊ ဧပြီလမှာတိုက်ပွဲတွေ ပြင်းထန်ပြီးတော့ ဇွန်လိုင်လမှာ တိုက်ပွဲရပ်ခဲ့တာပေါ့၊ အပစ်ရပ်ပြီး တလနှစ်လအတွင်းမှာပဲ NUG က D-Day ခေါ်လိုက်တော့ အဲ့ရက်မှာပဲ ဒီမော့ဆိုမြို့နယ်မှာ အကြီးအကျယ်တိုက်ပွဲ ပြန်ဖြစ်တယ်၊ စစ်ဘေးရှောင်တွေ တဖန်ပြေးရတာပေါ့။ အဲ့ကနေတဆင့်တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ် လာတော့ စစ်ဘေးရှောင်တွေ တိုးလာတယ်၊ အပစ်မဲ့ပြည်သူတွေ ပိုပြီးသေလာတယ်။ D-Day ခေါ်ပြီးနောက်ပိုင်း ကျွန်တော်တို့ပြည် နယ်တွေမှာ စစ်ရေးတွေပိုပြီး တိုးလာတာပဲတွေ့ရတယ်ပေါ့။ စစ်ဘေးရှောင်ဦးရေတွေပိုပြီးတိုးလာတာကိုပဲ တွေ့လာရတယ်ပေါ့။

မေး။ ။ NUG နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား အားရစရာမရှိဘူးလို့ပြောကြ တယ်၊ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။  ။ ကျွန်တော်မြင်တာကတော့ NUG ကြားထဲက ပဋိပက္ခတွေ၊ NUCC ကြားထဲက ပဋိပက္ခတွေ အများကြီးပါဝင်ပတ်သက်လိမ့် မယ်လို့ ကျွန်တော်ကတော့ယူဆတယ်။ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG ကြားထဲမှာ နိုင်ငံရေးအရ မပြေလည်မှုတွေရှိတယ်လို့ ကျွန်တော်ကတော့ အဲ့လိုပဲမြင်တယ်။ အတွင်းကျကျမသိတော့ အဲ့လိုပဲရှိလိမ့်မယ်လို့ယူဆတယ်။

မေး။ ။ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများရှိနေ တာ တွေ့ရတယ်၊ ပူးပေါင်းဆောင်ရွက်မှုမရှိသေးတာဘာကြောင့်လဲ၊ ဘာတွေလုပ်‌ဆောင်သင့်တယ်လို့ထင်လဲ။

ဖြေ။ ။ အထူးသဖြင့်ရခိုင်၊ မွန်၊ ရှမ်းဖက်တွေမှာ ငြိမ်နေတာတွေ့ရတာပေါ့၊ အဓိကကတော့ အမျိုးသားနိုင်ငံရေးဘက်ကို အသားပေး လုပ်သွားတာတွေ့ရတယ်။ နောက်တစ်ခုက NLD အစိုးရအာဏာရခဲ့တဲ့ ငါးနှစ်အတောအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေကို ဥပက္ခာပြုခဲ့တာတွေ၊ နောက်စစ်တပ်က တိုင်းရင်းသားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဒေါ်အောင်ဆန်းစုကြည်က တပ်ဖက်ကနေပြီး ကာကွယ်ပေးခဲ့တာတွေရှိခဲ့တော့ NUG ကို မယုံရဲပဲ ကိုယ့်ရဲ့အမျိုးသားနိုင်ငံရေးကို တည်ဆောက် သွားတယ်လို့ပဲ ကျွန်တော်ကတော့မြင်တယ်။

မေး။ ။ တိုင်းရင်းသားပါတီတချို့က စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနည်းလမ်းရှာကြတယ်။ စစ်ကောင်စီရဲ့အခင်းအကျင်းအပေါ်အခြေခံပြီး တိုင်းရင်းသားပါတီတွေက လက်တွေ့အရသူတို့လိုချင်တဲ့ နိုင်ငံရေးအခွင့်အရေးတောင်းဆိုမယ်ဆိုရင် အလုပ် ဖြစ်မယ်ထင်ပါသလား။ ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ စစ်ကောင်စီကတော့ တိုင်းရင်းသားတွေ သူ့ဘက်ပါလာအောင် အမျိုးမျိုးကြိုးစားလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေ မပါရင်တောင်မှ စစ်ကောင်စီလုပ်မယ့် PR စနစ်ရွေးကောက်ပွဲအပေါ်မှာ ကျွန်တော်တို့ သတိထား ဂရုစိုက်ရမယ်လို့ ကျွန်တော်ယူဆတယ်။ တိုင်းရင်းသားပါတီတွေက စစ်ကောင်စီရွေ့မယ့် PR စနစ်အပေါ် တိုင်းရင်းသား အကျိုးအတွက်ဘယ်လိုရွေ့သင့်တယ်ဆိုတာ ဒီကာလမှာပြောရမှာ အရမ်းစောနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။

မေး။ ။ လူထုရပ်လုံးကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေး တောင်းဆိုနေကြပြီး ဒီတောင်းဆိုမှုတွေက လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိဦးဆောင်နေတဲ့ အဖွဲ့အစည်း များအနေနဲ့ ဘာတွေပြင်ဆင်လုပ်ဆောင်သင့်သလဲ။

ဖြေ။  ။ နိုင်ငံရေးအင်အားစုအသီးသီးက မူဝါဒတွေမတူပေမယ် ဒီမိုကရက်တစ်အင်အားစုတွေစုစည်းပြီး ဘုံရန်သူစစ်တပ်ကိုအရင် တိုက်ရမယ်လို့ ကျွန်တော်ကတော့ယူဆတယ်။  အကယ်၍ကိုယ့်ရဲ့အင်အားစုအလိုက် မူဝါဒတွေ၊ အငြိုးအာဃာတတွေ မဖယ်နိုင်ဘူး၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေနဲ့ မဟာလူမျိုးကြီးဝါဒတွေ မဖယ်နိုင်ဘူးဆိုရင်တော့ ဒီတပ်ပေါင်းစုမဖွဲ့နိုင်ပဲနဲ့ ကျွန်တော်တို့ တောင်းဆိုမှုတွေ နောက်ကျသွားနိုင်တယ်လို့ ယူဆတယ်။