• Today is: Sunday, May 19, 2024

အနာဂတ်လူ့အဖွဲ့အစည်းအတွက် အတွေးအခေါ် အဆိပ်အတောက်

အနာဂတ်လူ့အဖွဲ့အစည်းအတွက် အတွေးအခေါ် အဆိပ်အတောက်

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမသာမှုရှိခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်တပ်အာဏာသိမ်းထားသည်မှာ အချိန် ၉ လကြာရှိလာပြီဖြစ်သည်။ နိုင်ငံအဝန်းပြည်သူအများစုမှ အာဏာသိမ်းမှုကို မလိုလားကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းမှုများဖြင့် တွေ့ကြုံခဲ့ရပြီး၊ ဖမ်းဆီးထိန်းသိမ်းမှုများစွာရှိခဲ့သည်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) အဖွဲ့၏ မှတ်တမ်းတင်ချက်အရ အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့်ဦးရေမှာ ၇၀၀၀ ကျော်အထိရှိလာပြီး စစ်တပ်၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ အရပ်သား ၁၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက်ဖိနှိပ်မှုမျိုးစုံကို လက်တွေ့ကြုံခဲ့ရပြီးနောက်ပိုင်း ငြိမ်းချမ်းစွာတုံ့ပြန်မှုတစ်ခုထဲဖြင့် အလုပ်မဖြစ်နိုင်တော့သည်ဟု ယုံကြည်လာကြ၍ လက်နက်ကိုင်တုံ့ပြန်မှု လမ်းစဉ်ကို ရွေးချယ်လာကြသည့် အင်အားစုများလည်း ရှိလာပြီဖြစ်သည်။

တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် စစ်တပ်တို့အကြားတိုက်ပွဲများပြင်းထန်လာသလို၊ တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ပူးပေါင်းခုခံတိုက်ခိုက်လာကြသည့် ပြည်သူ့ခုခံတော်လှန်ရေးအဖွဲ့ (PDF)များလည်း အားကောင်းလာကြသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းများတွင် စစ်တပ်နှင့် PDF အဖွဲ့တို့အကြားတိုက်ပွဲများ ပြင်းထန်လာသလို၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင်လည်း PDF များမှ ပျောက်ကြားစစ်ဆင်ရေးများ ခပ်စိပ်စိပ်ဆင်နွှဲလာကြပြီဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုနှင့် ဒီမိုကရေစီနောက်ကြောင်းပြန်မှုကို ပြည်သူအများစုက လက်မခံပဲ ဆန့်ကျင်ကန့်ကွက်ကြသည်မှာ သိသာထင်ရှားသည်။ ထို့ပြင်ပြည်သူအများစုက စစ်တပ်၏ သရုပ်မှန်ကို သိရှိလာကြပြီး ဘုံရန်သူအဖြစ်မြင်လာကြသည်။ သို့နှင့်တိုင် တပ်မတော်ကို ဆက်လက်ထောက်ခံအားပေးနေသော လူတန်းစားတစ်ရပ် ဆက်လက်တည်ရှိနေသေးသည်မှာလည်း ငြင်းမရသော အချက်ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝန်းနှင့် အာဆီယံတို့မှ စစ်တပ်ကို ဖိအားမျိုးစုံပေးလာပြီးနောက် မြန်မာနိုင်ငံ၏ မြို့ကြီးအချို့၌ တပ်မတော်ထောက်ခံပွဲများကို လူစုလူဝေးဖြင့် ချီတက်ဆန္ဒထုတ်ဖော်လာကြသည်ကိုတွေ့ရသည်။ သို့အတွက် လက်ရှိ စစ်တပ်ကို ထောက်ခံနေသော ထိုလူတန်းစားတစ်ရပ်၏ အမြင်သဘောထားများက မည်သို့ရှိနေသည်ကို သိနိုင်ရန် ထုတ်ဖော်ပြလိုသည်။

နိုင်ငံရေးအခင်းအကျင်းကို ရှုမြင်ချက်

          စစ်တပ်ထောက်ခံနေကြသူများ၏ လက်ရှိနိုင်ငံရေးဖြစ်စဉ်ပေါ်တွင် ရှုမြင်ပုံမှာ အာဏာသိမ်းမှုသည် NLD အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ ရွေးကောက်ပွဲအပေါ်မဲမသမာမှုများ အမှန်တကယ်ပြုလုပ်ခဲ့ခြင်းကြောင့်ဟု ယုံကြည်သည်။ လက်ရှိနိုင်ငံရေး ပြဿနာသည် စစ်တပ်နှင့် NLD အကြားဖြစ်သော ပြဿနာဟုသာ ယူဆပြီး၊ NLD အပေါ်အမြင်မကြည်မှု များပြားသည်။ မြန်မာနိုင်ငံ၏ အခြားသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၏ အခန်းကဏ္ဍနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေးတို့ကို နားလည်သဘောပေါက်ခြင်းမရှိကြပေ။ ထို့ပြင် NLD သည် အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့် နိုင်ငံရေးပါတီဖြစ်ပြီး၊ NLD အုပ်ချုပ်လျင် မြန်မာနိုင်ငံသည် အနောက်သြဇာခံနိုင်ငံ ဖြစ်သွားလိမ့်မည်ဟု ယုံကြည်သည်။ ယခု စစ်တပ်အာဏာသိမ်းမှုကို တော်လှန်နေကြခြင်းသည် NLD ကို ထောက်ခံသူများက အဓိကဆောင်ရွက်နေကြခြင်း၊ မြှောက်ပေးကြခြင်းကြောင့်သာ ဖြစ်နေသည်ဟု ယူဆသည်။ အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုမကင်း၊ အထူးသဖြင့် တော်လှန်နေသူများမှာ အနောက်နိုင်ငံများ၏ အထောက်အပံ့ရနေကြသည်ဟု မှတ်ယူသည်။

လက်ရှိစစ်တပ်ခေါင်းဆောင်များအပေါ်အမြင်

          စစ်တပ်ကိုထောက်ခံသော်လည်း လက်ရှိထောက်ခံသူအများစုသည် စစ်တပ်ခေါင်းဆောင်များ၊ အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ်၏ စီမံဆောင်ရွက်ပုံကို စိတ်ပျက်နေကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကိုင်တယ်ဖြေရှင်းနေမှုများမှာ ပျော့ညံ့သည်၊ စွမ်းဆောင်ရည်ပြည့်ဝမှုမရှိဟု ယူဆသည်။ လက်ရှိလုံခြုံရေးတပ်ဖွဲ့များတိုက်ခိုက်ခံနေရသည်ကို အားမလို အားမရဖြစ်ကြပြီး စစ်တပ်ခေါင်းဆောင်များမှာ ၎င်းတို့မိသားစုကို မထိသေးသ၍ မှုမည်မဟုတ်ဟုထင်ကြသည်။ ခေါင်းဆောင်၏ ကိုင်တယ်ပုံပျော့ညံ့မှုကြောင့် အောက်ခြေမှတပ်သားများထိခိုက်ကျဆုံးမှု များနေကြရသည်ဟုမြင်ကြသည်။ ထို့ပြင် လက်ရှိစစ်တပ်သည် တိုက်ရည်ခိုက်ရည် ကျဆင်းလာသည်ဟု ရှုမြင်ကြသည်။ ခေါင်းဆောင်နေရာရောက်နေသူများသည်လည်း တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်ကြောင့် ရောက်လာခြင်းမဟုတ်ဟု ယူဆသည်။ အချို့မှာ လက်ရှိခေါင်းဆောင်ကို အပြောင်းအလဲလုပ်စေလိုသည်။ ထို့ပြင် စစ်တပ်အင်အားကို ဖြည့်တင်းစေလိုကြသည်။ စစ်တပ်၏ အရံအင်အားစုကို လက်နက်တပ်ဆင်ပေးလိုကြသည်။ စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲ လုပ်သင့်ကြောင်းကို စစ်ဗိုလ်ချုပ်ဟောင်းများကို လူမှုကွန်ယက်ပေါ်တွင် အရိပ်အမြွက်ပြောလာကြသည်။ စစ်တပ်ကို အဖွဲ့အစည်း (institution) အနေဖြင့် ဆက်လက်ထောက်ခံနေကြပြီး လက်ရှိခေါင်းဆောင်ပိုင်းကိုသာ အားမရခြင်းဖြစ်သည်။

နိုင်ငံတကာဖိအားအပေါ်အမြင်

          လက်ရှိ အနောက်နိုင်ငံများ၏ ဖိအားပေးမှုသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်။ အချုပ်အခြာအာဏာကို ထိပါးလာခြင်းဖြစ်သည်။ အာဆီယံသည်ကိုလည်း ဂရုစိုက်စရာမလိုပဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်သင့်ပြီး၊ လိုအပ်ပါက အာဆီယံကပင်ထွက်၍ မိမိကို ထောက်ခံသော နိုင်ငံများနှင့် ဆက်လက်ဆက်ဆံ သွားနိုင်ကြောင်း ထင်မြင်ယူဆကြသည်။ ယခင်ကလည်း ဤသို့အရေးယူ ပိတ်ဆို့မှုများ ရှိခဲ့သည့်တိုင် ဆက်လက်ရပ်တည်နေနိုင်ခဲ့သည်ဟု ယူဆထားကြသည်။ လက်ရှိခေါင်းဆောင်သည် ပြည်တွင်းအရေးတွင် နိုင်နင်းအောင် ထိန်းသိမ်းဖို့ထက် ပြင်ပအင်အားစုများနှင့် ဆက်ဆံရေးပြေလည်အောင် ပို၍ အာရုံစိုက်နေသည်ဟု ယူဆကြသည်။

အယူအဆပြောင်း တော်လှန်ရေးနှင့် အစွန်းရောက် အန္တရာယ်

          စစ်တပ်ကို ဆက်လက်ထောက်ခံနေသူ လူတန်းစားတစ်ရပ်မှာ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့၏ အမြင်များ၊ စစ်တပ်အပေါ်သဘောထားများကိုလည်း လူမှုကွန်ယက်ပေါ်တွင် ဆွေးနွေးရေးတင်လာနိုင်ကြသည်။ လွန်ခဲ့သော နိုင်ငံရေး အကူးအပြောင်း ၁၀ နှစ်တာကာလအတွင်းတွင်လည်း ၎င်း လူတန်းစားက ရှိလာခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး NLD အစိုးရတက်လာပြီးနောက် အစိုးရသည် မြန်မာနိုင်ငံတွင် အမျိုးဘာသာ သာသနာ (ဗုဒ္ဓဘာသာ) ကို ဖိနှိပ်သည်၊ မစောင့်ရှောက်နိုင်ဟု ယူဆလာခဲ့ကြသည်။ ထို့ကြောင့်လည်း အမျိုးဘာသာ သနာစောင့်ရှောက်ရေးအဖွဲ့များ၊ ဗုဒ္ဓဘာသာအစွန်းရောက် သံဃာများ အားကောင်းလာခဲ့သည်။ ၎င်းလူတန်းစားသည် ဗုဒ္ဓဘာသာနှင့် ဗမာလူမျိုးကြီးဝါဒကို လက်စွဲကိုင်သော လူတန်းစားများဖြစ်ကြသည်။ မတူကွဲပြားမှု၊ ဖက်ဒရယ်အယူအဆနှင့် မြန်မာနိုင်ငံ၏ သမိုင်းအစစ်အမှန်တို့ကို တလွဲနားလည်ထားကြသူများဖြစ်သည်။ ၎င်းလူတန်းစားသည် မြန်မာနိုင်ငံ၏ လက်ရှိတော်လှန်ရေး အောင်မြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လျှောက်လှမ်းနိုင်ရင်လည်း ဆက်ရှိနေကြဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံအတွင်းမှာပင် ဆက်ရှိနေကြပေလိမ့်ဦးမည်။ ထိုသို့လူတန်းစားများရှိနေသ၍ နိုင်ငံရေးအယူအဆ၊ ဘာသာရေး၊ လူမျိုးရေးတို့ကို အခြေခံ၍ အမုန်းတရားဖြင့် သွေးထိုးအုပ်ချုပ်ရန် လွယ်ကူနေဦးမည်ဖြစ်သည်။ ထိုလူတန်းစားသည် အချိန်မရွေး အစွန်းရောက်အင်အားစုများ ထပ်ဖြစ်လာနိုင်ကြသည့်အတွက် ယခုတော်လှန်ရေးတွင် အတွေးအခေါ်အယူအဆပိုင်းအရလည်း လူ့အဖွဲ့အစည်းတွင်းရှိသော အဆိပ်အတောက်များကို တိုက်ထုတ်ပစ်ရန် အရေးကြီးသည်။ ထို့ပြင် နောင်မျိုးဆက်အား မြန်မာနိုင်ငံ၏ သမိုင်းအမှန်ကို သိရှိစေရန်၊ ဖက်ဒရယ်အယူအဆများကို နားလည်သဘောပေါက်စေရန်လည်း ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

တင်မြင့် (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁