• Today is: Saturday, February 24, 2024

မြန်မာပြည်မြေပုံသစ် အလားအလာနဲ့ ရက္ခိုင်နိုင်ငံတော်

▣ မြန်မာပြည်မြေပုံသစ် အလားအလာနဲ့ ရက္ခိုင်နိုင်ငံတော်

▄ ဆောင်းပါးအကျဉ်းချုပ်။ ။ ဤဆောင်းပါးသည် ဖြစ်လာလတ္တံ့သော မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးအပြောင်းအလဲ အရ နောင် ဆယ်စုနှစ်နှင့် ၂၁ ရာစုအလယ်ပိုင်း (၂၀၅၀ ခုနှစ်) ကာလအတွင်း ဖြစ်လာနိုင်ချေရှိသော မြန်မာပြည် မြေပုံသစ်အလားအလာကို ခန့်မှန်းတွက်ဆ၍ တင်ပြထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဤခန့်မှန်းတွက်ဆ မှု၌၊ ရက္ခိုင်လူမျိုးတွေရဲ့ ခွဲထွက်ရေးအာဂျင်ဒါ (တနည်း) ရက္ခိုင်နိုင်ငံတော်ထူထောင်မှု မြေပုံသစ် တည်ဆောက်မှု အတွက် အားသာချက်တချို့ကို ရေးသားတင်ပြထားပါသည်။

▄ နိဒါန်း

တော်လှန်ရေးတွေကြောင့်၊ နိုင်ငံရေးကြောင့်၊ စစ်ပွဲတွေကြောင့် ကမ္ဘာ့မြေပုံအပြောင်းအလဲဖြစ်ခဲ့တာ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းကဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀) ရာစုထဲမှာတောင် များပြားစွာသော မြေပုံအပြောင်းအလဲ တွေနဲ့ နိုင်ငံတွေဟာ ကြုံတွေ့ခဲ့ရတယ်။ ဥရောပမှာဆိုရင် ဖြစ်ပျက်ခဲ့တဲ့ မြေပုံအပြောင်းအလဲတွေက ဒုနဲ့ ဒေး။ ထိုနည်းလည်းကောင်း ခေတ်ဟောင်းထဲ မရောက်သေးတဲ့ ကမ္ဘာ့နိုင်ငံရေးသမိုင်းထဲက ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်တွေကို ကြည့်ရင်လည်း မြေပုံအပြောင်းအလဲတွေ အများအပြား ဖြစ်ခဲ့တာပဲ။ ယခု အင်အားကြီး အနောက် နိုင်ငံတွေလို့ ပြောတဲ့ ဥရောပက နိုင်ငံတွေ ကြုံခဲ့ပြီးသားပဲ။

▄ ဆိုဗီယက် – အိန္ဒိယ – တရုတ်

ဒီနေရာမှာ နိုင်ငံငယ်လေးတွေ မပြောနဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ ဆိုဗီယက်ယူနီယံဟာ စစ်အေးကာလနိဂုံးအဆုံးသတ် ကာလမှာ ကြီးကြီးကျယ်ကျယ် မြေပုံအပြောင်းအလဲ ဖြစ်ခဲ့တာပဲ။ ထိုနည်းလည်းကောင်း၊ မြန်မာပြည်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အိန္ဒိယကို ကြည့်မလား။ ကိုလိုနီခေတ်မြေပုံအပြောင်းအလဲကို မပြောသေးဘူး။ ဒုတိယကမ္ဘာ စစ်အပြီး အိန္ဒိယတိုက်ငယ်အတွင်းမှာ၊ ဟိန္ဒူနဲ့ မွတ်ဆလင် လူ့အဖွဲ့အစည်းအကြား မစေ့စပ်နိုင်လို့ ကွဲထွက်သွားတဲ့ မြေပုံအပဲ့ကြီးဟာ ကြီးကြီးမားမား။ ပါကစ္စတန်ဟာ အိန္ဒိယနဲ့ ၁၉၄၇ ခုနှစ်မှာ ခွဲထွက်တယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၇၁ ခုနှစ်မှာ ခွဲထွက်တယ်။ သွေးချောင်းစီးပွဲတွေကို ကာဆီးဖို့၊ မြေကို အပဲ့ခံလိုက်ရတာပဲ။ အလားတူပဲ တရုတ် လည်း ဘာထူးသလဲ။

▄ ပီအာစီ နဲ့ ထိုင်ဝမ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမထူထောင်ခင် (PRC) ၁၉၄၉ ခုနှစ်ရှေ့ပိုင်းမှာ ရွေ့နေတဲ့ နိုင်ငံရေးမြေပုံ၊ စစ်ရေးမြေပုံ တွေက အမြောက်အမြားပါပဲ။ တရုတ်ဟာ ဗြိတိသျှနိုင်ငံတစ်ခုတည်းရဲ့ ကိုလိုနီအဖြစ် မခံရပဲ၊ တခြားသော နယ်ချဲ့ကိုလိုနီနိုင်ငံတွေရဲ့ ဝေခြမ်းခွဲဝေမှုကို ခံရဖို့ တရုတ်နိုင်ငံဟာ မြေပုံတွေ အစိတ်အစိတ် အဖြာဖြာ ဖြစ်ခဲ့တယ်။ တရုတ်ပြည်ရဲ့ ပဒေသရာဇ်၊ ဧကရာဇ် စစ်မင်းတွေ လက်ထက်တွေကိုလည်း ကြည့်လိုက်ပါအုံး။ ဖြစ်ပျက်ခဲ့တဲ့ မြေပုံအပြောင်းအလဲတွေဟာ ဒုနဲ့ ဒေး။ တရုတ်သမိုင်း ပညာရှင်တွေတောင် ဒီမြေပုံအပြောင်းအလဲတွေကို မမှတ်မိနိုင်လောက်အောင် များပြား ရှုပ်ထွေးခဲ့တယ်။ တရုတ်နီနဲ့ တရုတ်ဖြူတို့အကြား ပြည်တွင်းစစ်ကလည်း တရုတ်နိုင်ငံရဲ့မြေပုံအပြောင်းအလဲကို ဖြစ်စေခဲ့တယ်။ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တရုတ်တို့ရဲ့ မြေပုံဟာ အခုထိ ခြားနေသေးတယ်။ ဒါတောင် ပြည်မကြီးက ဟောင်ကောင်နဲ့ မကာအိုတို့ကို ပြန်ပြီးပိုင်ဆိုင်ထားနိုင်လို့ တော်သေး တယ်။ သို့သော်လည်း ဟောင်ကောင်နဲ့ မကာအိုတို့ကို တရုတ်ကွန်မြူနစ်အစိုးရဟာ နယ်မြေအရ ပိုင်စိုးထားပေမယ့် ၊ ယဉ်ကျေးမှုအရ အုပ်ထိန်းနိုင်လို့လား။ မအုပ်ထိန်းနိုင်ပါဘူး။ ဒီဆိပ်ကမ်းမြို့ကြီးတွေက တရုတ်လူထုဟာ နိုင်ငံရေး အရ မလွတ်လပ်ပေမယ့်၊ ယဉ်ကျေးမှု အရ လွတ်လပ်နေတယ်။ အတွေးအခေါ်အရ လွတ်မြောက်နေတဲ့သူတွေ ဖြစ်တယ်။

▄ ဘယ်သူ အတပ်ဟောနိုင်သလဲ

မြန်မာပြည်ဟာလည်း ၂၀၃၀ လောက်မှာ ဖြစ်ဖြစ်၊ ၂၀၅၀ ခုနှစ်လောက်မှာ ဖြစ်ဖြစ် လက်ရှိတည်ဆဲမြေပုံအတိုင်း ဖြစ်မယ်လို့ ဘယ်သူ ပြောနိုင်သလဲ။ ဘယ်ပညာရှင် အတပ်ဟောကိန်းထုတ်နိုင်သလဲ။ မရေရာတဲ့ အခြေအနေမျိုး မှာ၊ မြန်မာပြည်ဟာ ဖြစ်ချင်တာတွေ အကုန်ဖြစ်သွားနိုင်သလို၊ ထင်မှတ်မထားတာတွေလည်း အများကြီးဖြစ်နိုင် တယ်။ ပဒေသရာဇ်ခေတ်တွေတုန်းကလည်း မြန်မာပြည်ရဲ့ မြေပုံအပြောင်းအလဲဟာ စစ်ဘုရင်တွေရဲ့ အင်အား ဖြည့်ဆည်းမှုအလိုက် ပြောင်းလဲနေကြတာပါပဲ။ တရုတ်က စီးနင်းဝင်ရောက်လို့၊ မွန်ဂိုတာတာတွေက စီးနင်းဝင် ရောက်လို့ မြန်မာပြည် မြေပုံအပျက်ဖြစ်ခဲ့တာတွေလည်း ခေတ်ဟောင်း ပဒေသရာဇ်သမိုင်းမှာ အထင်အရှားပဲ ကြုံခဲ့ပြီးပါပြီ။

▄ လတ်တလောသမိုင်း

ကိုလိုနီနယ်ချဲ့ဝင်လာတော့လည်း၊ မြန်မာပြည်ဟာ ၁၈၂၆ ခုနှစ်မှာ မြေပုံအပြောင်းအလဲ ဖြစ်တယ်။ ၁၈၅၂ ခုနှစ်မှာ မြေပုံအပြောင်းအလဲ ဖြစ်ပြန်တယ်။ ၁၈၈၆ ခုနှစ်ကျတော့ မြန်မာပြည်ရဲ့ မြေပုံအပြောင်းအလဲဟာ အားလုံး အိတ်သွန်ဖာမှောက် ပြောင်းလဲတဲ့အထိဖြစ်တယ်။ “ခွဲရေးတွဲရေး” ကာလရောက်တော့ မြေပုံအပြောင်း အလဲ ထပ်ဖြစ်ပြန်တယ်။ အင်္ဂလိပ်အထွက်၊ ဂျပန်အဝင်မှာလည်း မြေပုံတွေ ပြောင်းလဲပြန်တယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ လူမျိုးစုခေါင်းဆောင်တွေဟာ ညီညွတ်ခဲ့ကြလို့ “ပင်လုံစာချုပ်” နဲ့ မြေပုံ အပြောင်းအလဲဖြစ်ခြင်းကနေ ကာကွယ်နိုင်ခဲ့တယ်။ သို့သော်လည်း အခြေအနေအရ ဆွဲစေ့၊ စွဲကပ်ထားတဲ့ ပုံစံသာ ဖြစ်တယ်။ တကယ်ပေါင်းစည်းမှုမျိုး မဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာ စစ်အစိုးရအဆက်ဆက်က “holding together” လုပ်ပြီး အတင်းအကျပ်စုစည်းခဲ့လို့ ၊ ယခုတည်ဆဲမြေပုံဖြစ်နေတယ်။ ဒါတောင် ပါလီမန်ခေတ်နှောင်းပိုင်းမှာ၊ တရုတ်နဲ့ မြန်မာနယ်စပ် စည်းကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့လို့ တော်သေးတယ်။ သို့မဟုတ်ရင် တရုတ်နဲ့ မြန်မာအကြားမှာလည်း မြေပုံမျဉ်းဟာ အတည်တကျ မဖြစ်ဘဲ၊ နယ်နိမိတ်ကျူးကျော်ခုခံတဲ့စစ်ပွဲတွေ ဆင်နွှဲနေရ အုံးမယ် ထင်တယ်။

▄ မြေပုံအပြောင်းအလဲအတွက် အပံ့အပိုး

တော်လှန်ရေးတွေဟာ မြေပုံအပြောင်းအလဲကို ဖြစ်စေလိမ့်မယ်။ နိုင်ငံရေးတွေဟာ မြေပုံအပြောင်းအလဲကို ဖြစ်စေ လိမ့်မယ်။ စစ်ပွဲတွေဟာ မြေပုံအပြောင်းအလဲကို ဖြစ်စေလိမ့်မယ်။ မြန်မာပြည်ရဲ့ မြေပုံသမိုင်းကို အထူးလေ့လာရင် သိပ်ကောင်းမယ်။ လေ့လာပြီးသားတွေ ရှိကောင်းရှိနိုင်ပေမယ့်၊ သိပ်များများစားစား ရှိဟန်မတူဘူး။ လူထုကလည်း ကျယ်ကျယ်ပြန့်ပြန့် သိနားလည်တဲ့သဘော မရှိဘူး။

▄ ကိုရီးယား – ဗီယက်နမ် – မလေးရှား – စင်္ကာပူ

ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကြောင့် ပြောင်းလဲခဲ့တဲ့ မြေပုံဟောင်းတွေ ရှိတယ်။ နိုင်ငံတွင်း နိုင်ငံရေး အင်အားစုတွေကြောင့် အသစ်ပေါ်ထွန်းလာတဲ့ မြေပုံသစ်တွေ ရှိတယ်။ ကိုရီးယားဟာ ထင်ရှားသော သာဓကပဲ။ ၃၈ – မျဉ်းပြိုင်နဲ့ ခွဲခြားပိုင်းဖြတ်ထားခြင်းခံရတဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဟာ အခုထိ မြေပုံအသစ်မှာ နေထိုင်ကြတဲ့သူတွေပဲ။ ဒါတောင် ဗီယက်နမ်က ဟိုချီမင်းရဲ့ ကျေးဇူး၊ ဗီယက်ကောင်းတွေရဲ့ ကျေးဇူးနဲ့ တောင်ဗီယက်နမ် မြောက်ဗီယက်နမ် ဖြစ်မသွားတာ။ စစ်အေးခေတ် အာဏာအားပြိုင်လွန်ဆွဲပွဲမှာ၊ တဒင်္ဂပြောင်းလဲ ခဲ့တဲ့ မြေပုံသစ်ကို ဟိုချီမင်းက ဆွဲစေ့နိုင်ခဲ့တယ်။ မလေးရှားနဲ့ စင်္ကာပူရဲ့ မြေပုံအပြောင်းအလဲကို တစ်ချက်ကြည့်။ ၁၉၆၅ ဩဂုတ်လ ၉ ရက်နေ့မှာ မလေးရှားမြေပုံအပြောင်းအလဲဖြစ်တယ်။ စင်္ကာပူဟာ နိုင်ငံသစ်အနေနဲ့ ပေါ်ထွန်း လာတယ်။ တည်ဆဲ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အင်ဒိုချိုင်းနားဒေသတွေမှာ မြေပုံအပြောင်းအလဲဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေ ချည်းပဲ။ အဲသည့်အထဲမှာလည်း မြန်မာပါတယ်။ မြန်မာအတွက် မြေပုံအပြောင်းအလဲကိစ္စဟာ မထူးဆန်း ဘူးလို့ ပြောနိုင်တယ်။ သို့သော်လည်း တချို့တွေ အတွက်တော့ ထူးဆန်းနိုင်တယ်။

▄ မြေချစ်အမျိုးသားရေးဝါဒီ

မြန်မာပြည်မှာ၊ “တို့မြေကို တစ်လက်မမှ အကျူးကျော်မခံ” မြေချစ်အမျိုးသားရေးဝါဒီတွေနဲ့ “လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုမှ မပေးရင်ခွဲထွက်မယ်ဆိုတဲ့” ဖက်ဒရယ်လစ်ဝါဒီတွေအကြား စစ်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ တွက်ဆရတယ်။ သို့သော် အမျိုးသားရေးဝါဒီတွေနဲ့ ခွဲထွက်ရေးဝါဒီတွေအကြား စစ်ရေးပဋိပက္ခရှိပေမယ့်၊ ခွဲထွက်ရေးအာဂျင်ဒါ ထိပ်ဆုံးတက်လာရလောက်အောင် မကျယ်လောင်သေးဘူး။ ဒီအသံဟာ သိပ်မကြာခင်နှစ် ကာလတွေအတွင်းမှာ ကျယ်ကျယ်လောင်လောင် ကြားရလိမ့်မယ်လို့ ယူဆရတယ်။ အထူးသဖြင့် ဖက်ဒရယ်လစ် ဝါဒီတွေထဲမှာ ဘယ်လူမျိုး၊ ဘယ်ပြည်နယ်က စပြီး စွန့်ဦးတီထွင် ရှေ့ဆောင်မယ်လို့ ယူဆရပါသလဲ။ “ရခိုင်” ဖြစ်ဖို့ များပါတယ်။ “ရခိုင်” ဖြစ်ဖို့ အလားအလာရှိပါတယ်။

▄ ရက္ခိုင်နိုင်ငံတော်

ရခိုင်တွေမှာ အိပ်မက်လည်း ရှိထားပြီးပြီ။ လက်တွေ့ အကောင်အထည်ဖော်နိုင်စွမ်းလည်း အလုံအလောက် ဖြည့်ဆည်းထားပြီးပြီ။ ဒီနေရာမှာ ပထဝီနိုင်ငံရေးအရ ရခိုင်က အားသာချက် ရှိနေသလို၊ ပထဝီစီးပွားရေးအရလည်း အနာဂတ်နိုင်ငံတော်အတွက် အတော်အလားအလာ ရှိတဲ့ ဒေသဖြစ်တယ်။ လက်ရှိ ရခိုင်မှာ စစ်ရေးနဲ့ နိုင်ငံရေးကို ဦးဆောင်နေတာက “ရက္ခိုင့်တပ်တော်” ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) ဟာ မြန်မာပြည်လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေထဲမှာ သက်တမ်းအနုဆုံး အဖွဲ့လို့ ပြောနိုင်တယ်။ နောက်ကျမှ မွေးတယ်ပေါ့။ နောက်ကျမှ မွေးတဲ့သူကို “နွားအိုနောက်ကျသား” (စကားချပ် – ဒီစကားလုံးဟာ နှိမ်ချသောအသုံးမဟုတ်) လို့ ပြောလို့ ရပေမယ့်၊ အဲသည့် “အငယ်ဆုံးကလေး” တွေကပဲ ရှေ့လူတွေကို ကျော်ပြီး ထူးချွန်ပေါက်မြောက်သွားကြတာ ထုံးစံပဲ။

▄ အချိန်လက်ကျန်တွေ အများကြီး

နောက်ထပ်ကြည့်လိုက်ရင်လည်း ဖက်ဒရယ်လစ်ဝါဒီတွေထဲမှာ – ကွန်ဖက်ဒရေးရှင်းကို စအော်တာ၊ ရခိုင်က ဖြစ်ပါ တယ်။ ၂၁ ရာစုဟာ ပြီးစီးဖို့ လိုပါသေးတယ်။ ရက္ခိုင့်တပ်တော်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဒေါက်တာညိုထွန်းအောင်တို့ကို ကြည့်။ သူတို့ဟာ အခုမှ အသက် (၄၀) ဝန်းကျင်လောက်ပဲ ရှိသေးတဲ့ လူလတ်ပိုင်းတွေ။ အချိန်တွေ အများကြီး ကျန်သေးတယ်။ သူတို့ရဲ့ ရက္ခိုင်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သဘာဝက အချိန်လက်ကျန်တွေ အများကြီးပေးထားတယ်။ လက်ရှိအချိန်ကို နောက်ထပ် နှစ် (၃၀) ပေါင်းထည့် ကြည့်။ ၂၀၅၀ ခုနှစ်လောက်အတွင်းမှာ၊ မြန်မာပြည်ဟာ တည်ဆဲမြေပုံအတိုင်း ဆက်ရှိနေနိုင်မယ်လို့ ဘယ်သူ တပ်အပ်ပြောနိုင်သလဲ။

▄ သေနတ်က မလုပ်နိုင်ဘူး

တည်ဆဲမြေပုံကို မပဲ့မကြွေတည်တံ့အောင် လုပ်တဲ့နေရာမှာ၊ စစ်ရေးအင်အားနဲ့ချည်း တည်ဆောက်လို့ မရဘူး ဆိုတာ “နလပိန်းတုံး” တွေ မသိဘူး။ ယဉ်ကျေးမှုအရ ဆွဲကပ်မှုတွေ၊ အမျိုးသားရေးအရ သိမ်မွေ့စွာ တည်ဆောက် ရမယ့်အပိုင်းတွေ အများကြီး ပါဝင်နေတယ်။ အမာထည်ပိုင်းမှာ တည်ဆောက်ရသလို၊ အပျော့ထည်ပိုင်းမှာလည်း လူမျိုးရေးကော်စေး၊ လူမှုကော်စေးနဲ့ စီးပွားရေးကော်စေး၊ နိုင်ငံရေးကော်စေးတွေကို “ကပ်အား” ပိုကောင်းအောင် လုပ်ဆောင်ကြရတယ်။ ဒါကို လက်နက်က မလုပ်နိုင်ဘူး။ သေနတ်က မလုပ်နိုင်ဘူး ဆိုတာ နားလည်အပ်တယ်။ သေနတ်သာ အခရာ၊ လက်နက်သာပဓာနဆိုတဲ့ ကိုယ့်မြေတစ်လက်မမှ အပဲ့ကြွေ မခံ ဆိုတဲ့ အမျိုးသားရေးဝါဒီ တွေက၊ အကျိုးစီးပွားကျေးကျွန်ဖြစ်ပြီး အိမ်ကြီးပေါ် အိမ်ငယ်ဆောက်ပြီး၊ တရုတ်ရဲ့ ကျူးကျော်မှုကို လက်သင့်ခံ အားပေးနေသူတွေဆိုတာ ဘယ်သူ သတိထားမိသလဲ။

▄ စစ်မျက်နှာပေါင်းစုံ ဖွင့်နေရ

လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲသက်သက်သာ ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးအပြောင်းအလဲနဲ့ အတူ စစ်ပွဲတွေ စတင်လာပြီ။ တိုက်ပွဲတွေ ပြင်းထန်လာပြီ။ တော်လှန်ရေးကလည်း တောင်ပေါ်မြေပြန့်မခွဲဘဲ၊ တညီတညွတ်တည်းနီးပါး အပြောင်းအလဲဖြစ်နေတယ်။ လက်ရှိ မြန်မာစစ်တပ်ဟာ စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံတကာသံခင်းတမန်ခင်းအရ — နေရာအားလုံးကို အာရုံစိုက်နေရလို့၊ နေရာအားလုံးမှာ အားလျော့နေတယ်။ စစ်ရေးမှာဆိုရင် မြို့ကြီးနဲ့ မြို့နယ်တွေ၊ နယ်မြို့တွေ၊ ကျေးလက်ဒေသက မြို့ငယ်တွေ။ နယ်စပ်၊ တောင်ပေါ်၊ မြေပြန့်၊ မြေလတ်၊ တောင်တန်းဒေသ — အားလုံးမှာ “စစ်ပူ” နေလို့၊ စစ်မျက်နှာစာအားလုံး ကို ဖွင့်နေရတယ်။ စစ်မျက်နှာတွေ ဖွင့်တိုက်ရတာများလေလေ၊ စစ်ရေးအင်အားနိမ့်လေလေဆိုတာဟာ လူပိန်းတောင် သိတယ်။ ဒီတော့ ဒီအခွင့်အရေးဟာ နွေဦးတော်လှန်ရေးအင်အားစုတွေအတွက် တကယ့်အားသာချက်ဖြစ်သလို၊ ဖက်ဒရယ်လစ်ဝါဒီတွေနဲ့ ခွဲထွက်ရေးဝါဒီတွေအတွက် အခွင့်ကောင်းပဲ ဖြစ်တယ်လို့ ပြောရင်ရတယ်။ ဒီအခွင့်ဟာ နှစ်ခါမရဘူးလို့လည်း ဆိုင်ရာလူမျိုးစုခေါင်းဆောင်တွေက သိနားလည်ထားပြီးဖြစ်တယ်။ သို့သော်လည်း ကာယကံ မြောက် လုပ်ဆောင်မှုတွေကိုတော့ များများစားစား မတွေ့ရသေးပါ။ နောင်လာမယ့်ကာလတွေမှာ တွေ့ရလိမ့်မယ် လို့လည်း တွက်ဆရပါတယ်။

▄ လွတ်လပ်ခွင့်ပေးမလား – မြေပုံကို အပဲ့ခံမလား

ဗမာအင်အားစုတွေထဲမှာတောင် အယူအဆတချို့ ထိုးထွက်လာတာတွေ့ရတယ်။ လွတ်လပ်ခွင့်မှ မရင် ခွဲထွက်ကြ ရုံပေါ့…တဲ့။ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ တန်းတူညီမျှခွင့်ကို ပေးမလား၊ မြေပုံကို အပဲ့ခံမလား။ နှစ်ခုတည်းက တစ်ခုရွေး။ အဲသည့်နှစ်ခုစလုံးထဲက တစ်ခုမှလည်း မပေးချင်ဘဲ၊ လက်နက်ဝါဒီ၊ အမျိုးသားရေးဝါဒီလာလုပ်လို့ ကတော့ – ဓား ဓားချင်း၊ လှံလှံချင်း ဆိုတဲ့ အယူအဆတွေ ခေတ်ထနေပါကြောင်း တင်ပြလိုက်ရပါတယ်။

ဘယ်သို့ဘယ်ပုံ စခန်းသွားကြမလဲ — ၂၁ ရာစု နှောင်းပိုင်းလောက်အထိ ကြည့်ခွင့်ရမယ့်သူတွေ အခု မွေးဖွားနေ သလို၊ ၂၁ ရာစု အလယ်ပိုင်း (၂၀၅၀) လောက်အထိ ကြည့်မြင်ခွင့်ရမယ့်သူတွေ ခပ်များများ ရှိနေပါတယ်။ လာမယ့် ဆယ်နှစ်အတွင်း (၂၀၃၀) လောက်မှ ဖြစ်ပျက်မယ့် လတ်တလော အခင်းအကျင်းတွေလည်း များစွာ မြင်နေရ ပါတယ်။

မင်းသေ့ ရေးတယ်။ 

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၁